Tuesday, August 12, 2014

သန်းခေါင်စာရင်း ကောက်ယူမရသော ရခိုင်နှင့် ကချင်ဒေသများ လူဦးရေစာရင်း ခန့်မှန်းထုတ်ပြန်မည်


ယခုလအတွင်း ထုတ်ပြန်မည့် ၂၀၁၄ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေး လူဦးရေစာရင်းတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့၏ လူဦးရေစာရင်းကို ခန့်မှန်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်များ ချမှတ်နိုင်ရေး အစိုးရနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ ရှေ့ပြေးလူဦးရေ စာရင်းကို သြဂုတ်လ နောက်ဆုံး ပတ်အတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကောက်ယူနိုင်ခြင်း မရှိသော ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် ၃ ခရိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရွာပေါင်း ၉၇ ရွာမှ လူဦးရေစာရင်းကို ခန့်မှန်းထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ရှေ့ပြေး ထုတ်ပြန်မည့် တစ်နိုင်ငံလုံး လူဦးစာရင်းသည် သန်းခေါင်စာရင်း ကောက်ကွက်များမှ စာရင်းများ၊ မွေးစာရင်း၊ သေစာရင်းများအရ ခန့်မှန်းထုတ်ပြန်ခြင်း ဖြစ်ပြီး ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်း အတိအကျကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်းခေါင်စာရင်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ကောက်ယူခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေ တည်ငြိမ်အေး ချမ်းမှု မရှိသော ဒေသများတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

My Blog List