Friday, August 15, 2014

သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တဲ့ မိစန္ဒီနှင့် တွေ့ဆုံခြင်း


“မိစန္ဒီတို့နိုင်ငံမှာ ပညာရှင်တွေရှားနေသေးတယ်”

နယ်ရော မြို့ရော ပညာတွေတတ်ဖို့ လိုအပ်နေသေးတယ်။ ဒါကတစ်မျိုးသားလုံး တိုးတက်မှ ပညာတတ်မှ လူမျိုးမြင့်မှာပါ။ လူတစ်ယောက် ဘ၀အတွက်ရယ် နိုင်ငံတစ်နိုင်ငံအတွက်ရယ် အရေးကြီးပါတယ်ဆိုတဲ့ ပစ်တိုင်းထောင်စီးရီးကို စီဒီဖြန့်ချိထားတဲ့ လူငယ်အဆိုတော် မိစန္ဒီနှင့် တွေ့ဆုံပြီး ပညာရေးအပေါ်မှာ သူ့အမြင်၊ သူ့ခံယူချက်တွေကို မေးမြန်းဖြစ်ပါတယ်။

မေး။  ။ မိစန္ဒီငယ်ငယ်တုန်းက တက်ခဲ့တဲ့ကျောင်းကို အရင်ဆုံးမိတ်ဆက် ပေးပါအုံး။

ဖြေ။  ။ မိစန္ဒီက သူငယ်တန်းကနေစပြီးတက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က ဒဂုံ(၁)မှာ တက်ခဲ့ပါတယ်။

မေး။  ။ တက္ကသိုလ်ဝင်တန်းကိုရော ဘယ်နှစ်ခုနှစ်က အောင်မြင်ခဲ့တာလဲ။

ဖြေ။  ။ တက္ကသိုလ်ဝင်တန်းကို ၂၀၀၆ ခုနှစ်မှာ အောင်မြင်ခဲ့တာပါ။ ဒဂုံ(၁)မှာပဲ အောင်မြင်ခဲ့တာပါ။

မေး။  ။ ငယ်ငယ်တုန်းက ပညာရေးနဲ့ ပတ်သတ်ပြီး အမှတ်ရစရာလေးကိုပြောပြပါအုံး။

ဖြေ။  ။ ပညာရေးနဲ့ပတ်သတ်ပြီးတော့ အမှတ်တရကတော့ ဆုတွေအများကြီးရတယ်။

စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲတွေမှာ ဆုရတာပါ။ ဆုတွေကတော့ ဆု(၃၀) လောက်ရှိတယ်။ နှစ်တိုင်းလည်း ၀င်ပြိုင်တယ်။ ပွဲတိုင်းမှာ လည်း ၀င်ပြိုင်တယ်။ အဲဒီလိုဝင်ပြိုင်ရတာ သဘောကျတယ်။ နောက်ပြီးတော့ ကျောင်းရဲ့ ကပွဲတိုင်းမှာလည်း ၀င်ကပါတယ်။ သီချင်းဆိုတာမဟုတ်ရင်တောင် ကျောင်းကိစ္စတိုင်းမှာ တစ်ခုခုတော့ အမြဲပါတယ်။ မိစန္ဒီ ငယ်ငယ်တုန်းက စာတော်တော်လုပ်တယ်။ ခြောက်တန်းကနေ ကိုးတန်းအထိ အရမ်းစာလုပ်တယ်။ အခန်းထဲကနေ အပြင်မထွက်ဘူး။ ဆယ်တန်းလောက်မှ နည်းနည်းစပြီး အပျော်အပါး လိုက်တယ်။ နည်းနည်း စိတ်လေတဲ့ဘက်ကို ရောက်လာတယ်။

မေး။  ။ ၁၀ တန်း အောင်မြင်ခဲ့ပြီး တက္ကသိုလ်ရွေးချယ်ခဲ့တော့ ဘယ်မေဂျာရွေးဖြစ်လဲ။

ဖြေ။  ။ မိစန္ဒီ ၁၀ တန်းအောင်တော့ မိစန္ဒီကို တက်စေချင်တာတော့ ဆေးကျောင်းပေါ့။ ဒါပေမဲ့ ကိုယ်က ဆေးကျောင်းဘက်ကို အမှတ်ကကပ်ပြီး လိုသွားတယ်။ လိုသွားတဲ့အတွက် မိစန္ဒီက အစထဲက ဆေးကျောင်း မတက်ချင်ဘူး။ ၀ါသနာလည်းမပါဘူး။ မိဘတွေကျတော့ ဆရာဝန်ဖြစ်စေချင်တာပေါ့။ မိစန္ဒီက ဆရာဝန်

မဖြစ်စေချင်ဘူး။ သိပ္ပံပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ ဖြစ်ချင်တယ်။ စီပွားရေးဘက်ဖြစ်တဲ့ BBM က အဲဒီအချိန်တုန်းက တိုက်ဆိုင်ဆိုင်ပဲ  မိစန္ဒီတို့ ဘိုင်အိုတွဲ ဘောကဗေဒအတွဲတွေက တက်လို့ရတယ်။

မိစန္ဒီ ဆယ်တန်းမပြီးခင် အရှေ့ နှစ်နှစ်လောက်မှာ BBM ဆိုပြီးတော့ အမျိုးသားစီမံကိန်း ကျောင်းဖွင့်တယ်။ စီးပွားရေး တက္ကသိုလ်ကပါ။ ဘိုင်အိုတွဲကို ယူထားတဲ့ ကလေးတွေက B.B.M ဖွင့်တဲ့ အတန်းမှာ တက်လို့ ရတယ်။ ဗိုလ်တစ်ထောင် ကောလိပ်မှာ အမျိုးသားစီမံခန့်ခွဲရေး ကောလိပ်ကျောင်းမှာ

Business Management Major ကို တက်ခဲ့ပါတယ်။

မေး။   ။ အခု ပညာရေး အပြောင်းအလဲလုပ်လာတဲ့ အပေါ်မှာ မိစန္ဒီဘယ်လိုမြင်လဲ။

ဖြေ။   ။ ကောင်းလာပါတယ်။ မိစန္ဒီ အခုကြားထားတာဟုတ်လား၊ မဟုတ်လားတော့မသိဘူး ။ ကလေးတွေကို အမှတ်နဲ့မခွဲတော့ဘဲနဲ့ တက်ချင်တဲ့ကျောင်းမှာတက်လို့ရပြီဆိုတာပဲ။ အဲဒီလိုမျိုး လုပ်တာ တစ်ခုက ကောင်းတယ်။ တစ်ခုက မကောင်းဘူးဖြစ်သွားမှာပဲ။ ၁၀ တန်းဆိုတာ ကလေး အတွက် အမှတ်က ဘာမှမဟုတ်တော့ဘူး။ အဲဒီအတွက် ကလေးတွေ ၁၂တန်း ကြိုးစားမှုတွေ ပေါ့လျော့သွားမယ်။ နောက်ပြီးတော့ တက်ချင် တက်ရမယ်ဆိုတော့ တစ်ခါ တစ်ခါလေကျရင် အမှတ်မမှီတဲ့ ကလေးတွေက အရမ်းခက်ခဲ့တဲ့ ပညာရေးမှာ တက်နေတယ် ဆိုရင် မကောင်းတော့ဘူး။ တစ်ချို့ကလေးတွေ ဆိုရင်

ခြေချော်လက်ချော်နဲ့ ၁၀တန်းအမှတ်တွေ လိုသွားပေမဲ့ သူတို့ တကယ် ၀ါသနာပါတဲ့ ကျောင်းကို တက်လို့ရတယ် ဆိုရင် ကလေးတွေအတွက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ ၁၀ တန်းမှာ အမှတ်နဲ့မခွဲဘဲနဲ့ တက်ချင်တာ တက်လို့ရတဲ့ဟာနဲ့ ပတ်သတ်ပြီးတော့ မိစန္ဒီ အားမပေးဘူး။ တက်ချင်တိုင်း တက်လို့ရမယ်ဆိုရင်တောင်  တက္ကသိုလ်ကို စာမေးပွဲနောက်တစ်ခုပြန်ဖြေရမယ်။

စာမေးပွဲပြန်ဖြေသင့်တယ်လို့ မြင်ပါတယ်။ တချို့ပညာရေးအပိုင်းတွေ အရမ်းကောင်းပါတယ်။

မေး။  ။ လူတစ်ယောက်မှာ ပညာရေးက ဘယ်လောက်အရေးပါတယ်လို့ ခံယူထားပါသလဲ။

ဖြေ။  ။ အရမ်းအရေးကြီးပါတယ်။ မိစန္ဒီတို့နိုင်ငံမှာ ပိုအရေးကြီးတယ်။ မိစန္ဒီတို့နိုင်ငံမှာ ပညာရှင်တွေရှားနေသေး တယ်။ ပညာရှင်တွေရှိရင်တောင်မှ ကိုယ်နိုင်ငံမှာ အလုပ်မလုပ်ဖူးဘူး။ အခြေအနေအရ ကိုယ့်နိုင်ငံဖွံဖြိုးဆဲ

နိုင်ငံ ဆိုတော့ ပညာတတ်တွေလည်း နိုင်ငံခြားမှာ သွားလုပ်ပြီး ဒါကလည်း သူတို့ ရပ်တည်မှုအရပေါ့။ နိုင်ငံခြားမှာ ၀င်ငွေများတယ်။ မိစန္ဒီတို့နိုင်ငံအတွက် ပညာတတ်တွေအရမ်းလိုတယ်။ နောက်ပြီးတော့ နယ်ရော မြို့ရော ပညာတွေတတ်ဖို့ လိုအပ်နေသေးတယ်။ ဒါကတစ်မျိုးသားလုံး တိုးတက်မှ ပညာတတ်မှ လူမျိုးမြင့်မှာပါ။ လူတစ်ယောက် ဘ၀အတွက်ရယ် နိုင်ငံတစ်နိုင်ငံအတွက်ရယ် အရေးကြီးပါတယ်။

မေး။  ။ ကလေးတစ်ယောက် တိုးတက်ဖို့အတွက် မိဘတွေ၊ ဆရာတွေကရော ဘယ်လို အ၀ိုင်းဝန်းကူညီသင့်သ လဲ။

ဖြေ။  ။ ထင်ပါတယ်။ မိစန္ဒီပြောရရင် တစ်ချို့ကလေးတွေဆိုရင် ဟိုငယ်ငယ်ထဲက မိဘရဲ့လက်အောက်မှာ ကြီးလာတယ်။ မိဘရဲ့ သွန်သင် ဆုံးမမှုချင်းတော့ မတူဘူး။ သွန်သင်ဆုံးမမှုအောက်မှာ ကြီးလာတဲ့ ကလေးတွေ၊ သွန်သင်ဆုံးမမှုမရှိတဲ့ကလေးတွေ သူတိုတွေက ဘာပဲဖြစ်ဖြစ် လယ်ဘယ်ချင်းအတူတူ ရောက်ခဲ့တယ် ဆိုရင်တောင်မှ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ အတွေးအခေါ်လေးတွေကတော့ မတူကြဘူး။ အဲဒါကြောင့်လည်း အရမ်း လိုအပ်ပါတယ်။ မိဘဆရာသမားတွေ မှန်ကန်ကန်သွန်သင်ဆုံးမမှု လိုအပ် ပါတယ်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List