Tuesday, August 12, 2014

ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက်ဆန္ဒပြကိုယ်တော် ရန်ကုန်ရောက်


ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား ၂၉ ဦးကို ပြန်လွှတ်ပေးရန်ဟုဆိုကာ မကွေး ပရိယတိ္တစာသင် တိုက်မှ ဆရာတော် ဦးရက္ခ၀ံသသည် ပဲခူးမှ စတင်၍ ၄၅ ရက် ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပြီး သြဂုတ် ၁၁ ရက်က ရန်ကုန်သို့ ရောက်ရှိလာသည်။

“၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ သမ္မတကြီးက နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အခု လက်ရှိထောင်ထဲမှာ ၂၉ ယောက် ကျန်သေးတယ်။ သူတို့ကိုလွှတ်ပေးဖို့ ဆွမ်းဘုန်းမပေးဘဲ ဆန္ဒပြတောင်းဆိုတာပါ”ဟု ဆရာတော် ဦးရက္ခ၀ံသက မိန့်သည်။

သြဂုတ် ၈ ရက်မှ စတင်ကာ ပဲခူးဘုရားကြီးမှ ထွက်ခွာခဲ့ပြီး ၉ ရက်တွင် မြောက်ဒဂုံရှိ မကွေးကျောင်း တိုက်သို့ ရောက်ရှိခဲ့သည်။ အဆိုပါကျောင်းတိုက်တွင် ဆွမ်းငတ်ခံကာ ဆန်္ဒထုတ်ဖော်ခဲ့ပြီး ၁၁ ရက်တွင် ပုလဲမြို့သစ်မှ စတင်လမ်းလျှောက်ကာ လှည်းတန်းကျောင်းရှေ့မှ ဆင်မလိုက်လမ်းတလျှောက် ရန်ကုန်မြို့တော်ခန်းမ ရှေ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆရာတော်ဦးရက္ခ၀ံသနှင့်အတူ တောင်ဥက္ကလာပ ငွေကြာယံစာသင်တိုက်မှ ဆရာတော် ဦးဓမ္မသာရ ပါဝင်ပြီး ဒီမိုကရေစီ အင်အားစုအဖွဲ့မှ လှည်းတန်း အထက (၅) ကျောင်းရှေ့တွင် နံနက် ၁၂ နာရီခန့်က လာရောက်ကြိုဆို ခဲ့ကြသည်။

ဆွမ်းဘုန်းမပေးဘဲ ဆန္ဒထုတ်ဖော်ခြင်းကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် သြဂုတ်လတွင်တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် ရန်ကုန်မှ မန္တလေးသို့ ၂၀၁၃ ခုနှစ် သြဂုတ်တွင် တစ်ကြိမ်၊ တတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်တွင်းမှာပဲ မန္တလေး မဟာမြတ်မုနိဘုရားကြီးတွင် တစ်ကြိမ်၊ စတုတ္ထအကြိမ်အဖြစ် တောင်ကြီးမှ ရန်ကုန်သို့ လမ်းလျှောက်ခြင်း၊ ပဉ္စမအကြိမ် လွိုင်လင်ခရိုင်၊ ပင်လုံသို့ လမ်းလျှောက်ခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ ၆ ကြိမ်မြောက်ဖြစ်သည်။

ဆရာတော် ဦးရက္ခ၀ံသသည် သေဒဏ်ပေးခံ နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် သာယာဝတီထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List