Tuesday, August 12, 2014

သမိုင်းဝင် တူရကီသမ္မတ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဒိုဂန် အနိုင်ရ


တူရကီနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သော တိုက်ရိုက် သမ္မတ ရွေးကောက် တင် မြှောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် ရီဆတ်တေယစ်အာဒိုဂန် ပြန်လည် အနိုင်ရရှိသွားသည်ဟု ရွေးကောက်ပွဲ အာဏာပိုင်များက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခုကဲ့သို့ သမိုင်းဝင် ကျင်းပပြုလုပ်သည့် တိုက်ရိုက်သမ္မတ ရွေးကောက် တင်မြှောက်ပွဲတွင် မိမိအနိုင်ရရှိသွားခြင်းမှာ တူရကီလူမျိုးများ အားလုံးအတွက် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း ၎င်းက အန်ကာရာရှိ AK ပါတီဌာနချုပ် ဆင်ဝင်ပေါ်မှနေကာ ထောက်ခံသူ ပြည်သူများကို ပြောကြားသည်။ 

မစ္စတာအာဒိုဂန်သည် မဲစုစုပေါင်း ၅၂ ရာခိုင်နှုန်း ရရှိကာ တူရကီသမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံလိုက်ရခြင်း ဖြစ်သည်။

မစ္စတာအာဒိုဂန်သည် သမ္မတအာဏာ ပိုမိုရရှိရန် ဆန္ဒပြင်းပြလျက် ရှိသော်လည်း အတိုက်အခံ အင်အားစုများကမူ အာဏာရှင်ဆန်စွာ အုပ်ချုပ်မှု ပြုလုပ်လာမည့် အရေးအတွက် စိုးရိမ်ပူပန်လျက် ရှိကြ သည်။ 

ယခု တိုက်ရိုက် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားပြီ ဖြစ်၍ မစ္စတာအာဒိုဂန် အနေနှင့် သြဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်သည်။ 

အခြားသော သတင်းများအရ မစ္စတာအာဒိုဂန်၏ AK ပါတီသည် ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ရန် စီစဉ်လျက်ရှိပြီး လေ့လာစောင့်ကြည့်သူများကမူ ဝန်ကြီးချုပ်သည် မစ္စတာအာဒိုဂန် အနေနှင့် ကောင်းစွာ ထိန်းချုပ်နိုင်မည့် ပုဂ္ဂိုလ်သာ ဖြစ်နိုင်သည်ဟု ပြောဆိုကြသည်။ 

“ကျွန်တော့်ကို မဲပေးခဲ့တဲ့ သူတွေအတွက် သမ္မတဖြစ်တာ မဟုတ်ပါဘူး။ ၇၇ သန်းဆိုတဲ့ တူရကီ ပြည်သူတွေ အားလုံးအတွက် ကျွန်တော် သမ္မတ ဖြစ်လာမှာပါ။ ဒီနေ့ဟာ အမျိုးသားအောင်ပွဲတစ်ရပ် ဖြစ်သလို ဒီမိုကရေစီ အောင်ပွဲဆိုလည်း မမှားပါဘူး။ ကျွန်တော့်ကို မဲမပေးခဲ့တဲ့ သူတွေလည်း မဲပေးခဲ့တဲ့ သူတွေလို အောင်မြင်မှု ရရှိကြပါတယ်။ ကျွန်တော့်ကို မကြိုက်တဲ့ သူတွေလည်း ကြိုက်တဲ့သူတွေလိုပဲ အောင်မြင်မှု ရရှိသွားကြပါတယ်” ဟု မစ္စတာအာဒိုဂန်က ပြောကြားသည်။ 

မစ္စတာ အာဒိုဂန်သည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ဝန်ကြီးချုပ် ရာထူးကို စတင် ထမ်းဆောင်ခဲ့သော်လည်း အဆိုပါရာထူး ဆက်လက် ထမ်းဆောင်ခွင့်ကို အခြေခံဥပဒေက တားမြစ်ခဲ့သည်။ 

ယခုအခါ သမ္မတအဖြစ် ရွေးချယ်ခံရပြီ ဖြစ်သောကြောင့် ၎င်းအနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ကိုင်သွားမည် ဖြစ်သလို သမ္မတရာထူး၏ လုပ်ပိုင်ခွင့်များကိုလည်း တိုးချဲ့သွားဖွယ် ရှိသည်။ 

ရွေးကောက်ပွဲတွင် မစ္စတာအာဒိုဂန်၏ ပြိုင်ဘက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ နှစ်ဦးမှာ အစ်ဆာနို ဂလူနှင့် ကာ့ခ်နိုင်ငံရေးသမား စီလာမတ်တင်ဒီမာတတ်တို့ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List