Thursday, August 14, 2014

အမျှအတမ်း မဝေသေးခြင်းကြောင့် "အမျှဝေပါအဖေ" ရုပ်ရှင်ဇာတ်ကား မရိုက်ဖြစ်သေးဟု ဒါရိုက်တာအဏ်ထော်ဏီဆို


ရှစ်လေးလုံး အရေးအခင်း၌ ပါဝင်လှုပ်ရှားခဲ့သည့် ရှစ်တန်းကျောင်းသူ မဝင်းမော်ဦး နှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အဏ်ထော်ဏီက သြဂုတ်လတွင် ရိုက်ကူးမည်ဟု စီစဉ် ထားသော်လည်း မဝင်းမော်ဦးက ၎င်းမကွယ်လွန်ခင်က  စစ်မှန်သည့် ဒီမိုကရေစီ ရရှိမှသာ အမျှဝေရန် ပြောကြားခဲ့ခြင်းကြောင့် ယနေ့အချိန်အထိ ဖခင်က အမျှမဝေသေးခြင်းကြောင့် ရိုက်ကူးမှု မပြုနိုင်သေးဟု မဇ္စျိမကိုပြောသည်။

"ဒီဇာတ်ကားကို ရိုက်ဖို့ ကျွန်တော့်အနေနဲ့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် မဝင်းမော်ဦးရဲ့ မိဘတွေက အမျှအတမ်း မဝေသေးတော့ ရိုက်ကူးဖို့ ခက်နေရပါတယ်။ ကြိုတင်ပြီး တခြားဇာတ်တွေကို ရိုက်လို့ရပေ မယ့် ဘယ်နေ့ဘယ်အချိန် အမျှဝေမှန်း မသိဘူးလေ"ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် ဒါရိုက်တာအဏ်ထော်ဏီသည် လက်ရှိ ၌ ရိုက်ကူးပြီးစီးထားသည့် "ရောင်နီဦးသို့ လင်းရောင်ခြည်နှင့် အတူ" လေယာဉ်ပြန်ပေးဆွဲ ဇာတ်ကားကို ၂ဝ၁၄ ခုနှစ် ရုံတင်ပြသပြီး ပါက မဝင်းမော်ဦး၏ ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်သည့် "အမျှဝေပါ အဖေ" ဇာတ်ကားကို ရိုက်ကူးခွင့် တင်မည်ဟု ပြောသည်။

ယင်းဇာတ်ကား၏ဇာတ်သိမ်းပိုင်းတွင် မဝင်းမော်ဦး၏ မိဘများက အမျှအတမ်းဝေသည့် အခန်းများ ပါဝင်နေခြင်းကြောင့် ဒါရိုက်တာအဏ်ထော်ဏီ အနေဖြင့် ရိုက်ကူးရန် အခက်ကြုံနေရခြင်း ဖြစ်သည်။

မဝင်းမော်ဦး၏ဖခင် ဦးဝင်းကြူက "သမီးဆုံးတာ ၂၆ နှစ်ပြည့်တော့မှာပါ။ ထုံးစံအတိုင်းနှစ်စဉ်နှစ်တိုင်း မိဘအိမ်မှာ အခမ်းအနား ပွဲလေးလုပ်ဖြစ်မှာပါ။ သူဆုံးတဲ့ နှစ်ပတ်လည် တစ်နှစ်ပြည့်ကနေပြီး အခု ၂၆ နှစ်အထိ နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ် အခမ်းအနားလေးလုပ်ဖြစ်တယ်။ အမျှကတော့ သူမှာခဲ့တဲ့ အတိုင်း ဒီမိုကရေစီအစစ်အမှန်ရမှ ဝေမှာပါ။ ဒီမိုကရေစီအစစ်အမှန်ဆိုတာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိုက်သင့်သလောက်ပြင်ပြီးရင်တော့ အမျှဝေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခု ကတော့ သမီးကို ပေးထားတဲ့ကတိအတိုင်း ဒီမိုကရေစီအစစ် အမှန်မရသေးလို့ အမျှမဝေဖြစ်သေးတာ ပါ။" ဟု ၎င်းက ပြောသည်။

မြန်မာများ၏ ဓလေ့ထုံးစံများအရ ကွယ်လွန်သွားသူ ရက်သတ္တပတ်ပြည့်ပါက ရက်လည်ဆွမ်းသွတ်အမျှ ဝေခြင်းများပြုလုပ်ရသည့် ထုံးစံရှိသော်လည်း မဝင်းမော်ဦး ၏ နိုင်ငံအပေါ်ချစ်သည့် စိတ်ကြောင့် ဒီမို ကရေစီစစ်စစ် ရရှိမှသာ အမျှအတမ်းဝေမည် ဖြစ်သည်။

"အမျှဝေပါ အဖေ" ဇာတ်ကားတွင်မဝင်းမော်ဦးဖခင်နေ ရာ၌ အကယ်ဒမီ ဇင်ဝိုင်းကို ထည့်သွင်းရိုက်ကူး မည်ဖြစ်ပြီး အမေနေရာတွင်မူသင့်တော်မည့်သူကို ထည့်သွင်းကာ မဝင်းမော်ဦး နေရာတွင်သရုပ်ဆောင် သစ်တစ်ဦးကို ရွေးချယ်ထည့်သွင်းမည်ဖြစ်သည်။

မဝင်းမော်ဦးနှင့် ကျောင်းသားလူငယ်များသည်၁၉၈၈ခုနှစ်စက်တင်ဘာ ၁၉ရက်တွင် ကြည့်မြင်တိုင် အမှတ်(၄)အထက်တန်းကျောင်းမှ စတင်ထွက်ခွာလာခဲ့ပြီး ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် တွင် စစ်တပ်မှ ပစ်ခတ်ခဲ့ကြခြင်းကြောင့် သေနတ်ထိမှန်ပြီး ဆေးရုံသို့ပို့ဆောင်ပြီး နာရီအနည်းငယ်ကြာ ချိန်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မဝင်းမော်ဦးသည် ဦးဝင်းကြူ - ဒေါ်ခင်ဌေးဝင်းတို့မှ ၁၉၇၂ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် မွေးဖွား ခဲ့ပြီးမွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List