Wednesday, August 26, 2015

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ဟု ဆို


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီ အချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့တို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။

သို့သော်လည်း ထောက်ခံအကူ အညီပေးရန် တောင်းဆိုသော နိုင်ငံရေး ပါတီများ၏ အမည်ကိုမူ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း ၎င်းကဆိုသည်။

“ပါတီ နှစ်ခု၊ သုံးခုလို့ ပြောတယ်၊ တိတိကျကျ ပြောသွားတာတော့ မဟုတ်ဘူး၊ တပ်မတော်က ထောက်ခံ ပေးဖို့ ဆိုပြီး တောင်းဆိုထားတယ်လို့ ပြောပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး သူ့ဘက်က ဘာမှ တုံ့ပြန်ခြင်းမရှိခဲ့ဘူး ဆိုတာကိုလည်း ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် တပ်မတော်၏ နိုင်ငံရေး ဦးဆောင်ကဏ္ဍကို လျှော့ချရန် လိုအပ်နေချိန်တွင် တပ်မတော်ထံ ထောက်ခံမှုကို ရယူရန်အတွက် တောင်းဆိုစာ ပေးပို့ခြင်းသည် နိုင်ငံရေး ပါတီတစ်ရပ် အနေနှင့် ဆောင်ရွက်ရန် မသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒါကတော့ ကလေးဆန်တယ်လို့ပဲ ပြောရမှာပဲ၊ ဘယ်ပါတီပဲဖြစ်ဖြစ် အင်စတီကျူးရှင်း အချင်းချင်း အပြန်အ လှန် ထိန်းကျောင်းပြီး သွားရမယ့်အချိန်မှာ ကိုယ့်ကို ထောက်ခံပေးပါလို့ တောင်းဆို တာကတော့ မသင့်ပါ ဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော် အနေနှင့် နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး လုံးဝဘက်လိုက်မှု မရှိကြောင်းနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ မဲဆန္ဒပေးမှုနှင့် ပတ် သက်၍ တပ်မတော်၏ ရပ်တည်ချက် သဘောထားကို နားလည်စေရန် ရှင်းလင်း ပြောကြားထား ကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုလာသည့် ရလဒ်အပေါ်တွင် လည်း ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ဆောင်ရွက်သွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း မြဝတီ သတင်းဋ္ဌာနတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List