Tuesday, August 12, 2014

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် နိုင်ငံရေးပါတီတို့ ဆွေးနွေးမှု မကျေမလည်ဖြစ်


မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများကို ဆွေးနွေးရန် အချိန်ပေးမှု နည်းပါးလွန်းသဖြင့် မကျေမလည် ဖြစ်ခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် ပါရှိရမည့် အချက်အလက်များကို နိုင်ငံရေးပါတီများက ပြောဆိုခွင့်အား ကိုယ်စားလှယ် တစ်ဦးလျှင် ငါးမိနစ်ခန့်သာ ပေးခဲ့သည်။

ကချင်အမျိုးသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးစီစီနော်ဂျာက “ပြဿနာဖြစ်လာတာတွေက အများကြီးကို အချိန် ငါးမိနစ်ဆိုတာက ကလေး ကစားစရာပဲ၊ ကျွန်တော်တို့က ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးဖို့ ရောက်လာတာ”ဟု ဆွေးနွေးပွဲတွင် ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီ ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

ဆွေးနွေးမှု အချိန်ပြည့်ပါက ခေါင်းလောင်းတီးကာ ရပ်တန့်ခိုင်းသဖြင့် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က မိမိတို့ ရရှိသည့် အချိန်အား “လှူဒါန်းသည်”ဟုဆိုကာ ဆွေးနွေးမှု မပြုတော့ကာ အခြားပါတီများကို ပြောဆိုခွင့်ပေးခဲ့သည်။

MPC အနေဖြင့် နိုင်ငံရေးပါတီခေါင်းဆောင်များကို ဖိတ်ကြားရာတွင်လည်း ဆွေးနွေးမည့် အကြောင်း အရာနှင့် ပတ်သက်၍ အချက်အလက်တစ်စုံတစ်ရာ ပေးပို့ထားခြင်း မရှိသဖြင့် နိုင်ငံရေးပါတီများမှ ဆွေးနွေးနိုင်မှု အားနည်းခဲ့သည်ဟု မဇိ္ဈမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီမှ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်းကလည်း မည်သည့် အကြောင်းအရာ အချက်အလက်အား ဆွေးနွေးမည်ကို မသိရှိခဲ့သဖြင့် တင်ပြဆွေးနွေးရန် အချက် အလက် မပါရှိခဲ့ပါဟု ပြောသည်။

အင်န်အယ်လ်ဒီမှ ဦးဉဏ်ဝင်းက “ကျွန်တော် အကြံပေးချင်တာကတော့ ဆွေးနွေးမယ်ဆိုရင် MPC အနေနဲ့ ပရိုပိုဆယ်တစ်ခုခုတော့ ရှိသင့်တယ်၊ ဆွေးနွေးကြပါဆိုပြီး ဘာကိုဆွေးနွေးရမှန်း မသိဘူး၊ MPC က ဒိုင်လူကြီး မဟုတ်ဘူး၊ ဆွေးနွေးမယ့် အကြောင်းအရာတစ်ခုကိုတော့ ထုတ်ပေးရမယ်၊ အဲ့ဒါမှ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်က ပီပီပြင်ပြင်ဖြစ်နိုင်မယ်”ဟု ဆိုသည်။

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF)ပါတီ တစ်ခုတည်းသာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အဆိုပြုချက်ကို တင်ပြနိုင်ခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်အား ခွဲထွက်စနစ်ဟု ဘာသာပြန်မမှားစေရန် မြန်မာမှုပြုရန်လည်း သဘော တူညီခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက “အကုန်လုံးကို ဖြေရှင်းပေးမှာပါ၊ ဖက်ဒရယ် စနစ်ဆိုတာကိုလည်း သွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ သမ္မတ ပြောတဲ့ အတိုင်း ခွဲထွက်ရေးကလွဲပြီး အကုန်လမ်းဖွင့် ပေးမှာပါ”ဟု ပြောသည်။

သမ္မတ၏ သတ်မှတ်ချက်အရ အပစ်ရပ်ပြီးနောက် ခြောက်လအတွင်း မူဘောင်အပြီး ရေးဆွဲရမည်ဖြစ်ပြီး သုံးလအကြာတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပါတီများ၊ ဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရ မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List