Friday, August 15, 2014

တင်းမာမှုများ မြင့်တက်စဉ် ယူကရိန်းနိုင်ငံတွင်းသို့ ရုရှားသမ္မတပူတင် တရားမဝင် သွားရောက်လည်ပတ်


ယူကရိန်းနိုင်ငံရှိ ရုရှားလိုလားသူများ နေထိုင်ရာ ကရိုင်းမီးယားဒေသသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် သြဂုတ်လ ၁၃ ရက်နေ့က သွားရောက် လည်ပတ်ခဲ့ရာ ယူကရိန်းအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ကြောင်း Moscow Times သတင်းစာက ရေးသားဖော်ပြသည်။ 

သမ္မတပူတင်သည် ယူကရိန်းပိုင်နက်တွင်းရှိ ရုရှားလူမျိုးများနှင့် မော်စကိုအစိုးရ လိုလားသူများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများ ပါဝင်သည့် ယာဉ်တန်းကို စေလွှတ်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများသာမက ယူကရိန်းအစိုးရနှင့် တင်းမာမှုများ မြင့်တက်နေစဉ် ထိုသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

နှစ်ရက်တာ ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အတွင်း သမ္မတပူတင်အနေနှင့် ကရိုင်းမီးယား ပါလီမန်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်သကဲ့သို့ ရုရှားလိုလားသော ဒေသခံ အာဏာပိုင်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ရုရှားအစိုးရ အရာရှိကြီးများက ပြောကြားသည်။ 

ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ရုရှားအစိုးရ လုံခြုံရေးကောင်စီမှ အကြီးအကဲများ၊ ထောက်လှမ်းရေးနှင့် ကာကွယ်ရေး ဝန်ကြီးများ ပါဝင်မည်ဟုလည်း ၎င်းတို့ကဆိုသည်။ 

ဤအတောအတွင်းမှာပင် ရုရှားအစိုးရက စေလွှတ်လိုက်သော ကုန်တင်ယာဉ် ၂၈၀ စီး ပါသည့် ယာဉ်တန်းသည် ယူကရိန်းနိုင်ငံ အတွင်းသို့ စတင်ဖြတ်သန်း ဝင်ရောက်နေပြီ ဖြစ်သည်ဟု ယူကရိန်းအခြေစိုက် သတင်းထောက်များက ဆိုကြသည်။ 

ယူကရိန်း ပြည်ထဲရေး ဝန်ကြီးက အဆိုပါယာဉ်တန်းကို လက်သင့်ခံမည် မဟုတ်ဟု အသိပေးထားပြီးဖြစ်ရာ ယူကရိန်း အာဏာပိုင်များအနေနှင့် အဆိုပါ ယာဉ်များအား ပိတ်ဆို့ ဟန့်တားလိမ့်မည်ဟုလည်း ၎င်းတို့ကဆို သည်။

သမ္မတပူတင် လာရောက်လည်ပတ်မှုနှင့် ပတ်သက်၍ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒန်လိုလူဘန်စကီးက ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်လိုက်သည်။

“ကရိုင်းမီးယားဟာ တရားမဝင် သိမ်းပိုက်ခံလိုက်ရတယ်။ ဒီကို ရုရှားခေါင်းဆောင်တွေ လာတယ်ဆိုတာ လက်သင့်မခံဘူး” ဟု ၎င်းကပြောကြားသည်။ 

ဤအတောအတွင်းမှာပင် ရုရှားထိပ်တန်း နိုင်ငံရေးသမားတစ်ဦးက အကယ်၍ ယူကရိန်း အကျပ်အတည်း သာ ဆိုးရွားလာမည် ဆိုပါက အရှေ့ဥရောပ ဒေသကို ကမ္ဘာမြေပြင်ပေါ်မှ ဖယ်ရှားပစ်သင့်သည်ဟု သုံးသပ်ပြောဆိုခဲ့ရာ ယင်းသုံးသပ်ချက်ကို တရားဝင် ကန့်ကွက်ဆန္ဒပြမည်ဟု ပိုလန်နိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List