Friday, August 15, 2014

တရားဝင်လမ်းရှိသော်လည်း ခိုးဝင်နေရသောအခါ



ပြည်ဝင်ခွင့်ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ဝင်လာသည့် မြန်မာ ၆၀ နီးပါး ကွာလာလမ်ပူလေဆိပ်တွင် အဖမ်းခံရပြီးနောက် အလုပ်သမား ပို့ဆောင်သည့်စနစ် အားနည်းမှုကို ဝေဖန်သံများ ပိုမိုကျယ်လောင် လာသည်။

ပွဲစားသုံးဦး ဦးဆောင်၍ ဇူလိုင်လ ၈ ရက်နေ့က မလေးရှားနိုင်ငံသို့ ဝင်လာသည့် မြန်မာနိုင်ငံသား ၇၂ ဦး တွင် ၅၈ ဦးမှာ ပြည်ဝင်ခွင့်ဗီဇာ အတုဖြစ်၍ မလေးရှား အစိုးရက ဖမ်းဆီးထားသည်။ ပွဲစားများကို လူကုန် ကူးမှုဖြင့် တရားစွဲဆိုထားပြီး ကျန်မြန်မာများကိုလည်း သက်သေအဖြစ် ထိန်းသိမ်းထားသည်။

အဆိုပါ အလုပ်သမားများကို ရန်ကုန်မြို့တော် ၃၈ လမ်းတွင် ရုံးခန်းဖွင့် လှစ်ထားသည့် တရားမဝင် ကုမ္ပဏီတစ်ခု ဖြစ်သည့် စုမြတ်ကုမ္ပဏီက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တရားမဝင် ဈေးကွက်များ ပေါ်ပေါက်လာခြင်းသည် မလေးရှားသို့ အလုပ်သမား ပို့ဆောင်ရေးစနစ်တွင် အစိုးရက ခွင့်ပြုမှု ကြန့်ကြာခြင်းကြောင့် ဖြစ်ကြောင်း တရားဝင်လိုင်စင်ရ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

မလေးရှားသံရုံး ပြည်ဝင်ခွင့်ဗီဇာ တံဆိပ်တုံးများကို အတုပြုလုပ်ရန် လွယ်ကူကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် (MOEAF) မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောကြားသည်။ “ထိုင်းဗီဇာဆိုရင် Hologram ပါတယ်။ ဗီဇာအတုလုပ်ဖို့ ခက်တယ်။ 

မလေးရှားက သာမန်တံဆိပ်ထုရတာ ဆိုတော့ တံဆိပ်အတုက ရော်ဘာတံဆိပ်တုံး လုပ်တဲ့ ဆိုင်တိုင်းမှာ ရနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

အလားတူ တရားမဝင် လမ်းကြောင်းတစ်ခုက အောက်လမ်းဟုခေါ်သည့် ထိုင်းနိုင်ငံဘက်က မလေးရှား နိုင်ငံသို့ ခိုးဝင်သည့် လမ်းကြောင်းဖြင့် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း မလေးရှားနိုင်ငံသို့ ယင်းသို့ ဗီဇာအတုဖြင့် လေကြောင်းမှ ဝင်ရောက်မှုမှာ ယခုအချိန်မှ စတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။ တရားမဝင် အေဂျင်စီများသည် Services (အကျိုးဆောင်) အမည်တပ်ကာ လုပ်ကိုင်လေ့ရှိပြီး ကုမ္ပဏီ အမည်နာမများကို ရုံးခန်းအတွင်းတွင် ကပ်ထားလေ့ရှိကြောင်း လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအသိုင်း
အဝိုင်းထံမှ သိရှိရသည်။

တရားမဝင် ပွဲစားများသည် နယ်ဒေသမှ ဗဟုသုတ နည်းပါးသူများကို အဓိက ပစ်မှတ်ထား၍ နယ်ပွဲစားများနှင့် ချိတ်ဆက်ကာ ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးခြင်း ဖြစ်နိုင်ကြောင်း MOEAFမှ အတွင်းရေးမှူး ဦးကျော်ထင်ကျော် ပြောကြားသည်။ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်မည်ဆိုပါက ပွဲစားကြေးကျပ် သိန်း ၁၀ အထက်တွင် ရှိသည်။ တရားဝင် လမ်းကြောင်းဖြင့် သွားရောက် လုပ်ကိုင်မည်ဆိုပါက ဝန်ဆောင်ခကြေး ကျပ်ခုနစ် သိန်း၊ ရှစ်သိန်းဝန်းကျင်သာ တရားဝင် ယူခွင့်ရှိသည်။

ယင်းသို့ တရားဝင် သွားရောက် လုပ်ကိုင်ခွင့် ပေးထားသော်လည်း ဗီဇာအတု၊ အောက်လမ်း လမ်းကြောင်းများဖြင့် သွားနေရခြင်း အကြောင်းရင်းသည် မည်သို့နည်း။ အစိုးရ၏ ပြည်ပသို့ လုပ်သားပို့ခွင့် မူဝါဒများသည် အလုပ်သမားများ တရားမဝင် လမ်းကြောင်း ရောက်အောင် တွန်းပို့ရာ ရောက်နေသလော။ “တရားဝင်က လေးလလောက် ကြန့်ကြာတယ်ဗျ။ တရားမဝင်ကတော့ ဧည့်ဗီဇာဆိုရင် နှစ်ရက်ပဲလေ” ဟု ဆိုသူက ဦးကျော်ထင်ကျော်။ မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရန် Demand Letter (လုပ်သားခေါ်ရန် အဆိုပြုလွှာ)များကို စိစစ်ခွင့်ပြုမှုနှင့် အခြားလုပ်ငန်းစဉ်များတွင် ကြန့်ကြာ၍ အလုပ်သမား များ အမြန်သွားနိုင်သည့် တရားမဝင်လမ်းကြောင်းကို ရွေးချယ်ကြခြင်း ဖြစ်ကြောင်း အေဂျင်စီအသိုင်းအဝိုင်း ထံမှ သိရှိရသည်။

တရားဝင် လမ်းကြောင်းဖြင့် သွားရောက် လုပ်ကိုင်မည်ဆိုပါက အနည်းဆုံး လေးလခန့်ကြာ စောင့်ဆိုင်း ရသဖြင့် တရားမဝင် ဈေးကွက်ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် အခြေစိုက် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးက ပြောကြားသည်။ “ပုံမှန်လေး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သွားနိုင်ရင် ဘယ်အတုနဲ့ သွားကြမလဲ။ တရားဝင်လိုင်းနဲ့ပဲ သွားမှာပေါ့” ဟု ၎င်းကသုံးသပ်သည်။

ဗီဇာအတုနှင့် သွားသူများမှာ မလေးရှားနိုင်ငံသို့ အမြန်ဆုံးနည်းလမ်းဖြင့် သွားရောက်လိုသူများနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိပါက အလုပ်အလွယ်တကူ ရနိုင်သူ နှစ်မျိုးရှိသည်။ “ဟိုမှာ ဆွေမျိုးသားချင်းတွေရှိတော့ သူတို့စက်ရုံမှာ အလုပ်လုပ်လို့ရတယ်။ မလေးရှားကိုသာ အမြန်ရောက်အောင် လာခဲ့ဆိုပြီးတော့ ခေါ်တာရှိတယ်။ အဲဒါကြောင့် အဲဒီလမ်းကြောင်းကနေ သွားကြတယ်” ကျောက်တံတားမြို့နယ် အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက ရှင်းပြသည်။

တရားဝင်လိုင်စင်ဖြင့် အလုပ်သမားများ စေလွှတ်နေသည့် ကုမ္ပဏီများကို အလုပ်သမား မြန်မြန်ဆန်ဆန် ပို့ဆောင်ခွင့်ရရှိအောင် အစိုးရက စီစဉ်ပေးနိုင်ပါက တရားမဝင် ပြဿနာများ လျော့နည်းသွားမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ အသိုင်းအဝိုင်းထံမှ သိရှိရသည်။ Demand Letter များကို တင်ပြရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနက စိစစ်ရာတွင် တစ်လကျော်ခန့် ကြာမြင့်နေပြီး ယင်းစနစ်များကို လျှော့ချရန် လိုအပ်ကြောင်း၊ MOEAF က ထောက်ခံပေးပါက Demand Letter များကို အမြန်ဆုံး ခွင့်ပြုရန်၊ လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အေဂျင်စီများက ပြောဆိုကြသည်။ နောက်ထပ် ပြဿနာတစ်ခုက အတွေ့အကြုံ မရှိသဖြင့် ချိတ်ဆက်လုပ်ကိုင်ရန် မဝံ့မရဲဖြစ်ခြင်း၊ လိမ်လည်မှု ဇာတ်လမ်းများကြောင့် အလုပ်သမားများ အေဂျင်စီများကို မယုံကြည်ခြင်း စသည်။

နယ်ဒေသမှ ပြည်ပသို့သွားရောက် လုပ်ကိုင်သူများသည် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက် လုပ်ကိုင်ရမည်ကို မဝံ့မရဲ ဖြစ်ကြသဖြင့် နီးစပ်ရာနယ်ခံပွဲစားများက တစ်ဆင့် ချိတ်ဆက်လုပ်ကိုင်လေ့ ရှိကြောင်း ရွှေပြည်ငြိမ်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နီးစပ်ရာ နယ်ခံပွဲစားများဖြင့် ချိတ်ဆက်ကြသဖြင့် အချို့အလုပ်သမားများက တရားမဝင် အေဂျင်စီများနှင့် ချိတ်မိကာ ယခုကဲ့သို့ ပြဿနာများ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။

မလေးရှားနိုင်ငံသို့ တရားဝင် လမ်းကြောင်းကပို့ရာတွင် ကြန့်ကြာနေသည့်ကိစ္စနှင့် ပတ်သက်၍ တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် MOEAF က ကိုယ်စားလှယ်များနှင့် ပုံမှန်ဆွေးနွေး အဖြေရှာနေကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပသို့ တရားမဝင် သွားရောက်မှု ပပျောက်ရေး၊ အကာအကွယ်ပေးနိုင်ရေး၊ အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း အလုပ်သမား သတင်းပို့ကောင်တာ ဖွင့်လှစ်ကာ ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ တရားမဝင် ပွဲစားများ ပပျောက်ရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အလုပ်လုပ်ရန် လိုအပ်ကြောင်း MOEAF အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဆိုသည်။ အလုပ်သမားများ အနေနှင့်လည်း တရားမဝင် အေဂျင်စီနှင့် ချိတ်ဆက် မလုပ်ကိုင်မိရန် အရေးကြီးသည်။

တရားဝင်လိုင်စင်ရ အေဂျင်စီ ဟုတ် မဟုတ်ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.mol.gov.mm တွင် ဝင်ရောက် စစ်ဆေးနိုင်သည်။ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ် ၀၆၇-၄၃၀၁၈၄၊ ၄၃၀၂၈၄ တို့ကိုလည်း ဆက်သွယ် မေးမြန်းစစ်ဆေးနိုင်သည်။ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာလုပ်သားများအရေးကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ကိုင်တွယ်ဖြေ ရှင်းနေပြီး ဝန်ထမ်းအင်အား တိုးမြှင့်ကာ ဆောင်ရွက်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး ဖြေရှင်းရန် ကြိုးပမ်းနေသည့် အခြေအနေမျိုးတွင် တရားမဝင် လမ်းကြောင်းများကို စနစ်တကျ မတားဆီးနိုင်ပါက မြန်မာအစိုးရ လုပ်ဆောင်မှုများသည် ပလိုင်းပေါက်နှင့် ဖားကောက်သည့် အဖြစ်မျိုး ကြုံနေဦးမည်။ မြန်မာနိုင်ငံသားများ သွားရောက် လုပ်ကိုင်မှုအများဆုံး ထိုင်းနိုင်ငံတွင် ယင်းသို့ပင်။ ထိုင်းရောက် တရားမဝင် အလုပ်သမား များကို တရားဝင် အထောက်အထား လုပ်ပေးရန် ကြိုးပမ်းနေချိန်တွင် တရားမဝင်ကလည်း ထုနှင့်ထည်နှင့် ဝင်နေကြဆဲ။တရားမဝင်လမ်းကြောင်းက သွားရောက်ပါက သက်ဆိုင်ရာ အစိုးရ၏ ဖမ်းဆီးပြစ်ဒဏ်ပေးခြင်း ခံရနိုင်ပြီး ဖမ်းဆီးမခံရပါကလည်း တရားမဝင် အလုပ်သမားဖြစ်သဖြင့် အခွင့်အရေး အပြည့်အဝ မရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊ ပုန်းအောင်းနေရခြင်းစသည့် ပြဿနာများနှင့် ထပ်မံရင်ဆိုင်ရဦးမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာအလုပ်သမား ၇၀ ကျော် မလေးရှားတွင် ထိန်းသိမ်းခံထားရဆဲ။ ဗီဇာအတုဖြင့် ဝင်ရောက်လာသူများ ပြန်လည်လွတ်မြောက်ခွင့်ရရှိရေး မြန်မာသံရုံး သံတမန်နည်းလမ်းအရ ဆောင်ရွက် နေသည်ဟု မြန်မာသံရုံးက အကြီးတန်း အရာရှိတစ်ဦးက ထုတ်ဖော် ပြောဆိုထားသည်။ နောက်ထပ် အလားတူပြဿနာများ မဖြစ်ပွားအောင် သက်ဆိုင်ရာ တာဝန်ရှိသူများ မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည် ကိုကား စောင့်ကြည့်ရပေဦးမည်။

အောင်မြင့်ထွန်း၊ ထက်အောင်ဖြိုး
The Voice Weekly

No comments:

Post a Comment

My Blog List