ဒုတိယကမ္ဘာစစ်အပြီး ဂျပန်လက်နက်ချသည့်နေ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာ တွင် စစ်အတွင်း ဂျပန်၏ ကျူးလွန်မှု များအတွက် အလွန်အမင်း ဝမ်းနည်းကြောင်း ထုတ်ဖော်ကြေညာကာ၊ နောင်မျိုးဆက်သစ်များ အနေနှင့် အမြဲတောင်းပန်စရာ မလိုဟု ပြောဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ်အာဘေး အပေါ် ထောက်ခံမှုများ ခုန်တက်လာသည်ကို စစ်တမ်းကောက်ရာတွင် တွေ့ရှိရသည်ဟု Reuters သတင်း တွင် ဖော်ပြထားသည်။
စစ်နှင့်ပတ်သက်၍ ယခင်ကတည်းက တရားဝင် တောင်းပန်ခဲ့မှုများကို ၎င်းအနေနှင့် ဆက်လက်တာဝန်ယူ ထားသော်လည်း လာမည့်မျိုးဆက်များ အနေနှင့် အတိတ်က အမှားများအတွက် ဆက်လက်တောင်းပန် စရာ မလိုတော့ဟု ဂျပန်ဝန်ကြီးချုပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
စနေနေ့က ထုတ်ပြန်သော Kyodo သတင်းဌာန၏ လေ့လာမှုစစ်တမ်းတွင် ဝန်ကြီးချုပ်အာဘေး အစိုးရ အပေါ် ထောက်ခံမှုသည် ဇူလိုင်လက ၃၇ ဒသမ ၇ ရာခိုင်နှုန်း ရှိရာမှ ၄၃ ဒသမ ၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ရာ စက်တင်ဘာလ ရွေးကောက်ပွဲတွင် လစ်ဘရယ် ဒီမိုကရက်ပါတီ ခေါင်းဆောင်အဖြစ် မစ္စတာအာဘေး ထပ်မံအောင်ပွဲခံမည်ဟူသော အမြင် ပိုမိုခိုင်မာသွားသည့် လက္ခဏာ ရှိသည်။
သဘောမတူသည့် ရာခိုင်နှုန်း ပိုများနေသေးသော်လည်း ၅ ရာခိုင်နှုန်း ကျဆင်းကာ ၄၆ ဒသမ ၄ ရာခိုင် နှုန်းသို့ လျော့ကျသွားသည်ဟု ဆိုသည်။
နှစ် ၇၀ မြောက် မိန့်ခွန်းအပေါ် နှစ်ခြိုက်မှု သဘောထားမှာ ၄၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး မနှစ်ခြိုက်သူ ၃၇ ရာခိုင်နှုန်း ရှိသည်။
ဂျပန်၏ မိတ်ဆွေ နိုင်ငံတစ်ခုကို ကူညီရန် ပင်လယ်ရပ်ခြားသို့ စစ်ထွက်ခြင်းအား တားမြစ်မှုကို ရုပ်သိမ်း သည့် ဥပဒေသည် စစ်ပြီးကာလ ပစိဖိတ် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မည်ဟု ပညာရှင် များက လွှတ်တော်သို့ ဇွန်လက ပြောကြားခဲ့ပြီးနောက် အာဘေး၏ လူကြိုက်များမှု စတင်ကျဆင်းခဲ့သည်။
ယင်းဥပဒေကို ဇူလိုင်လက အောက်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးနောက် ယခုအခါ အထက်လွှတ်တော် တွင် အတည်ပြုရန် ကျန်သေးသော်လည်း ထောက်ခံမှုများ ရရှိထားပြီဟု သိရှိရသည်။
The Voice Weekly
No comments:
Post a Comment