Thursday, August 14, 2014

မိုးတွင်းမှာပင် ရွှေတိဂုံစေတီသို့ ပြည်ပဧည့်အလာများ၊ တစ်နေ့လျှင် ဧည့်ဝင်ကြေး ကျပ်ခုနစ်သန်းကျော်ရှိ


မိုးတွင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ဧည့်လာရောက်မှု များပြားလာသည့်အတွက် ဇွန်လထက် ဇူလိုင်လတွင် တစ်ရက် ကျပ်တစ်သန်းကျော် ဧည့်ဝင်ကြေး ပိုမိုရရှိခဲ့ကြောင်း ရွှေတိဂုံဂေါပက အဖွဲ့က ထုတ်ပြန်ထားသည်။

မိုးအဆက်မပြတ် ရွာသွန်းနေသော်လည်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားဧည့်သည်လာရောက်မှု ဇူလိုင်လတွင် ယခင်လထက် လူဦးရေ ၆,၈၅၁ ဦး ပိုမိုလာရောက်ခဲ့သည့်အတွက် ကျပ် ၅၄ သန်းကျော် ပိုမိုရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အထိ နိုင်ငံခြားသားဧည့်သည် ၂၉,၃၆၄ ဦး တစ်လ အတွင်း ဧည့်ဝင်ကြေး ကျပ် ၂၃၄,၉၁၂,၀၀၀ ရရှိခဲ့၍ တစ်ရက် ပျမ်းမျှ ကျပ်ခုနစ်သန်းကျော် ရရှိခဲ့သည်။

ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမှ ၆,၇၂၄ ဦး၊ ကိုရီးယားနိုင်ငံမှ ၃,၀၀၇ ဦး၊ ဂျပန်နိုင်ငံမှ ၂၈၉၄ ဦး၊ တရုတ်နိုင်ငံမှ ၃,၀၅၀ ဦးနှင့် ဂျာမနီနိုင်ငံမှ ၁,၆၆၇ ဦး လာရောက်ခဲ့သည်။ ဇွန်လအတွင်းတွင်မူ နိုင်ငံခြားသားဧည့်သည် ၂၂,၅၁၃ ဦးသာ ရောက်ရှိခဲ့ပြီး ဧည့်ဝင်ကြေး ကျပ် ၁၈၀,၁၀၄,၀၀၀ ရရှိခဲ့၍ တစ်ရက်ပျမ်းမျှ ဧည့်ဝင်ကြေး ကျပ်ခြောက်သန်း ရရှိခဲ့သည်။

ဂျပန်ဧည့်လမ်းညွှန် မဧရာသိန်းထွန်းက “မြန်မာ့မြို့ဟောင်းသုံးခုကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စ်ကိုက သတ်မှတ်လိုက်ပြီးတဲ့နောက် နိုင်ငံခြားသားဧည့်တွေ မြန်မာကို ပိုစိတ်ဝင်စားလာပြီး လာတာများလာတယ်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ ရောက်တာနဲ့ ရွှေတိဂုံဘုရားကို မဖြစ်မနေ သွားကြတယ်။အများဆုံးကတော့ ထိုင်းတွေပေါ့။ အခုဂျပန်တွေလည်း သွားကြပါတယ်”ဟု ပြောသည်။

ရွှေတိဂုံစေတီတော်အတွက် အလှူငွေ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁၄,၈၄၃ ရရှိခဲ့ပြီး ဇွန်လတွင် အမေရိကန်ဒေါ်လာ ၇,၀၉၀ ရရှိခဲ့သည်။

ဇွန်လ ၁ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံမှ ၄,၉၉၇ ဦး၊ ကိုရီးယားနိုင်ငံမှ ၁,၉၆၉ ဦး၊ တရုတ်နိုင်ငံမှ ၁,၆၆၆ ဦး၊ ဂျပန်နိုင်ငံမှ ၁,၄၆၁ ဦးနှင့် ဂျာမနီနိုင်ငံမှ ၁,၂၄၈ ဦးတို့ လာရောက်ခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ဧည့်ဝင်ကြေး ကျပ် ၈,၀၀၀ ကောက်ခံနေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List