Tuesday, August 25, 2015

မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့် နိုင်ငံ၌သာမက ချမ်းသာပြီး ပညာရေးစနစ် မြင့်သည့် နိုင်ငံများမှာပင် ဘွဲ့ရပြီး အလုပ်မရှိသည့် အခြေအနေများ ရှိနေ၍ အသက်မွေးဝမ်းကျောင်း ပညာများကို အားပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့်နိုင်ငံတွင်သာမက ချမ်းသာပြီးပညာရေး စနစ်မြင့်သည့် နိုင်ငံများ၌ပင် ဘွဲ့ ရပြီး အလုပ်မရှိသည့် အခြေအနေများ ရှိနေ၍ အသက်မွေးဝမ်းကျောင်း ပညာများကို အားပေးရန် သြဂုတ် ၂၃ ရက်က ကော့မှူးမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ HTCA ဟိုတယ် လုပ်ငန်းခွင်ဆိုင်ရာ အခမဲ့ သင်တန်းကျောင်း၏ ပထမအကြိမ်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ သင်တန်းသား မိဘများ၊ သံတမန်များ၊ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ လည်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူ ၈၉ ဦးကို ဒေါ်အောင်ဆန်းစုကြည် က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ယခု သင်တန်းသား၊ သင်တန်းသူ အားလုံးသည် ရန်ကုန် နှင့် နေပြည်တော်ရှိ ဟိုတယ်များ၏ အလုပ်ခေါ်စာများ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဖြစ်နေသည့်ဘွဲ့ရများ အလွန်များပြား ကြောင်း မြန်မာနိုင်ငံရှိ ကျောင်းသူ ကျောင်းသားများ ဘွဲ့ရပြီး အလုပ်မရသည့်ဘ၀ကလွတ်မြောက်ရန် အသက်မွေးဝမ်းကျောင်းပညာ ကျောင်း များ ကို ထူထောင်ချင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အသက်မွေးဝမ်းကျောင်း ပညာသည် ဂုဏ်ယူထိုက်သည့် ပညာဖြစ်ကြောင်း၊ တက္ကသိုလ်ဘွဲ့ရရန် တစ်ခု တည်း မျှော်မှန်းခြင်းမျိုး မဟုတ်ဘဲ ကိုယ်နေထိုင် သည့် လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးရှိစွာ အများကို အကျိုးပြုနိုင်သည့် ပညာတစ်ခု ရထားရန်မှာ အဓိကဆိုသည်ကို ကျောင်းသားများ၊ ကျောင်းသားမိဘများ နားလည်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့် နိုင်ငံတွင်သာမက ချမ်းသာပြီး ပညာရေးစနစ် မြင့်သည့် နိုင်ငံများတွင်လည်း ဘွဲ့ရပြီး ပီပီပြင်ပြင် အလုပ်မရသည့် အခြေအနေမျိုး ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒါကြောင့် ကျွန်မတို့ဟာ အသက်မွေးဝမ်း ကျောင်းပညာကို အားပေးရမယ်။ အသက်မွေးဝမ်းကျောင်း ပညာကို အားပေးသလို ကျွန်မတို့လူငယ်တွေဟာ ကိုယ့်ရဲ့ဘ၀မှာ ကိုယ့်ဘာသာ ကိုယ် ရပ်တည်နိုင်တဲ့ အခြေအနေ ရောက်တဲ့အခါကျရင် ကိုယ့်ရဲ့အသိုင်းအ၀ိုင်းကို ပြန်ပြီးတော့ ကြည့်စေ ချင်ပါတယ်။ ကျွန်မတို့ ပညာသင်ပေးလိုက်တာ ကိုယ့်တစ်ယောက်တည်းအတွက် လုပ်ဖို့ဆိုတဲ့ စိတ်ဓာတ် မျိုးနဲ့ သင်ပေးတာ မဟုတ်ပါဘူး။ အများအတွက် အကျိုးပြုနိုင်ဖို့ ဆိုတဲ့  စိတ်ဓာတ်ရှိဖို့ လိုပါတယ်။ ဒီကျောင်း ကနေ ထွက်သွားတဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ဟာ နိုင်ငံကို အကျိုးပြုချင်တဲ့ စိတ်ဓာတ်၊ ကိုယ့်အသိုင်း အ၀ိုင်းကို  အကျိုးပြုချင်တဲ့ စိတ်ဓာတ်၊ ကိုယ်ပြန်ပြီးတော့ ကိုယ်ရခဲ့သလို ပြန်ပေးဆပ်ချင်တဲ့ စိတ်ဓာတ်၊ ကျွန်မတို့ ကျောင်းကို ပြန်ဆပ်ဖို့ပြောတာ မဟုတ်ဘူး။ 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပြန်ဆပ်ဖို့ ပြောတာမဟုတ်ဘူး။ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းကို ပြန်ဆပ်ဖို့။ ကိုယ်က ရခဲ့တဲ့ အကူအညီတွေကို ပြန်ပြီးတော့ တစ်နည်းနည်းနဲ့ ပေးနိုင်ဖို့ အဲဒီစိတ်ဓာတ်နဲ့ ဆက်ပြီးလုပ် မယ်ဆိုရင် ကျွန်မတို့ တကယ်အောင်မြင်ပြီ ဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံသည် ဆင်းရဲသည့်အတွက် နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် တစ်ဦး အပေါ်တစ်ဦး အကျိုးပြုချင် သည့် စိတ်ဓာတ်များကို မွေးမြူရမည် ဖြစ်ပြီး မိမိအကျိုး၊ မိမိချမ်းသာရေးကိုသာ လုပ်ဆောင်မည်ဆိုသည့် စိတ်ရှိပါက နိုင်ငံတိုးတက်မည် မဟုတ်ဟုလည်း ၎င်းကဆိုသည်။

“နိုင်ငံ့အကျိုး၊ ဒေသအကျိုး လုပ်ရမယ်ဆိုတဲ့ စိတ်များဖြစ်ပေါ်လာအောင် သားသမီးများကို မိဘများက အားပေးရမယ်။ နောက်ဆုံးကျရင် ကိုယ့်နိုင်ငံ တင် မဟုတ်ဘူး။ ကိုယ်နေတဲ့ ကမ္ဘာကြီး ကောင်းကျိုးအတွက် လုပ်ဖို့ကို ဦးတည်ရမှာပါ။ အဲဒါမှ တကယ့်ကို ပြည့်ဝပြီးတော့ အဆင့်မြင့်တဲ့ လူသားတွေ ဖြစ်လာမှာ ဖြစ်ပါ တယ်။ တကယ့်တန်ဖိုးဆိုတာ ဘာလဲ။ တကယ့်တန်ဖိုးဆို တာ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ကမ္ဘာကြီး၊ ကိုယ် ကမ္ဘာကြီးမှာ နေတဲ့ လူသား တွေကို အကျိုးပြုနိုင်တဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ မိဘများကလည်း ဒါကို အားပေးစေချင်ပါတယ် တိုက်တွန်းစေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည် က ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List