Thursday, August 14, 2014

နိုင်ငံရေးအင်အားစုများ ညှိနှိုင်းမှုရလဒ်ဖြင့် အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု FDA နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ထည့်သွင်း


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် သုံးလအတွင်း ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး အင်အားစုများ၏ ညှိနှိုင်းမှုရလဒ်ဖြင့် အခြေခံဥပဒေ ပြင်ဆင်မည်ဟု ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) ၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ထည့်သွင်းထားကြောင်း FDA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့က နိုင်ငံရေးပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသော FDA ၏ နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် ထုတ်ပြန်သော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ All Stakeholders များ၏ အများစု သဘောဆန္ဒတို့မှ ရရှိသော ညှိနှိုင်းမှု ရလဒ်တို့ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား ပြည်သူအားလုံးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မွေးရာပါ အခွင့်အရေးများကို အာမခံချက် ရရှိစေမည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ထူထောင်ရေးအတွက် နိုင်ငံရေးပြဿနာမျာကို ညှိနှိုင်း အဖြေရှာရမည် ဖြစ်ပြီး ထိုမှတစ်ဆင့် အများသဘောတူမှု ရရှိလာသည့် အခြေခံမူဘောင် အတည်ပြုချက် များကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားမည်ဟု FDA နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ပါရှိသည်။

အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက် ဆွေးနွေးရန်နှင့် ဆွေးနွေးပွဲ ပြင်ပ အခြားနိုင်ငံရေး အင်အားစုများက ပေးပို့လာမည့် အကြံပြုချက်၊ သဘောထား ထုတ်ပြန်ချက်၊ ပညာရပ်ပိုင်းဆိုင်ရာ တင်ပြချက်များကို လေ့လာစိစစ်ရမည် ဖြစ်ကြောင်း FDA နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ထည့်သွင်းထား သည်။

သို့သော်လည်း အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်သည် FDA ၏ သဘောထားဖြစ်ပြီး အစိုးရ၊ NCCT နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးမှသာ မူဘောင်တစ်ခု အတည်ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ထံမှ သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် သြဂုတ်လ တတိယပတ်အတွင်း ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးရန် မူအားဖြင့် သဘောတူ ညီထားကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား သဘောတူညီထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List