Monday, July 21, 2014

ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူ ခဲ့သော်လည်း မြေပြင်တွင် စီမံကိန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်း မရှိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် တင်ပြ


ဝန်ကြီးဌာနများသည် စီမံကိန်းများဆောင်ရွက်ရန် ဘတ်ဂျက်များ ထုတ်ယူခဲ့သော်လည်း မြေပြင်တွင် စီမံ ကိန်းများ အမှန်တကယ် ဆောင်ရွက်ထားခြင်းမရှိကြောင်း NLD ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။

ဇူလိုင် ၁၆ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လစာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်း စစ်ချုပ်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အုပ်ချုပ်ရေး လက်လှမ်းမီသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ လုပ်ငန်းစီမံကိန်းများ ပြီးစီးမှု ရာခိုင်နှုန်း ၉၀ ဟုဆိုသည်မှာ မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း မိမိနိုင်ငံအတွင်း အဝေးဆုံးနေရာ တွင်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၏ လက်အောက်ခံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လဟယ်မြို့၌ ချထားပေးသော စီမံကိန်းများမှာ နိုင်ငံတော်ဘတ်ဂျက်ငွေများ ထုတ်ယူထားပြီးသော်လည်း ဖော်ပြထားသော စီမံကိန်းများအတိုင်း ဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိရသည်ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ဥပမာအားဖြင့် လဟယ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမှ လဟယ်ရဲစခန်းနှင့် လူပျိုဆောင်များဆောက်လုပ်ရန် ကျပ် ၆၃.၃၆ သန်း ထုတ်ယူထားသော်လည်း ယခုအချိန်အထိ လုပ်ငန်းလုပ်ဆောင်ခြင်း လုံးဝမရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တံတားများဆောက်ရန် ကျပ် ၁၃၉၀ သန်း ထုတ်ယူထားသော်လည်း လုပ်ငန်းဆောင်ရွက်မှု ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း၊ တံတားဆောက်ရန်ဟု ဘဏ္ဍာငွေ ထုတ်ထားသော်လည်း အချို့နေရာတွင် ဆိုင်ကယ်လမ်းပင် မရှိသေးခြင်း၊ လမ်းအူကြောင်းပင် မရှာ ရသေးခြင်းနှင့် မည်သည့်လုပ်ငန်းမျှ အမှန်တကယ်ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ၎င်းကဆွေးနွေးသည်။

လဟယ်၊ သံဖြူဇရပ်၊ ပင်းတယ အစရှိသောမြို့များ၌ ကျေးလက်ရေလုံအိမ်သာ စီမံကိန်းကို လူကြီးများ လာရောက်ကြည့်ရှုနိုင်ရန်အတွက်သာ ဟန်ပြတည်ဆောက်ထားခြင်း၊ ထို့အတူ ကျေးရွာများ၌ တန်ဖိုး နည်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဘတ်ဂျက်များ တောင်းခံ ထားသော်လည်း အမှန်တကယ် ဖော်ပြထားသော အလုံးရေအတိုင်း တည်ဆောက်ထားခြင်းမရှိဘဲ အလွန်သေးသယ်နေသဖြင့် ရည်ရွယ်ချက်အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုဆုံးဖြစ်စဉ်မှာ မွေးမြူရေးခြံများ တည်ဆောက်ရေးအတွက်ဟုဆိုကာ တစ်မြို့နယ်လျှင် ကျပ်သန်းပေါင်း ၂၅ သန်း ထုတ်ယူထားသော်လည်း ဖြစ်မြောက်အောင်မြင်သော မွေးမြူရေးခြံများ စစ်ဆေးတွေ့ရှိမှုအရ မတွေ့ရှိခဲ့ရဘဲ စာရင်းတွင် နွားနောက်အကောင်ရေ ၁၀၀ မွေးမြူ မည်ဟု ဖော်ပြထားသော်လည်း နွားနှစ်ကောင်သာ တွေ့ရှိခဲ့ရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သောက်ရေကန် ၅ ကန် တူးဖော်ရန် ကျပ်သန်း ၅၀ ထုတ်ယူထားသော်လည်း အမှန်တကယ်တွင် တစ်ကန်သာ တူးဖော်ထားသည်ကို တွေ့ရကြောင်း၊ လဟယ်မြို့နယ်၌ အသေးစားရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ကျပ် ၆၀.၇ သန်း ထုတ်ယူထားသော်လည်း လုံးဝအကောင်အထည်ဖော် တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းကတင်ပြခဲ့သည်။

“ဒါတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဒီပြည်သူရဲ့ ငွေတွေကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ဖို့ စာအုပ်ပေါ်မှာ ဖော်ပြထားတဲ့ စီမံကိန်းတွေ အမှန်တကယ် လုပ်ဆောင်ခြင်း ရှိ၊ မရှိ၊ မရှိရင်လည်း ဘာကြောင့် ဘတ်ဂျက်တွေယူထားပြီး အလုပ်မလုပ်ကြသလဲဆိုတာကို လွှတ်တော်နဲ့တကွ ပြည်သူတွေအားလုံး သိရှိစစ်ဆေးဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့် မရှိစေရန် ရည်ရွယ်တာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

၎င်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ရာတွင် “နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ၀န်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား အလေးထားလိုက်နာခြင်း မရှိကြောင်း၊ တင်ဒါမခေါ်ဘဲ ကုမ္ပဏီများနှင့် ချိတ်ဆက်လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ပစ္စည်းဝယ်ယူခြင်းများသည် ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးဖြောင့်သည့်သဘော သက်ရောက်ကြောင်း” ဖော်ပြထားသည်။

ထို့ပြင် ၀န်ကြီးဌာနများအတွင်း ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုများကို ညွှန်ကြားရေး မှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲများက ပြုလုပ်နေကြောင်း ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖော်ပြခဲ့သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List