Thursday, August 14, 2014

ကန့်ဘလူတပ်သိမ်းမြေပြဿနာတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာခဲ့ရသော ထောင်ဂဏန်းရှိ တောင်သူများက ဥပဒေအတိုင်း မျှတစွာဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ကန့်ဘလူကြံစီမံကိန်းအတွက် တပ်မတော်မှသိမ်းယူခဲ့သော မြေယာပြဿနာများတွင် အဘက်ဘက်မှ ဆုံးရှုံးနစ်နာထိခိုက်နေရသည့် ထောင်ဂဏန်းရှိ မြေသိမ်းခံတောင် သူများနှင့် လယ်ယာအရေးဆောင်ရွက်သူများသည် ဥပဒေမဲ့မြေယာသိမ်းဆည်းမှုနှင့် မျှတမှုမရှိသော တရားစီရင်ရေးကို ဆန့်ကျင်ကြောင်း သြဂုတ် ၁၃ ရက်က ကန့်ဘလူမြို့တွင် လှည့်လည်ဆန္ဒထုတ်ဖော် ခဲ့ကြသည်ဟု သတင်းရရှိသည်။

ထောင်ဒဏ်ကျခံနေရသော တောင်သူ ၅၆ ဦးကို အမြန်ဆုံးလွှတ်ပေးရန် တရားစွဲဆိုခံနေရသောတောင် သူများကို အမှုပိတ်သိမ်းပေးရန်၊ ဥပဒေမဲ့သိမ်းဆည်းထားသောမြေများကို မူလပိုင်ရှင်တောင်သူများ ကိုပြန်ပေးရန်၊ တောင်သူများ၏သီးနှံများကို တပ်မတော်ကဖျက်ဆီးနေခြင်းအား ရပ်တန့်ရန်နှင့် တရားဥပဒေစိုးမိုးရန် စသည့်အချက်များကို ဆန္ဒပြတောင်သူများက ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

"ဒီဖိနှိပ်မှုကိုဆန္ဒထုတ်ဖော်ဖို့အတွက် မြို့နယ်ကို သြဂုတ် ၄ ရက်ကစာတင်ခဲ့တယ်။ စီစဉ်ထားတာက လူဦးရေတစ်သောင်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ပါ။ ဖြစ်ချင်တော့ မနေ့ညက(သြဂုတ်၁၂) မိုးသဲကြီးမဲကြီးရွာတယ်။ သိတဲ့အတိုင်းပဲ ရွာအများစုကလမ်းတွေက မိုးရွာရင် သွားလို့မရအောင်ပျက်စီးကုန်တာ။ ဒါကြောင့် ဒီနေ့လူဦးရေတစ်ထောင်ကျော်လောက်ပဲ ဆန္ဒပြနိုင်ခဲ့တယ်" ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူ ဦးဇော်ဝင်းမောင် ကပြောကြားသည်။

မြေသိမ်းခံတောင်သူများစွာသည် အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာ ဆန္ဒပြခဲ့ကြပြီး အငြင်းပွားဖွယ် အမိန့်များချမှတ်ခဲ့သော ကန့်ဘလူမြို့နယ် တရားရုံးရှေ့တွင် ၁၀ မိနစ်ခန့် ထိုင်ကာ ကြွေးကြော်မှုများနှင့် တောင်းဆိုမှုများကိုပြုလုပ်ခဲ့သည်။

"တောင်သူတွေရဲ့ဘ၀၊ တောင်သူတွေရဲ့အသက်က မြေပါပဲ။ မတရားမြေသိမ်းဆည်းမှုဟာ ကျွန်တော်တို့ ဘ၀တွေကိုဖျက်ဆီးတာနဲ့ အတူတူပါပဲ။ အဲဒီအတွက် ဆန္ဒပြတာပါ" ဟု ပေကြီးကျေးရွာမှ တောင်သူ ကိုဇော်ဝင်းကဆိုပါသည်။

မြေယာသိမ်းဆည်းခံရမှု၊ သီးနှံဖျက်ဆီးခံရမှု၊ တရားစွဲဆိုခံရခြင်းနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်းများကြောင့် စားဝတ်နေရေးအပြင် လူမှုဒုက္ခအ၀၀ကိုလည်း ဆိုးရွားစွာခံစားနေကြရကြောင်း ဆန္ဒပြတောင်သူ များစွာက ပြောကြားသည်။

"ကလေးတွေကိုကျောင်းနုတ်လိုက်ရတယ်။ ယောက်ျားက ပဲခူးထောင်အရွှေ့ခံရတာ။ ထောင်ဝင်စာလည်း သွားမတွေ့နိုင်ဘူး။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့တာ။ ဒီလိုနိုင့်ထက်စီးနင်းလုပ်တာကို ၀မ်းနည်း တယ်။ ငိုပဲငိုချင်နေတာ။ ကြောက်စိတ်တော့မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ" ဟု ပေကြီးကျေးရွာမှ ဒေါ်စန်းတင့်က ပြောကြားသည်။

တောင်သူအများစုအနေဖြင့် စားဝတ်နေရေးနှင့် တရားရင်ဆိုင်ရာတွင် ကုန်ကျနေရသောစရိတ်များကြောင့် အကြွေးဝန်ပိလျက်ရှိကြောင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ယောက်ျားက ထောင်ကျသွားတယ်။ အိမ်မှာ ကျွန်မနဲ့သမီးသုံးယောက်ကျန်ခဲ့တယ်။ အိမ်ထောင်ဦးစီး မရှိတော့ ၀င်ငွေမရှိလို့ခက်ခဲရတဲ့အပြင် စိတ်လည်းမလုံခြုံဘူး။ အခုရောက်နေတဲ့တပ်သားတွေက ခြိမ်းခြောက်မှုတွေအမြဲလုပ်နေတာ" ဟု ငှက်ပျောတိုင်းကျေးရွာမှ ဒေါ်ဌေးချိုက ပြောကြားသည်။

"ယောက်ျားဖြစ်သူက အဆုတ်ကင်ဆာဖြစ်နေတာ။ အဲဒီအချိန်မှာ တပ်က အမေကြီးတို့နေတဲ့တဲကိုလာပြီး ဖယ်ပေး။ မဖယ်ရင် တရားစွဲမယ်ခြိမ်းခြောက်တယ်။ အမေကြီးကတော့မဖယ်နိုင်ဘူး။ ဒီလူနာကြီးနဲ့ ဘယ်သွားနေရမှာလဲ။ လူနာအတွက်၊ စားဝတ်နေရေးအတွက် သုံးထာတာပေးစရာအကြွေးက သိန်း ၅၀ လောက်တင်နေပြီ။ ဒုက္ခရောက်တာတော့ပြောမကုန်ပါဘူး" ဟု ပေကြီးကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ဒေါ်လှရီကဆိုသည်။

လက်ရှိဖြစ်ပွားနေသော ကန့်ဘလူကြံစီမံကိန်းတပ်သိမ်းမြေပြဿနာနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးအား ဖုန်းဖြင့် အကြိမ်များစွာ ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးရှိနေကြောင်းသာ ပြန်လည်ဖြေ ကြားခဲ့ပြီး အစည်းအဝေးပြီးနောက် ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိတော့ပေ။

Eleven Media Group

No comments:

Post a Comment

My Blog List