Friday, August 15, 2014

ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပမည်



စစ်ကြိုခေတ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လွတ်လပ်ရေး ရယူရန် ဖွဲ့စည်းထားသည့် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အရိုင်းဟု တင်စားခေါ်ဝေါ်ပြီး ဗိုလ်ချုပ်ရုပ်ပုံလွှာ အမည်ရှိ ဆောင်းပါးကို ရေးသား တင်ဆက်ခဲ့သည့် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဆရာကြီး နေထိုင်ရာ အောင်ပန်းမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဒဂုန်တာရာ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းဝင်းငြိမ်းက ပြောကြားသည်။
အဆိုပါ အခမ်းအနားကို အောင်ပန်းမြို့ရှိ အောက်ကျောင်း ဓမ္မာရုံတွင် ဒဂုန်တာရာ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီက ဦးစီး၍ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် သံဃာတော်များ ဆွမ်းကပ်ခြင်း၊ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပျဉ်းမနားမှ စာရေးဆရာများ၊ ကဗျာဆရာများက ဆရာကြီးကို ဂုဏ်ပြုသည့် ကဗျာများဖြင့် ဂုဏ်ပြုရေးဖွဲ့ ရွတ်ဆိုကြ မည်ဖြစ်ကာ ဆရာကြီး အရိုးအချို့ကို မြှုပ်နှံထားသော နေရာမှ တူးဖော်ပြီး ဆရာကြီး၏ ဂူဗိမာန်အတွင်း ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။ “ဗိမာန်က အကြမ်းထည်တွေ အကုန်ပြီးစီးနေပြီ။ အရိုးတချို့မြှုပ်နှံထားတဲ့ နေရာကနေ ဂူဗိမာန်ထဲကို ထည့်သွင်းသွားပါမယ်” ဟု ဦးထွန်းဝင်းငြိမ်းက ဆိုသည်။

ဆရာကြီး၏ တူမဒေါ်မြင့်မြင့်စိန်သည် လက်ရှိ ကိုးရီးယားနိုင်ငံသို့ ရောက်ရှိနေသောကြောင့် အောင်ပန်းမြို့ရှိ ဆရာကြီး၏ တပည့်များနှင့် ဒဂုန်တာရာ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီတို့က ဦးစီးပြီး တစ်နှစ်ပြည့် အခမ်းအနား အတွက် စီစဉ်နေခြင်း ဖြစ်ကြောင်း ဆရာကြီး ဒဂုန်တာရာ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ဆရာကြီး ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဖခင်ဦးအုံးခင်၊ မိခင်ဒေါ်ဖွားရှင်တို့က ကျိုက်လတ်မြို့ ထိုင်ကူမြစ်တန်းရွာတွင် မွေးဖွားခဲ့ကာ အသက် ၉၄ နှစ်အရွယ် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် အောင်ပန်းမြို့၌ ဈာပန ကျင်းပခဲ့ပြီး၊ ဆရာကြီး၏ ဂူဗိမာန်ကို အောင်ပန်းမြို့အဝင်ရှိ မယ်ခို တောင်ခါးပန်းတွင် ဈာပန ကော်မတီက မြေနေရာ ရွေးချယ်ခဲ့ပြီး ဂူဗိမာန် တည်ဆောက်လျက်ရှိရာ ယခုအခါ အကြမ်း ထည် ပြီးစီးနေပြီ ဖြစ်ပြီး အောက်တိုဘာလတွင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ဒဂုန်တာရာ ဂူဗိမာန် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List