Friday, August 15, 2014

Bi မွန်းတည့်နေမှ ငါးဦးကို ခရိုင်နှင့် မြို့နယ်တရားရုံးများ အာမခံပယ်ချ


ကြားဖြတ်အစိုးရသတင်း ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ စွဲချက်တင်ခံထားရသူ ငါးဦးအား ပန်းဘဲတန်းမြို့နယ်နှင့် အနောက်ပိုင်းခရိုင် တရားရုံး အာမခံလျှောက်ထားမှု ပလပ်လိုက်သည်ဟု အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဝင်းက ပြောသည်။

“ဒီအဆင့်မှာ စဉ်းစားလို့ မရသေးဘူးလို့ ပြောပါတယ်။ အာမခံက အဆင့်ဆင့် တက်ရမယ့် သဘော လေးတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၄ ရက်က မြို့နယ်တရားရုံးက အာမခံပေးသော်လည်း ထိုစဉ်က အကျိုးတော်ဆောင် ရှေ့နေ ဖြစ်သူ ဦးရောဘတ်စန်းအောင်က အာမခံမယူခဲ့ပေ။

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ဂျာနယ်ပိုင်ရှင် ဦးဝင်းတင်နှင့် ပါဝင်ပတ်သက်သူ စွဲချက်တင်ခံထားရသူ ဦးယဉ်မင်းထွန်း၊ တာဝန်ခံအယ်ဒီတာ သူရအောင် (ခေါ်) အောင်သန့်၊ အမှုဆောင်အယ်ဒီတာ ဦးဝင်းတင်၊ သတင်းထောက် ကျော်ဇောဟိန်း (ခေါ်) မင်းဝဿန်တို့ကို သြဂုတ်လ ၁၄ ရက်က တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

သြဂုတ်လ ၄ ရက်က Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာ ကိုရဲမင်းအောင်ကို တရားရှင်လွတ်ခဲ့ပြီး ဂျာနယ်မှ ကျန်ငါးဦးကို အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှု အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ၅(ဃ)/(ည)မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/ ၃၄ ပုဒ်မဖြင့် ပြောင်းလဲတရားစွဲရန် တရားသူကြီးများက အမိန့်ချမှတ်ခဲ့သည်။

ယခင်အကျိုးတော်ဆောင် ရှေ့နေက အာမခံမယူခဲ့ခြင်းကြောင့် ဂျာနယ်တိုက်ပိုင်ရှင်ဘက်မှ နှစ်ကြိမ်တိုင် အကျိုးတော်ဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသည့် ဦးရောဘတ်စန်းအောင်အား ရှေ့နေလိုက်ခွင့် မပြုတော့ဘဲ ရှေ့နေလိုက်ခွင့် အာဏာကို ရှေ့နေ ဦးကျော်ဝင်းအား လွှဲပြောင်းပေးခဲ့သည်။

ယခင်အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ကျွန်တော်က အာမခံမယူဘူးပြောတော့ ကျွန်တော့်ကို ပါဝါရုပ်သိမ်းမယ်လို့ ပြောတယ်။ အဲဒါကြောင့် ကျွန်တော် GP (general power) ပြောင်းပေးလိုက်ပါပြီ”ဟု ပြောသည်။

တာဝန်ခံအယ်ဒီတာ ကိုအောင်သန့်၏ ဖခင် ဦးထင်ကျော်က “ဒီလိုပြောင်းလိုက်တယ်ဆိုတာကနေ အကောင်းတွေပဲ ဖြစ်လာလိမ့်မယ်လို့ ထင်လို့ ပြောင်းလိုက်တာပါတယ်။ အခုဂျာနယ်ပိုင်ရှင်တွေက အားလုံး တာဝန်ယူပါတယ်”ဟု ပြောသည်။

ဇူလိုင်လ ၇ ရက်ထုတ် Bi မွန်းတည့်နေအပတ်စဉ်ဂျာနယ် အတွဲ(၁) အမှတ်(၂၉)တွင် “ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု) က ထုတ်ပြန်” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့သောကြောင့် အမှတ်(၂)သတင်း တပ်ဖွဲ့ခွဲ ဒုတိယရဲမှူးသိန်းထွန်းက တရားလိုပြု၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တရားလိုဘက်မှ တရားလိုပြသက်သေ ၃၇ ဦး တရားရုံးသို့ တင်သွင်းခဲ့ပြီး သြဂုတ် လ ၂၁ ရက်တွင် ထပ်မံ၍ ရုံးထုတ်မည်ဖြစ်သည်ဟု တရားခံရှေ့နေ ဦးကျော်ဝင်းက ပြောသည်။

လတ်တလော မီဒီယာများတွင် ရင်ဆိုင် ကြုံတွေ့နေရသည့် အရေးကိစ္စများနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ သြဂုတ် ၁ ရက်က နေပြည်တော် လယ်တော အိမ်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် သြဂုတ်လ ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်၏ ဒုတိယအကြိမ်မြောက် ရုံးထုတ် ရာတွင် အယ်ဒီတာကိုရဲမင်းအောင်ကို အမှုမှ ကွင်းလုံးကျွတ်လွှတ်ခဲ့ပြီး စွဲချက်တင်ခံထားရသူ များမှာလည်း ပုဒ်မပြောင်းလဲ တရားစွဲဆိုရန် ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ် တရားရုံးက အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List