Monday, August 24, 2015

သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားအပါအ၀င် အောင်မြင်သည့်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သည့် ငါးထပ်ကွမ်း အကယ်ဒမီဆုရှင် ဒါရိုက်တာမောင်တင်ဦး ကွယ်လွန်


ဒါရိုက်တာမောင်တင်ဦးသည် သြဂုတ် ၂၄ ရက်နံနက် ၉ နာရီတွင် မန္တလေးမြို့ရှိ နေအိမ်၌ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။ အကယ်ဒမီမောင်တင်ဦးသည် ကွယ်လွန်ချိန်တွင် အသက်(၇၅) ရှိပြီး အသည်းရောဂါဝေဒနာဖြင့် ကွယ်လွန် သွားခြင်းဖြစ်ကြောင်း သိရသည်။ 

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။ ဒါရိုက်တာအကယ်ဒမီ မောင်တင်ဦးသည် ကွယ်လွန်ခဲ့ပြီးဖြစ်သော သရုပ်ဆောင်အဆိုတော် ဇော်ဝမ်း၏ အစ်ကိုအရင်းလည်း ဖြစ်သည်။

ဒါရိုက်တာမောင်တင်ဦး၏ နာရေးအစီအစဉ်ကို သြဂုတ် ၂၇ ရက်ညနေ ၃ နာရီတွင် မန္တလေးမြို့၌ပင် မီးသဂြိုဟ်သွားမည် ဖြစ်ကာ ရန်ကုန်မြို့မှ ဒါရိုက်တာမောင်တင်ဦး၏ တပည့်အနုပညာရှင်အများအပြားက သွားရောက်ပို့ဆောင်ဂါရ၀ပြုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒါရိုက်တာမောင်တင်ဦး ကွယ်လွန် ခြင်းနှင့်ပတ်သက်၍ တပည့်ရင်း တစ်ဦး ဖြစ်သူ ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင် မောင်က “ဒါရိုက်တာသင်တန်း စတက်ကတည်းက နောက်ဆုံးအချိန်အထိ သင်ကြားပေးခဲ့တဲ့ လက်ဦး ဆရာတစ် ယောက်ပါ။ စင်ရော်မောင်မောင်ဆိုတာ ဖြစ်လာအောင် မွေးဖွားပေးခဲ့တဲ့သူ၊ မေသန်းနုဆိုတာဖြစ်လာအောင် မွေးဖွား ပေးခဲ့တဲ့သူ၊ အောင်မြင်တဲ့အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့တဲ့သူ လို့ပြောလို့ရပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ကို ကမ္ဘာကသိစေခဲ့တဲ့ “သင်္ကြန်မိုး” ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တယ်။ မန္တလေးမြို့ရဲ့သီချင်းတွေ၊ အနုပညာဖန်တီးမှုတွေ များစွာကို ဖော်ထုတ်ပေးခဲ့တယ်။ ကင်မရာရိုက်ချက်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံး ဒါရိုက်တာကြီးပါ။ သူကွယ်လွန် သွားတာ ကျွန်တော့်အဖေအရင်း ဆုံးရှုံးလိုက်ရသလိုပါပဲ” ဟု ပြောပြခဲ့သည်။

သရုပ်ဆောင်အကယ်ဒမီ မေသန်းနုကလည်း “မဆင့်တို့ သင်္ကြန်မိုးဇာတ် ကားကို ပထမဆုံး စတင်ရိုက်ကူးခွင့်ရတော့ ပထမဆုံး ဆုံစည်းခွင့်ရတဲ့ ဆရာဒါရိုက်တာတစ်ယောက်ပါ။ ပြောင်မြောက်တဲ့ အနုပညာဖန်တီးမှုများစွာ လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ယောက် ကွယ်လွန်သွားတာဖြစ်တဲ့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါပဲ။ မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေ ကွဲရပါတယ်။ မဆင့်တို့ တပည့်တွေဆရာ့နောက်ဆုံးခရီးကို သွားရောက် ဂါရ၀ပြုဖို့ စီစဉ်နေကြပါတယ်” ဟုဆိုပါသည်။

သရုပ်ဆောင်အကယ်ဒမီ ဇင်ဝိုင်းကလည်း “၀မ်းနည်းကြေကွဲရလို့ ဘယ်လို ပြောရမှန်းတောင် မသိဘူး။ ဖခင်တစ် ယောက် ဆုံးရှုံးလိုက်ရသလိုပါပဲ” ဟုဝမ်းနည်းမှုအား ပြောပြခဲ့သည်။

“ရှင်နည်းရာအဂ္ဂထွက်ဆိုသလို ထူးချွန်တဲ့ အနုပညာရှင် ရှားပါတယ်ဆိုမှ အခုတစ်ယောက် ဆုံးရှုံးရတာနှမြောကြေကွဲ မိပါတယ်။ ဒီလမ်းကို လူတိုင်း သွားကြရမယ် ဆိုပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ် တာကြောင့် ပိုပြီးဝမ်းနည်းမိတာပါ” ဟု ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်ကလည်း ဆိုပါသည်။

ဒါရိုက်တာအကယ်ဒမီ မောင်တင်ဦးသည် ၁၉၇၂ ခုနှစ်တွင် နေထွက်သောည ရုပ်ရှင်ဇာတ်ကား၊ ၁၉၇၈ ခုနှစ်တွင် တစ်ခါကတစ်ဘ၀ ရုပ်ရှင်ဇာတ်ကား၊ ၁၉၈၅ ခုနှစ် တွင် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၊ ၁၉၉၅ ခုနှစ်တွင် တိုက်ပွဲခေါ်သံ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားများဖြင့် အကယ်ဒမီငါးဆုဆွတ်ခူးရရှိ ထားပြီး “နေထွက်သောည”၊ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”၊ “ဒဏ္ဍာရီ” စသည့် ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ရိုက်ကူးဖန်တီး ခဲ့သူ ဖြစ်သည်။ 

ဒါရိုက်တာအကယ်ဒမီ မောင်တင်ဦးသည် အောင်မြင်သည့်အနုပညာရှင် များစွာကိုလည်း မွေးထုတ်ပေးခဲ့သူတစ်ဦး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List