Friday, August 28, 2015

ဆင်ရိုင်းအုပ် အိမ်ပြန်ပို့ခြင်း ထင်သလောက် မလွယ်ပါ


သြဂုတ် ၂၇ ရက် နံနက်ခင်းမှာတော့ တောဆင်ရိုင်းအုပ်ကို ကျောက်ပန်းတောင်းမြို့ တောင်ဘက်ရှစ်မိုင် ခန့်ဝေးသည့် လွန်ပင်ကုန်းရွာအနီးတွင် တွေ့နေပြီဟု သတင်းရရှိသည်။ ဆင်နောက်ကို တောက်လျှောက် လိုက်နေသည့် ပုပ္ပားတောင်ချစ်သူများအသင်း နာယကဆရာတော် ဦးယုဇနနှင့်အတူ ဆင်နောက်ကို အမြန် လိုက်ကြသည်။ ဆရာတော်က လက်ကိုင်စကားပြော စက်တစ်လုံးလှမ်းပစ်ပေးသည်။  ဆင်သတင်းနား ထောင်ရန်နှင့် လူစုမကွဲ စေရန်ဟု ပြောသည်။

လွန်ပင်ကုန်းရွာနားရောက်တော့ ဆင်တွေက လွန်ပင်ကုန်းနှင့် သစ်စက်ပင်ရွာ၊ ကံရင်းရွာတို့ ဖိုခုံလောက် ဆိုင်နားက လျှိုထဲမှာ ရောက်နေသည်ဟု ကြားတော့အပြေးအလွှားသွားကြသည်။ ဒေသခံတွေကလည်း ယခင်နေ့များ အတိုင်း ဆိုင်ကယ်တွေ ကိုယ်စီဖြင့် တဖုန်းဖုန်းမောင်းလိုက်လာကြသည်။ 

ထိုနေရာရောက်တော့ စိတ်ထဲစိုးရိမ်စိတ် ဖြစ်လာသည်။ မကြာပါ။ ကျွန်တော်တို့ ရှိနေသည့်နေရာ၏ တောင်ဘက်လယ်ကွင်းထဲမှာ လူ သုံး၊လေးယောက်ပြေးလာကြသည်။ အချို့က ကောက်ရိုးပုံအမြင့်ကြီးပေါ် ခုန်တက်ပြေးကြသည်။ စကားပြောစက်မှာလည်း ဆင်တစ်ကောင်အဲဒီဘက် ကွဲကျန်ရစ်ခဲ့သည်ဟု  လှမ်း ပြောလာသည်။ ကျွန်တော်တို့လည်း ပြေးရမည် လား၊ ဘာဆက်လုပ်ရမည်မှန်းမသိ။ ထန်းပင်တွေနားကပ် နေကြသည်။ ဆင်ကတော့ကျွန်တော်တို့ မျက်စိရှေ့ရောက်မလာသေး။

တစ်အောင့်လောက်နေ တော့ ဆရာတော် ဦးယုဇနက ဦးဆောင်ကာ ကျွန်တော်တို့တစ်တွေဒေသခံ တစ်ဦး ၏ လယ်ထွန်စက် ကြီးဖြင့် ဆင်ရှာထွက်ကြသည်။ ဆရာတော်နှင့် အဖွဲ့တွေက သစ်တောဦးစီးဌာနနှင့် အချိတ်အဆက်ရှိသည်။ ဆင်တွေ့လျှင် စက်ဖြင့် လှမ်းပြောကာ ဆင်တွေ လာရာ လမ်းကြောင်းပေါ်ရောက် အောင် မောင်းကြမည်ဖြစ်သည်။

ဆင်တွေက လျှိုတွေထဲက သွားတာမို့ လျှိုထဲဆင်းကြည့်ကြ သည်။ သဲပြင်ပေါ်ဝယ်ဆင်ခြေရာ ကြီးအချို့ကို တွေ့တော့ လိုက် ကြည့်ကြသည့် ဒေသခံအချို့ မျက်လုံးပြူးသွားသည်။ သစ်တောဝန် ထမ်းတွေကတော့ ဒေသခံတွေ တအားမရဲဖို့ အသက်အန္တရာယ် ပါ ထိခိုက်နိုင်သည့်အကြောင်း ချော့၍ တစ်မျိုး၊ ခြောက်၍ တစ်ဖုံ ပြောသည်။ သို့သော်အညာဒေသမှာ ဆင်တွေ ခုလို သွားလာနေတာမမြင်ဖူးကြသည်မို့ ပြောမရကြ ပါ။

နေ့ခင်း ၁၂ နာရီကျော် လောက်မှာတော့ ကျွန်တော်တို့ ဖြတ်ခဲ့သည့်လျှို ထဲတွင် ဆင်တွေ သွားတာကို ထင်းထင်းကြီးမြင်ရ ပါတော့သည်။ သို့သော် သူတို့ သွားလာနေကြတာက လုံးဝ အသံမထွက်။ သစ်တော ဦးစီးဌာနက လူတွေကလည်း ဆင်တွေကို မျက်ခြည်မပြတ်စေရန် ထက်ကြပ် မကွာ လိုက်နေကြသည်။

ဆင်ကိုလိုက်သာကြည့်နေ သည့် ဒေသခံတွေရှိပြီး ကြောက် နေကြတဲ့သူ တွေလည်းရှိသည်။ ‘‘အခုအချိန်ဆို ပဲဆွတ်ချိန်လေ။ ဆင်တွေကြောက်လို့ ဘယ်သူမှ ယာထဲမဆင်းရဲကြဘူး။ ယာထဲမှာ နေတဲ့သူတွေလည်း ဆင်ကြောက်လို့ ရွာထဲက အိမ်တွေဆီလှည်း တွေနဲ့ ပြန်ပြောင်းနေကြပြီ’’ဟု လွန်ပင်ကုန်းကျေးရွာသား တစ်ဦး က ပြောသည်။

ညနေ ၃ နာရီလောက်ကျ တော့ ဆင်တွေက သစ်စက်ပင်ရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲလောက်အကွာ လျှိုတစ်ခုထဲ ရောက်သွားသည်။ ဆင်တွေရှိသည့် လျှိုထဲမှာ ၀ူးခနဲမြည်သံကြားလိုက်ရသည်။ သွားစုံစမ်း ကြည့်တော့ ဒေသခံ တစ်ဦးက ခဲဖြင့် ပေါက်၍ ဒေါသထွက်ကာ ပြန်အော်တာဟုသိရသည်။ နံနက်ခင်းတုန်း ကလည်း ဒေသခံတစ်ယောက်လေးခွဖြင့်ပစ်၍  ဆင်ဒေါသထွက်ခဲ့သေးသည်။ သို့ သော် ဆင်က နှာမောင်း ဖြင့်  သဲများကို ကော်ပက် တာလောက်သာတုံ့ပြန်ခဲ့သည်။

ဆင်ဖမ်းရာသို့ လာရောက် ကူညီနေသည့် သစ်တောဦးစီးဝန် ထမ်းဟောင်း ဆင်ဆရာတစ်ဦး ကတော့ ယခုဆင်များသည် ဆင် ရိုင်းများမဟုတ်ဘဲ လမ်းမှားလာ ၍ လမ်းမှန်ရောက်အောင်ကြိုးစား နေကြခြင်း သာဖြစ်ပြီး လူတွေနှင့် ဝေးရာကိုသာ ရှောင်ခွာသွားလာ နေကြခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် ဆင်များကို ထိခိုက်စေ သည့် အပြုအမူများမပြုလုပ်ရန် အရေးကြီး ကြောင်းပြောသည်။

ယခုလက်ရှိမှာ ဆင်ငယ် တစ်ကောင်ကတော့ခြေထောက် နာ၍ ညောင်ဦးနယ်ထဲတွင် ကျန် ရစ်ခဲ့ကာ ထိုဆင်ငယ်ကို  သစ်တောဝန်ထမ်း များက  လိုက်လံ ကြည့်ရှုနေသည်။ ထိုဆင်ငယ်မှာ သူ့မိသားစုဆင်များ ပြန်လာလေမလားဟု မူလနေရာတွင်သာ ရစ်ဝဲနေပြီး ဆင်ငါးကောင်အဖွဲ့ ကတော့ ယမန်နေ့အထိ ပြန်လှည့် ခေါ်ရန် စိတ်ကူးပုံရသည်ဟု ဆင်ဆရာကပြောပြသည်။ သို့သော် သူတို့အတွက် အန္တရာယ်ရှိလာ နိုင်သဖြင့် ပြန်လှည့်ကြတော့မည်မဟုတ်ဟုဆင်ဆရာက မှတ်ချက်ပြုသည်။

‘‘အတတ်နိုင်ဆုံးတော့ သူတို့ မိသားစုတွေဆုံအောင် လုပ်ပေးမှာပါ။ ဘယ်လိုမှ မရတော့ဘူးဆို ရင်တော့ ကျန်ခဲ့တဲ့အငယ်လေး  ကို မင်းလှအထက်က မြောက်ဇာ မဏီဆင်သဘာဝထိန်းသိမ်းရေး တောထဲ ပို့ပေးရ မှာပါ’’ဟု ဆင် ဆရာကပြောပြသည်။ ထိုဆင်ငယ်လေးကို သြဂုတ်၂၈ ရက်တွင် မေ့ဆေးသေနတ်ဖြင့်ပစ်ဖမ်း ဖွယ် ရှိနေကြောင်း သစ်တောဝန်ထမ်းတစ်ဦးကပြောသည်။

လျှိုထဲရောက်နေသည့် ဆင် များကို သစ်တောဦးစီးဌာနနှင့် ဆင်ထိန်းဆရာ တွေက နောက် ထပ်ရောက် လာသည့် အိမ်ဆင် (ဆင်ယဉ်)နှစ်ကောင်အပါ အ၀င် ဆင်ယဉ်ငါးကောင်ဖြင့် မောင်းရန် စီစဉ်သည်။ သူတို့စီစဉ်ထားသည် က တောဆင်ရိုင်းအဖွဲ့အား ဆင်ယဉ်များက ပစောက်ပုံစံခြံရံကာ နောက်မှ လိုက်မည်။ လူတွေက အတွင်းထဲက၀င်ကာ မောင်းပြီး သူတို့လာခဲ့သည့် နတ်မောက် သစ်တောကြိုးဝိုင်း ဘက် ပြန်ပို့ရန် စီစဉ်ထားခြင်းဖြစ်သည်။ ညနေ ၅ နာရီခန့်မှာတော့ ထိုအစီအစဉ် စသည်။ ထိုအချိန် မိုးကသဲကြီးမဲ ကြီးရွာချပါလေသည်။

 အစီအစဉ်က ပြောသ လောက်တော့ မလွယ်ကူ။ ဆင် ရိုင်းတွေရှိနေသည့် လျှိုက တော နည်းနည်းထူနေ သည်။ ဆင်ယဉ် တွေက နောက်ကလိုက် ကာမောင်း နေသော်လည်း ဆင်ရိုင်းတွေက လျှိုထဲခေါက်တုံ့ ခေါက်ပြန်သွား လာနေသည်။ လူတွေကလည်း လျှိုရဲ့ ဟိုဘက်သည်ဘက် အသံ ပေးကာ မောင်းနေသည်။ သို့ သော် မမောင်းတတ်သဖြင့် လူတွေရှိသည့်ဘက် တက်ပြေးလာမည်စိုးတာကြောင့် တချို့တွေက မြေပဲရိုး ပုံတွေအောက် ၀င်အောင်းကြသည်။ တချို့က သစ်ပင်ပေါ်ပြေးတက်ဖို့ အပင်ခြေရင်းမှာ စောင့်နေကြသည်။

လူတွေဆင်တွေဖြင့် ခြောက် တာကြောင့် ထိုလျှိုအတွင်းမှတစ် ဆင့် ရည်ရွယ်ထားသည့် မူလလမ်းကြောင်း ဘက် ဦးတည်ကာ ပြေးဝင်သွားခဲ့ သည်။ သို့သော် ည ၉ နာရီထိ သတင်းများအရ ကျောက်ပန်းတောင်းမြို့ နယ် စံပြ ရွာအနီးတွင် ပျောက်သွားခဲ့သည်ဟု ဆင်နောက်လိုက်နေသူများက ဖုန်းဖြင့်လှမ်းပြောကြသည်။ မနက် ဖြန်တော့ ရည်ရွယ်ထားသည့် နတ်မောက်နယ်ဘက် ရောက် သွားနိုင်သည်ဟုလည်း ခန့်မှန်းနေ ကြသည်။ သို့သော် ဒေသခံအချို့ ကတော့ ဌာနဆိုင်ရာတွေ လုပ်ပုံ ကိုင်ပုံကို သိပ်အားမရ။

ပုံမှန်ဆို ဆင်တွေက တစ်နာ ရီမိုင် ၂၀ နှုန်းလောက်သာ ဖြည်း ဖြည်းမှန်မှန် ဖြင့် သွားလာတတ် သော်လည်း ယခုဆင်အုပ်ကမူ ယင်းနှုန်းထက်ပိုသည့် အမြန်နှုန်း ဖြင့် သွားလာနေကြသည်ဟု ဆင် ဆရာတစ်ဦးက ရှင်းပြသည်။ ပြီး တော့ဆင်တွေက ညဘက်မှာ တစ်ခါအိပ်လျှင် မိနစ် ၂၀ နှုန်း လောက်ဖြင့် သုံးခါလောက် အိပ်ပြီး ခရီးဆက်ထွက်လေ့ရှိကြသည် ဟု ဆင်ဆရာက ဆိုသည်။ ထို့ ကြောင့် တစ်နေ့လုံးလိုက်လာ သည့် ဆင် ညကျတစ်ခါခြေရာ ပျောက်သည်။ တစ်နေ့တစ်နေ့ နံနက်လင်းတာနဲ့ ဆင်ရောက် သည့်နေရာရှာ နေရတာဖြင့် နေ့ တစ်ဝက်ကျိုးသည်။ ထို့ကြောင့် ဆင်တွေနောက်ထက် ကြပ်မကွာ လိုက်နေတာမျိုး၊ ရဟတ်ယာဉ်တွေဖြင့် ရှာဖွေမျိုးဖြစ်စေချင်ကြ သည်။ ဒေသခံတွေကတော့ စိတ်အေးလက်အေးလုပ်ငန်းခွင် ပြန်လည် ၀င်ချင်နေကြပြီဖြစ်သည်။ မနက် ဖြန်တော့ ဆင်တွေ သူတို့နေရာ ဖြစ်သော နတ်မောက်သစ် တော ကြိုးဝိုင်းသို့ ပြန်ရောက်၊ မရောက် ဆိုတာကတော့ဖြင့် ဆက်လက် စောင့်ကြည့်ရပါဦးမည်။

7Day News Journal

No comments:

Post a Comment

My Blog List