Friday, August 15, 2014

ပြည်သူအားကိုးရသည့် ဆေးရုံဆေးခန်းများဖြစ်စေရေး တိုင်းဧရာလွှတ်တော်၌ ဆွေးနွေးမည်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံဆေးခန်းများကို အများပြည်သူအားကိုး အားထား ပြုလောက်သည့် ဆေးရုံဆေးခန်းများဖြစ်ရန်အဆိုကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုအဆိုကိုညောင်တုန်းမြို့နယ်ကိုယ်စားလှယ်ဦးဘုန်းမြင့်မှ တင်သွင်းခဲ့ ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးက အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးသင့်ကြောင်း ထောက်ခံခဲ့သည်ဟု သိရသည်။

“နိုင်ငံတော်အနေနဲ့ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်တဲ့နေရာမှာ တတိယအဆင့်ကိုရောက်နေပါပြီ။ ဒီလိုပြောင်းလဲဆောင်ရွက်ပေမဲ့လည်း ၀န်ထမ်းအချို့က လိုက်ပါဆောင်ရွက်မှု အားနည်းနေတဲ့အတွက် အခုလို အခြေအနေမျိုးတွေ တွေ့ရှိနေရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက လွှတ်တော်အစည်းအဝေး၌ ပြောကြားလိုက်သည်။

“ညောင်တုန်းဆေးရုံမှာ လူနာတွေဆေးကုသလို့ရနိုင်ခြင်း၊ မရနိုင်ခြင်းက လူနာရဲ့ရောဂါအခြေအနေကို မူတည်ပြီး ပြောခြင်းမဟုတ်ဘဲ အခြားအခြေအနေတစ်ခုပေါ်တွင်မူတည် ဆုံးဖြတ်သည်ဟု မြို့လူထုက ပြောဆိုနေကြပါတယ်။ ထို့ပြင် သူ့ကိုပြပြီးမှ ငါ့လာပြလို့ ငါမကြည့်ဘူးဆိုတာမျိုး လွှတ်တော် ကိုယ်စား လှယ်က ပြောမိလို့ နှာခေါင်းထဲမကျည်းစေ့ဝင်တာကို ရန်ကုန်ကို ပို့တဲ့ဖြစ်ရပ်မျိုးတွေ ညောင်တုန်းပြည်သူများ ခံစားနေရပါတယ်” ဟု ညောင်တုန်းမြို့နယ်ကိုယ်စားလှယ်ဦးဘုန်းမြင့်က အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ညောင်တုန်းမြို့ပြည်သူ့ဆေးရုံသည် ကုတင်(၅၀)ဆံ့ဆေးရုံတစ်ရုံဖြစ်ပြီး ဆရာဝန်အင်အား(၅)ဦးခန့် ထားရှိပြီး ခေတ်အဆက်ဆက်လေ့လာလျှင် ဆေးရုံ၌မြို့နယ်ဆရာဝန်၊ ကျန်းမာရေးဦးစီးမှုးအဖြစ် ခန့်အပ် ခံရသူများသည် စတင်ပြောင်းလာစက ပိုင်ဆိုင်မှုအင်အားအနည်းဆုံးလူဖြစ်နေသည့်တိုင် ပင်စင်ယူသည့် အခါတွင်ဖြစ်စေ၊ အခြားဒေသသို့ပြောင်းသွားလျှင်ဖြစ်စေ အနည်းဆုံးကားတစ်စီးပိုင်ဆိုင်အောင် လုပ်နိုင်စွမ်း ရှိသူများဖြစ်သည်ဟု ၎င်း၏အဆိုတွင် ထည့်သွင်းပြောကြားထားသည်။

၎င်း၏အဆိုတွင် ဆေးရုံနှင့်ဆရာဝန်အင်အားအခြေအနေ၊ ဆေးရုံ၏ဥပဓိရုပ်နှင့် လူနာများအပေါ် ဂရုစိုက်မှု ညောင်တုန်းမြို့ပြည်သူများ၏ဆန္ဒဟူ၍ အပိုင်း(၃)ပိုင်း တင်ပြခဲ့ပြီး ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော မြောင်းမြဆေးရုံ ၀န်ထမ်းများအား မြောင်းမြမြို့သူမြို့သားများက ဆန္ဒပြခဲ့မှုဖြစ်စဉ်ကို ဥပမာပေးတင်ပြ ခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List