Tuesday, August 12, 2014

ဂါဇာဒေသအတွက် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲပေးရန် အီဂျစ်၏ ကမ်းလှမ်းချက်ကို အစ္စရေး သဘောတူ


ဂါဇာဒေသ စစ်မက်ပဋိပက္ခ အတွက် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးစဉ် အဆိုပြုထားသည့် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးတို့ဘက်က လက်သင့်ခံလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂါဇာဒေသတွင် ဖြစ်ပေါ်လျက်ရှိသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပြေလည်စေရေးအတွက် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ၇၂ နာရီအကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုန်ဆုံးခဲ့ပြီးနောက် အီဂျစ်နိုင်ငံက အလားတူရပ်စဲမှုများ ထပ်မံပြုလုပ်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ပထမဦးစွာ ရရှိခဲ့သည့် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးရန် သက်ဆိုင်သူများက ကြိုးပမ်းခဲ့ကြသော်လည်း ဟားမတ်စ် တို့က သောကြောနေ့ (သက်တမ်းကုန်ဆုံးချိန်) တွင် ဒုံးကျည်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 

သို့အတွက်ကြောင့် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဂါဇာဒေသရှိ ဟားမတ်စ်များကို လေကြောင်းမှ ဖြိုခွင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို အမြောက်များ၊ တင့်ကားများဖြင့်လည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြ သည်။ 

ယခုထပ်မံ ရရှိလိုက်သည့် နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ အစ္စရေးအစိုးရ ထိပ်ပိုင်း အရာရှိကြီးတစ်ဦးက “ဒီကာလထဲမှာ အမှန်တကယ် ပစ်ခတ်မှု မရှိဘူး၊ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်မှု မရှိခဲ့ဘူးဆိုရင် အစ္စရေး ကိုယ်စားလှယ်တွေ အနေနဲ့ ကိုင်ရို (အီဂျစ်) ဆွေးနွေးပွဲမှာ ထာဝရ အပစ်အခတ်ရပ်စဲမှု ရရှိသည်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ယခုလို ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ထပ်မံရယူရန် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ကလည်း တွန်းအားပေး ပြောဆိုခဲ့ကြသည်။ 

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးနှင့် ပါလက်စတိုင်းဘက်မှ ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲမှာ ကြိုတင် သတိပေးချက်များကြောင့် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ 

အရှေ့အလယ်ပိုင်းဒေသ သတင်းဌာနများ၏ ထုတ်လွှင့်ချက်များအရ တနင်္ဂနွေနေ့တွင် အစ္စရေးတောင် ပိုင်းသို့ ပါလက်စတိုင်း စစ်သွေးကြွများက ဒုံးကျည် အစင်း ၃၀ ခန့်ဖြင့် ပစ်ခတ်ခဲ့ကြသည်။ 

သို့သော် အစ္စရေး တပ်ဖွဲ့ဝင်များသည် မိမိတို့ဘက်သို့ ပစ်ခတ်ရန် စီစဉ်ထားသည့် ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်ဒါဇင်ပေါင်း များစွာကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List