Wednesday, August 13, 2014

တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကို ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိဟု အင်ဒိုနီးရှားသမ္မတသစ် ပြောကြား


အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် တရုတ်အကြား ပိုင်နက်အငြင်းပွားလျက်ရှိသော တောင်တရုတ် ပင်လယ် အရေးကိစ္စတွင် အင်ဒိုနီးရှားက စေ့စပ်ပေးရန် အဆင့်သင့် ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ သစ် ဝီဒိုဒိုက ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားသမ္မတသစ် ဝီဒိုဒိုကို ဂျပန်အဆာဟိ သတင်းစာက မေးမြန်းရာတွင် တင်းမာနေသော တောင်တရုတ်ပင်လယ်အရေး ပဋိပက္ခကို ၎င်းအနေနှင့် စစ်ရေးနည်းလမ်း မဟုတ်သော သံတမန်ရေး နည်းလမ်းဖြင့် အဖြေရှာခြင်းကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ပြော ကြားသည်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က ၎င်း၏ပိုင်နက် ဖြစ်ကြောင်း ပြောဆိုထားပြီး၊ အရှေ့တောင်အာရှ နိုင်ငံအချို့ဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် မလေးရှား နိုင်ငံများနှင့် ပိုက်နက် အငြင်းပွားလျက်ရှိသည်။

အင်ဒိုနီးရှားသည် တရုတ်နှင့် ပိုက်နက် အငြင်းပွားနေသည့် နိုင်ငံမဟုတ်ဘဲ အစဉ်အလာအရ ကြားဝင် စေ့စပ်သူအဖြစ် ရပ်တည်ခဲ့သောနိုင်ငံ ဖြစ်သည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်နှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအကြား Code of Conduct အမြန်ဆုံး ရေးဆွဲနိုင်ရန် အင်ဒိုနီးရှားက ကူညီမည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောကြားသည်။

မကြာခဏ တင်းမာမှု ဖြစ်ပွားလေ့ရှိသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ ရန်လိုသည့် လုပ်ရပ်များ ရပ်တန့်ရေးနှင့် ပတ်သက်သော အမေရိက၏ အဆိုပြုချက်ကို တရုတ်က ပယ်ချလိုက်ပြီးနောက် အင်ဒိုနီးရှားသမ္မတ၏ ကြားဝင် စေ့စပ်ပေးလိုကြောင်း ပြောစကား ထွက်ပေါ် လာခြင်းလည်း ဖြစ်သည်။

ထို့ပြင် အမေရိကသည် တောင်တရုတ်ပင်လယ် တင်းမာမှု မြင့်တက်စေရန် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေကြောင်းလည်း မြန်မာနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံဒေသတွင်း ဖိုရမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စွပ်စွဲပြောကြားလိုက်သည်။

တရုတ်သည် လွန်ခဲ့သောလလိုင်းက ဗီယက်နမ် ကမ်းရိုးတမ်းအနီးရှိ တရုတ် ရေနံတူးစင်ကို ဗီယက်နမ်နှင့် ပိုင်နက် အငြင်းပွားနေသည့် ဧရိယာအတွင်းသို့ ရွှေ့ပြောင်းခဲ့ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှု ပြင်းထန် ခဲ့ရပြီး၊ ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ 

တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့တို့ ပိုင်နက် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်သည် ကမ္ဘာ့ရေကြောင်း သွားလာမှုတွင် အချက်အခြာကျသော နေရာဖြစ်ပြီး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ များစွာရှိမည်ဟု ယူဆရသော နေရာဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List