Friday, August 15, 2014

့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ပဉ္စမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြားသည့် အဖွင့်စကား


(၁) ယနေ့ကြွရောက်လာကြတဲ့ NCCTမှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများနဲ့ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာသူများ အားလုံး ကို မင်္ဂလာပါ လို့ နူတ်ခွန်းဆက်ပါရစေ။

(၂) ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပြီဖြစ်ပြီး ကျွန်တော်တို့ အားလုံး ကြိုးစားနေကြတဲ့တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ဆိုတဲ့ သဘောတူညီချက်က မြန်မာ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပါ။ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ အရေးကြီးတဲ့ အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။ 

(၃) ကျွန်တော်တို့တစ်တွေဟာ အပစ်အခတ်ရပ်စဲရေး သက်သက်ကို ကြိုးစားနေကြတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် အဓိက အကျဆုံး ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို တက်လှမ်းနိုင်အောင် ခိုင်ခန့်တဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်နေကြတာဖြစ်ပါတယ်။ 

(၄) ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ပြီဆိုရင် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်နိုင် ဖို့ လိုအပ်ချက်တွေကို အကောင်အထည် ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံရေးဆွေးနွေးပွဲ တွေကျင်းပနိုင်ဖို့ အရေးကြီးတဲ့ အာမခံချက်တွေကို သဘောတူနိုင်မှာ ဖြစ်ပါတယ်။ 

(၅) ကျွန်တော်တို့ စဉ်းစားနေတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီအခြေခံ အုတ်မြစ် ကောင်းတွေ ချနိုင် ခဲ့မယ်ဆိုလို့ရှိရင် ၂၀၁၅ အပြီးမှာ ဘယ်အစိုးရတက်တက် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကို လက်ဆင့်ကမ်း အကောင်အထည်ဖော် သွားနိုင်မှာ ဖြစ်ပါတယ်။ 

(၆) ဒီလိုရည်ရွယ်ချက်ကောင်းတွေနဲ့ ကြိုးစားနေကြပေမယ့် နှစ်ဖက်လုံးမှာလည်း စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဒါကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သံသယတွေဖြစ်ပါတယ်။

(၇) တစ်ဖက်က လှည့်ဖြားသွားမလား၊ ငြိမ်းချမ်းရေးကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်မှာလား၊ ပြန်စစ် တိုက်ဖို့ လူ၊လက်နက်စုမှာလား စတဲ့ စိုးရိမ်ချက်တွေက နှစ်ဖက်လုံးမှာ ရှိကြပါတယ်။ ဒီစိုးရိမ်မှုတွေကို နည်းနိုင် သမျှ လျှော့ချနိုင်အောင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ပြီဆိုတာနဲ့ အကောင်အထည် ဖော်စရာတွေကလည်း အများကြီးရှိလာမှာ ဖြစ်ပါတယ်။

(၈) အခုလက်ရှိစိန်ခေါ်မှုတွေထက်ပိုတဲ့ အခက်အခဲတွေ၊ လုပ်ဆောင်စရာ တွေကလည်း အများကြီး ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

(၉) ငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက် အဓိက အကျဆုံးအရာကတော့ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးကို ရအောင်ယူမယ်ဆိုတဲ့ သံဓိဌာန် ရှိဖို့လိုပါတယ်။ အခုချိန်မှာတော့ ဒီဆန္ဒကို နှစ်ဖက်လုံးမှာ တွေ့နေ ရပြီဖြစ်ပါတယ်။

(၁၀) ဒီဆွေးနွေးပွဲဝိုင်းကို တက်လာကြတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပိုမိုတောက်ပတဲ့ အနာဂတ် အတွက်၊ မျိုးဆက်သစ် တိုင်းရင်းသား အားလုံးအတွက် အမွေကောင်းတွေ ချပေးဖို့ ကြိုးစားနေ ကြတဲ့ သူတွေလို့ ကျွန်တော်မြင်မိပါတယ်။ ဒီနေရာမှာ အားလုံးကို အသိပေးလိုတဲ့ အချက်တစ်ချက်ရှိပါ တယ်။ မနေ့က နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟို ကော်မတီ အစည်းအဝေး ကနေ ကျွန်တော်တို့လုပ်ငန်းကော်မတီအတွက် မူဝါဒတွေ ထပ်မံချပေး လိုက်တာ ရှိပါတယ်။ လုပ်ငန်းကော်မတီအနေနဲ့ ဆောင်ရွက်နိုင်တဲ့ မူဘောင်အတွင်းမှအကောင်းဆုံးဆောင်ရွက် သွားနိုင် ဖို့ဖြစ်ပါတယ်။ဒီနေ့နဲ့ မနက်ဖြန် ဆွေးနွေးပွဲများကနေ အားလုံးမျှော်လင့်တဲ့ ရလဒ်ကောင်းတွေ ရရှိမယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NCCT ဘက်ကလည်း လိုင်ဇာညီလာခံက မူဝါဒတွေ ပေးလိုက်ပြီးဖြစ်တဲ့ အတွက် ကျနော်တို့လိုပဲ အကောင်းဆုံး ညှိနှိုင်းဆောင် ရွက်နိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။

နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း နောင်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများမှာ “တိုင်းပြည် က ခွဲထွက်ခြင်း” နဲ့ “အချုပ်အခြာအာဏာကို ထိပါးစေမယ့် ကိစ္စရပ်“ များမှ လွဲပြီး ကျန်အချက်များကို ဆွေးနွေးနိုင်ဖို့ တံခါး ဖွင့်ထားပြီးဖြစ်ပါတယ်၊ ပြင်ဆင်နေတယ် ဆိုတာကို အကြိမ်ကြိမ် ပြောကြားပြီး ဖြစ်ပါတယ်။

(၁၁) နိဂုံးချုပ်အားဖြင့် ကျွန်တော့်တို့အနေနဲ့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်း တွေ ထွက်ပေါ်လာအောင် အတူတကွ ကြိုးစားသွားကြရအောင်လို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

Myanmar Peace Center

No comments:

Post a Comment

My Blog List