သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ စက်မှု ထိပ်သီးနိုင်ငံများ G20 အစည်းအဝေးအတွင်း ကမ္ဘာ့ခေါင်းဆောင် တွေက ကမ္ဘာ့ငွေကြေးဌာနတွေ တိုးတက်မှုရှိဖို့၊ အလုပ်အကိုင် အခွင့်အရေး ပိုမို ရှိလာဖို့နဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် အာရုံထားဖို့ သဘောတူခဲ့ကြပါတယ်။
G20 အစည်းအဝေးကို ပြီးခဲ့တဲ့ စနေနေ့နဲ့ တနင်္ဂနွေနေ့က နှစ်ရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
G20 အစည်းအဝေးမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကတော့ ဒီအစည်းအဝေးအတွင်း စစ်မှန်ပြီး လက်တွေ့ကျတဲ့ ရလဒ်တွေ ရရှိခဲ့ပြီး ဒီသဘောတူညီချက်တွေကြောင့် ကမ္ဘာ့တဝှမ်းလုံးက လူတွေ ပိုမို ကောင်းစားလာနိုင်တယ်လို့ ပြောပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရှိလာဖို့၊ စီးပွားရေးကဏ္ဍမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့နဲ့ ညစ်ညမ်းကာ ဗွန် ဓာတ်ငွေ့တွေ လျှော့ချဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အချက်ပေါင်း ၈၀၀ ကို အကောင်အ ထည်ဖော် ဖို့ သဘောတူခဲ့ကြပါတယ်။
အဲဒီလို လုပ်ငန်းတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆစ်ဒနီမြို့မှာ ကမ္ဘာ့အခြေခံ အဆောက်အဦး ဆိုင်ရာ ဗဟိုဌာန တစ်ခုထားရှိဖို့ သဘောတူကြ သလို ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းခွင်ကဏ္ဍမှာ အမျိုး သမီးတွေ ပါဝင်မှုကို ၂၅% တိုးဖို့ ရည်ရွယ်ကြပါတယ်။
အဲဒီလုပ်ဆောင်ချက်ကြောင့် အမျိုးသမီးဦးရေ သန်း ၁၀၀ လောက် လုပ်ငန်းခွင်မှာ ဝင်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်ဆောင်မှုတွေ၊ အခွန်လိမ်မှုတွေနဲ့ လာဒ်စားမှုတွေကို တိုက် ဖျက်ဖို့လည်း သဘောတူကြပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အခွန်လိမ်ညာမှုတွေ လုပ်နေတာကို ၂၀၁၅ နှစ်ကုန်မှာ တိုက်ဖျက်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ညစ်ညမ်းကာဗွန်ဓာတ်ငွေ့တွေကို အဖွဲ့ဝင်နိုင်ငံတိုင်းက လျှော့ ချကြဖို့ သဘောတူခဲ့ကြသလို သဘာဝ ပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေကို တိုးမြင့်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။
G20 ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ သဘောတူညီချက်တွေကို တကယ် အကောင်ထည်ဖော်မလား မဖော်ဘူးလားဆိုတာကို နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်း IMF က စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုအပေါ် အားရကျေနပ်မိပေမယ့် တကယ် လုပ်ဆောင်မှု ရှိမရှိ ဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။
G20 ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို ကမ္ဘာ့ဘဏ်ကလည်း ကြိုဆိုလိုက်ပါတယ်။
G20 အစည်းအဝေးအတွင်း စီးပွားရေး၊ အလုပ်အကိုင်နဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အကြောင်းကို ဆွေးနွေးခဲ့သြသလို အီဘိုလာ ရောဂါ တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
လာမယ့် နှစ်အတွက် G20 အစည်းအဝေးကို တူရကီက လက်ခံ ကျင်းပ မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိပါတယ်။
ABC
No comments:
Post a Comment