Monday, August 24, 2015

ဦးရွှေမောင်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်း ဦးရွှေမောင်(ခ) ဦးအဒူရော်ဇာက်သည် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်ထားရာတွင် ၎င်းမွေးဖွားချိန်တွင် မိဘနှစ်ပါးသည် နိုင်ငံသား မဟုတ်ကြောင်း စိစစ်တွေ့ ရှိရသောကြောင့် ကိုယ်စားလှယ် လောင်း အဖြစ်မှ ပယ်ချလိုက်ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိ ဦးဆန်းဝင်းထွန်းက ပြောကြားသည်။

ဦးရွှေမောင်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ် စားလှယ်လောင်းအဖြစ် ရွေးကောက်ခံခဲ့ပြီး လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသော်လည်း ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ်လာင်းစာရင်း တင်သွင်းရာတွင် ယင်းသို့ စိစစ်တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“၂၀၁၀ တုန်းက ဘယ်လိုစိစစ်ခဲ့လည်း မသိပါဘူး၊ အခု ကော်မရှင်အဖွဲ့ခွဲ ကလည်း အသစ်ဖွဲ့ထားတာ ဆိုတော့ လူဟောင်းတွေက မပါတော့ဘူးလေ၊ သူမွေးဖွားချိန်မှာ မိဘနှစ်ပါးက နိုင်ငံသား မဟုတ်ဘူးလို့ တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးရွှေမောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှုတ်ထွက် ပြီးနောက် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ရန် အမည်စာ ရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဟုတ်သောကြောင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချခံရခြင်းနှင့် ပတ်သက်ပြီး ဦးရွှေမောင်ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသော ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်က စိစစ်ခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ချို့ယွင်းချက်များရှိကြောင်း ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။

“ဒီကိစ္စက ၂၀၁၀ တုန်းက စိစစ်တဲ့ နေရာမှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ မှာ ချို့ယွင်းချက်တွေ ရှိခဲ့မယ် ထင်တယ်၊ အခုလည်း ပယ်ချခံရသူ အနေနဲ့ မဟုတ်ရင် မဟုတ်ကြောင်း အယူခံဝင်ပိုင်ခွင့် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် လွှတ်တော် အတွင်း ရောက်ရှိနေသူသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဥပဒေ နည်းဥပဒေများနှင့် မကိုက်ညီသူ ဖြစ်ပါက ၂၀၁၀ အထွေ ထွေရွေး ကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှု ရှိမရှိကို ချိန်းထိုး စဉ်းစားနိုင်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစော သန်းမြင့်က သုံးသပ်ပြောဆိုသည်။

“အရင်တုန်းက နောက်ခံပါတီကြီး တစ်ခုကြောင့် ဥပဒေကို ကျော်လုပ်ခဲ့ပေ မယ့်၊ အခုပါတီကြီးကို ကိုယ်စား မပြုတဲ့ အချိန်မှာ ဒီလိုဖြစ်လာတဲ့ သဘောလို့ ယူဆလို့ရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ ပုဒ်မခွဲ (င) တွင် ကိုယ်စားလှယ်လောင်းသည် ၎င်းမွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါး မှ ဖြစ်စေ၊ နှစ်ပါး လုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားဖြစ်ပါက ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေရ ဟု ပြဋ္ဌာန်းထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List