Friday, August 15, 2014

သီလ၀ါ အက်စ်အီးဇက် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပြည်သူများ ပိုင်ဆိုင်


မြန်မာသီလ၀ါ အက်စ်အီးဇက် ဟိုလ်ဒင်း ပတ်ဘလစ် လီမိတက် MTSH ရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို အများပြည်သူက ပိုင်ဆိုင်တယ်လို့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံမှာ မြန်မာသီလ၀ါ အက်(စ်)အီးဇက်ဟိုး (လ်)ဒင်း(စ်) ပတ်ဘလစ် လီမိတက်က လက်ရှိ ဆောင်ရွက် ထားရှိပြီးဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံပွဲကိုလည်း မြန်မာပြည်အနှံ့က အစုရှယ်ယာရှင်ပေါင်း ထောင်နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာသီလ၀ါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်း(စ်)ပတ်ဘလစ်လီ မိတက်ရဲ့ ဥက္ကဋ္ဌ၊ ဦးဝင်းအောင် က လက်ရှိ ရှယ်ယာပိုင်ဆိုင်ထားရှိမှုအခြေ အနေနဲ့ စပ်လျဉ်းပြီး မူလစတင် တည်ထောင်ခဲ့တဲ့ အများပိုင် ကုမ္ပဏီ ၉ ခုက ကုမ္ပဏီ၁ ခုကို ရှယ်ယာ ၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့် ရရှိပြီး ကျန်ရှိတဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကိုတော့ အများပြည်သူတွေကသာ ပိုင်ဆိုင်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစုရှယ်ယာတွေကို အများပြည်သူတွေ ၀ယ်ယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁ ရက်ကစပြီး အစု ၁ စုကို ကျပ် ၁ သောင်းနှုန်းနဲ့ အစုပေါင်း ၂ သန်းကျော် ရောင်းချမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ၀ယ်ယူမှုပမာဏက ခန့်မှန်းထားတာထက် ကျော်လွန်ပြီး အစုပေါင်း ၃ သန်း ၃ သိန်း ၁၇,၂၂၈ စု ရောင်းချနိုင်ခဲ့တဲ့အတွက် တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၃၃၁၇၂ ဒသာမ ၂၈ ရရှိထားပြီ ဖြစ်တယ်လို့ ဒါရိုက်တာအဖွဲ့ဝင် ဦးသိန်းဟန်က ငွေစာရင်းရှင်းတမ်းနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနောက် မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင် ကလည်း စီးပွားဇုန်နဲ့ ပတ်သက်လို့ ဖော်ဆောင်သွားမယ့် လုပ်ငန်းအခြေအနေ အပါအ၀င် ရှယ်ယာရှင်တွေရဲ့ အကျိုးခံစားခွင့်တွေနဲ့ စပ်လျဉ်းပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“အများပိုင် ကုမ္ပဏီကြီးကနေပြီးတော့ တိုက်ရိုက်အကျိုးအမြတ်ကို ရပါလိမ့်မယ်။ ဒါတင်မကသေးပဲ အများပိုင် ကုမ္ပဏီကြီးကနေပြီးတော့ အထူးစီးပွားရေးဇုန် ထဲမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီအများပိုင် ကုမ္ပဏီက တိုက်ရိုက် အကျိုးအမြတ်တွေကော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာပါ ရှယ်ယာဝင်ထားသူတွေဟာ ခံစားရမှာဖြစ်ပါတယ်။”

သီလ၀ါအထူးစီးပွားရေးဇုန်ကို လာမယ့် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကစလို့ စီးပွားဖြစ် စတင်လည်ပတ်နိုင် မယ်လို့ မျှော်မှန်းထားရှိပြီး မြန်မာနိုင်ငံမှာ ဒီစီးပွားရေးဇုန်က ပထမဆုံး နိုင်ငံတကာအဆင့်မီ တည်ဆောက် အကောင်အထည်ဖော်တဲ့စီမံကိန်းကြီးလည်းဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်း ၂ သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB

No comments:

Post a Comment

My Blog List