Thursday, August 14, 2014

ရွေးကောက်ပွဲဝင်မည့် ဘရာဇီး သမ္မတလောင်းတစ်ဦး လေယာဉ်ပျက်ကျပြီး သေဆုံး


လေယာဉ်ပျက်ကျမှု တစ်ခုကြောင့် ဘရာဇီးနိုင်ငံတွင် ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ အသက်(၄၉)နှစ်ရှိ အီဒွာဒို ကမ်းပို့စ်သည် မတော်တဆမှုဖြင့် ကွယ်လွန် ခဲ့ကြောင်း ၎င်း၏ နိုင်ငံရေး ပါတီက အတည်ပြု ကြေညာခဲ့သည်။ ကမ်းပို့စ် လိုက်ပါခဲ့သည့် လေယာဉ်သည် ရာသီဥတု ဆိုးရွားမှုကြောင့် ဆော်ပေါ်လို ပြည်နယ်၊ ဆန်းတို့စ်ဆိပ်ကမ်းမြို့ရှိ လူနေရပ်ကွက် တစ်ခုသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်(၁၃)ရက် လေယာဉ်ပျက်ကျမှုတွင် ကမ်းပို့စ်အပြင် လေယာဉ်မှူး (၂)ဦးနှင့် အခြားခရီးသည် (၄)ဦးတို့လည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ကမ်းပို့စ် သေဆုံးကြောင်း သတင်းကို ကြား သိပြီးနောက် ဘရာဇီး သမ္မတ ဒယ်လ်မာရူး ဆက်ဖ်က နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် (၃)ရက်ကြာ သတ်မှတ်ရန် ကြေညာခဲ့သလို ရွေးကောက်ပွဲ မဲဆွယ်မှုအတွက် လှုပ်ရှားနေခြင်းများကို ဆိုင်းငံ့ ခဲ့သည်။

“ဘရာဇီး တစ်နိုင်ငံလုံး ဝမ်းနည်းနေပါတယ်။ ကျွန်မတို့ဟာ ဘရာဇီးရဲ့ သားကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။ ကမ်းပို့စ်ဟာ တကယ့်ကို ထက်မြက်တဲ့ နိုင်ငံရေး ရဲဘော်ရဲဘက်တစ်ဦးပါ”ဟု ရူးဆက်ဖ် က ပြောကြားခဲ့သည်။ သူမက မိမိ၏ ပြိုင်ဘက်ကို ထူးချွန်သည့် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဟုလည်း ဂုဏ်ပြု ညွှန်းဆိုခဲ့သည်။

ကမ်းပို့စ် သေဆုံးကြောင်း သတင်းသည် ဘရာဇီး နိုင်ငံတွင် ကြီးကြီးမားမား ဂယက်ရိုက်ခတ်ခဲ့ကြောင်း သိရသည်။ ဘရာဇီး နိုင်ငံတွင် အောက်တိုဘာလ၌ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားပြီး ကမ်းပို့စ် သည် ရူးဆက်ဖ်ကို အဓိက စိန်ခေါ်နိုင်သူ တစ်ဦးဖြစ်လာမည်ဟု ထင်ကြေးပေးခံနေရသည်။ ကမ်းပို့စ်၏ မိသားစုသည် ဘရာဇီးတွင် (၁၉၆၄)မှ (၁၉၈၅)ခုနှစ်ထိ စစ်တပ်အစိုးရ အုပ်ချုပ်နေစဉ် အဓိက အတိုက်အခံ များအဖြစ် ရပ်တည်ခဲ့ဖူးသည်။

ကမ်းပို့စ်သည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး သားသမီး(၅)ဦး ကျန်ရစ်ခဲ့သည်။ ၎င်းသည် ဘရာဇီး အရှေ့မြောက်ပိုင်း ပါနမ်ဘူကို ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်း(၂)ကြိမ် တာဝန် ထမ်းဆောင်ဖူးသည်။ ကမ်းပို့စ်၏ ဒုတိယ သမ္မတအဖြစ် ရွေးကောက်ပွဲဝင်မည့် မာရီနာဆေးလ်ဗားသည် လေယာဉ်နှင့် လိုက်ပါရန် စီစဉ်ထားပြီးမှ အကြောင်းတစ်ခုကြောင့် မလိုက်ပါဖြစ်တော့ဘဲ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

Ref: BBC
7Day News Journal 

No comments:

Post a Comment

My Blog List