သတင်းလွတ်လပ်ခွင့်နှင့်အတူ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို အပြည့်အ၀အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးသည့်အပြင် ဂျာနယ်လစ်များကို ဖမ်းဆီးအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတခြင်း မရှိသော ထောင်ဒဏ်ချမှတ် မှုများလည်း မြန်မာနိုင်ငံ၌ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိသည်။
ထိုအချိန်တွင် ခေတ်အဆက်ဆက် အစိုးရ၏ ၀ါဒဖြန့်ချိရေး ယန္တရားအဖြစ် ရပ်တည်ကာ ယခုအစိုးရ လက်ထက်၌လည်း ပြည်သူ့ဘဏ္ဍာငွေ အသုံးပြု ဆက်လက်ရပ်တည်နေသည့် ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲထားသော ကြေညာချက်မူကြမ်းတစ်ရပ် ထွက်ပေါ်လာသည်။
မီဒီယာအားလုံးနှင့် သက်ဆိုင်သည်
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက် မူကြမ်းသည် “လူမှုတာဝန်သိသော မီဒီယာများ၏ ကြော်ငြာဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း သည့် ကြေညာချက် နောက်ဆုံးမူကြမ်း” ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲခဲ့သည့် ကြော်ငြာဆိုင်ရာ မူဝါဒများသည် ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်း များနှင့် အယ်ဒီတာတည်းဖြတ်မှုရှိသော အင်တာနက်မီဒီယာတွင် ကြော်ငြာ များကို ထည့်သွင်းဖော်ပြရာ၌ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအဖြစ် ဖော်ပြထားသည်။
အဆိုပါမူကြမ်းပါ အချက်များကို လိုက်နာရမည့်သူများကို ညွှန်းဆိုရာ၌ အစိုးရမီဒီယာ (သို့မဟုတ်) ပုဂ္ဂလိကမီဒီယာဟူ၍ သဲသဲကွဲကွဲ ဖော်ပြခဲ့ခြင်း မရှိဘဲ “လူမှုတာဝန်သိသော မီဒီယာ” ဟူသော ခေါင်းစဉ် သစ်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ် သည်။
သို့သော် ယင်းကြေညာချက်သည် မီဒီယာအားလုံးနှင့် သက်ဆိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ဆိုသည်။
“မီဒီယာဆိုတော့ အားလုံးပေါ့။ ကျွန်မတို့ စားသုံးသူကာကွယ်ရေး ဥပဒေလေ။ နည်းဥပဒေလည်း ထွက်တော့မယ်။ ဥပဒေက ထွက်ပြီးပြီပေါ့နော်။ စာသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ငြိတဲ့ အရာတွေကတော့ အဲဒီ ဥပဒေနဲ့ သွားမှာပေါ့” ဟု ဒေါ်သီတာတင်က ဆိုသည်။
ထို့ပြင် ယခုကြေညာချက်မူကြမ်းကို ဗြိတိန်နိုင်ငံမှ မီဒီယာဥပဒေပညာရှင် တစ်ဦး၏ အကြံပြုချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း ဒေါ်သီတာတင်က ပြောကြားသည်။
ကြော်ငြာဆိုင်ရာ မူဝါဒကြေညာချက်မူကြမ်းကို ထုတ်ပြန်ရာ၌ မည်သူများ လိုက်နာရမည်ဆိုခြင်းကို သဲကွဲ စွာဖော်ပြခဲ့ခြင်း မရှိသည့်အတွက် ရှုပ်ထွေးသည့်ပုံစံ ဖြစ်ခဲ့သည်။
“သူတို့က မရှင်းမရှင်း လုပ်ထားတာပဲ။ ရှေ့ပိုင်းမှာက သူတို့လိုက်နာမယ့် မူဝါဒလိုလို ရေးထားတယ်။ နောက်ပိုင်းမှာတော့ အားလုံးလိုက်နာရမယ့်ပုံမျိုး ရေးထားတယ်” ဟု DVB သတင်းဌာနရုံး၏ ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက်ရုံးမှ ဦးခင်မောင်စိုးက ဆိုသည်။
ကြေညာချက်မှာ ဘာတွေဖော်ပြထားလဲ
ကြော်ငြာမူဝါဒများ၏ ရည်ရွယ်ချက်သည် လူမှုတာဝန်သိသော မီဒီယာများအား ပြည်သူများ ယုံကြည်မှု ပိုမိုရရှိရေးနှင့် ယင်းမီဒီယာတွင်ပါဝင်သော ကြော်ငြာများနှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ အငြင်းပွားမှုများ လျော့နည်းစေရန် ရည်ရွယ်ပြီး ထိုရည်ရွယ်ချက်သည် အစိုးရက အကောင်အထည်ဖော်နေသည့် ဈေးကွက် စီးပွားရေးနှင့်အညီ လွတ်လပ်၍ တရားမျှတသော ယှဉ်ပြိုင်မှုကို ကျင့်ဝတ်နှင့်အညီ အားပေးရန်ဟူ၍ ဖွင့်ဆို ခဲ့သည်။
ကြော်ငြာမူဝါဒများမှာ အဓိကကဏ္ဍ ၁၄ ခုနှင့် သက်ဆိုင်ပြီး (၁) နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ၊ (၂) ဘာသာရေးနှင့် ယဉ်ကျေးမှု၊ (၃) ပညာရေး၊ (၄) ဆေးလိပ်/ဆေးရွက်ကြီး/အရက်နှင့် အခြားအလားတူ ပစ္စည်းများ၊ (၅) တရားမ၀င်ထီ သို့မဟုတ် ထီကဲ့သို့ အခြားကံစမ်း ကစားနည်းနှင့် အခြားသောလောင်း ကစားခြင်းများ၊ (၆) ကုသိုလ်ဖြစ် အသင်းအဖွဲ့များ၊ (၇) ကလေးသူငယ်နှင့် လူငယ်ဆိုင်ရာ၊ (၈) ပုဂ္ဂလိကလွတ်လပ်ခွင့်၊ (၉) ဆေးဝါးနှင့် ဆက်စပ်ထုတ်ကုန်များ၊ (၁၀) ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ထုတ်ကုန်များ၊ (၁၁) တိကျမှန်ကန်မှု၊ (၁၂) ထုတ်ကုန်ကို သွယ်ဝိုက်ဖော်ပြမှု၊ (၁၃) ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်၊ (၁၄) ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစရှိသည်တို့ ဖြစ်ကြသည်။
ထို့နောက် ကဏ္ဍ ၁၄ ခုအနက် တစ်ခုချင်းစီအတွက် လိုက်နာရမည့် အချက်များကိုလည်း ကန့်သတ် ချက်များဖြင့် ရေးဆွဲခဲ့သည်။
ဘာတွေလိုက်နာရမလဲ
ကြေညာချက်မူကြမ်း၌ ဖော်ပြချက်အရ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ ကြော်ငြာအမျိုးအစားတွင် (၁) နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အကြီးအကဲ (သို့မဟုတ်) နိုင်ငံတော်ငွေကြေး သင်္ကေတကို မလေးစားရာရောက်သည့် တင်ပြချက်နှင့် ဖော်ပြချက်များ (၂) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိခိုက်စေသော တင်ပြချက်နှင့် ဖော်ပြချက်ကြော်ငြာများကို ဖော်ပြခြင်းမပြုရန် တားမြစ်ခဲ့သည်။
နိုင်ငံရေးပါတီ တစ်ရပ်ရပ် (သို့မဟုတ်) ပါတီဝင်တစ်ဦးဦးနှင့် သက်ဆိုင်သော ကြော်ငြာများကိုမူ တည်ဆဲဥပဒေနှင့် ဆန့်ကျင်ပါက ကြော်ငြာခြင်းမပြုဟု သတ်မှတ်ခဲ့သည်။
ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့နှင့် ပတ်သက်သော ကြော်ငြာများတွင် ပုံမှန်ပြဋ္ဌာန်းလေ့ရှိသော အချက်များအပြင် တစ်ဦးချင်းကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ ထိခိုက်နိုင်ဖွယ်ရာဖြစ်စေသည့် စကားလုံးနှင့် အသုံးအနှုန်းများကို ကြော်ငြာခွင့်မပြုကြောင်း သတ်မှတ်ပြီး လိင်၊ ကာမရာဂနှင့် ပတ်သက်သော ကြော်ငြာများကိုလည်း ခွင့်မပြုကြောင်း ဖော်ပြသည်။ ထို့ပြင် ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းကို ဖြစ်စေသည့် ကြော်ငြာများအား ကြော်ငြာခွင့်မပေးသည့်အပြင် လူကုန်ကူးမှုကို အားပေးသည့် ကြော်ငြာများ၊ လူ့သိက္ခာကို ညှိုးနွမ်းထိခိုက်စေသော (သို့မဟုတ်) မသန်စွမ်းသူများကို လှောင်ပြောင်သရော်သော ဖော်ပြချက်များ (သို့မဟုတ်) ပြကွင်းပြကွက်များ ပါရှိသည့် ကြော်ငြာများကို ဖော်ပြခြင်းမပြုရန် သတ်မှတ်သည်။
ထို့အတူ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်နှင့် အလားတူ အခြားပစ္စည်းများနှင့် ပတ်သက်သော ထုတ်ကုန် များအတွက် ကြော်ငြာများနှင့် ယင်းတို့အား ရောင်းချမှု (သို့မဟုတ်) စားသုံးမှုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးသည့်ကြော်ငြာများကို ဖော်ပြခြင်းမပြုရန် တားမြစ်ခဲ့သည်။ အထူးပြုအနေဖြင့် အဆိုပါထုတ်ကုန် တစ်ခုခုအတွက် အစားထိုကြော်ငြာခြင်းကိုလည်း ဖော်ပြခွင့်မပြုကြောင်း သတ်မှတ်ခဲ့ သည်။
တရားမ၀င်ထီ(သို့မဟုတ်) ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းများနှင့် အခြားသော လောင်းကစားခြင်း များကို အားပေးရာရောက်သည့် ကြော်ငြာများအား ဖော်ပြခွင့်မပြုပေ။
ကုသိုလ်ဖြစ် အသင်းအဖွဲ့များနှင့်ပတ်သက်၍ ကုသိုလ်ဖြစ် အသင်းအဖွဲ့များကို မြှင့်တင်သည့် ကြော်ငြာများ (သို့မဟုတ်) ယင်းတို့၏ လှုပ်ရှားမှုများကို ဖော်ပြသည့် ကြော်ငြာများနှင့် စပ်လျဉ်း၍ ထိုအဖွဲ့အစည်းများ၏ တိကျမှန်ကန်မှုကို စိစစ်ပြီးမှသာ ဖော်ပြရမည်ဟု ဆိုသည်။
ဝန်ကြီးဌာန ခွင့်ပြုချက်လိုအပ်သော ကြော်ငြာများ
နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အရက်နှင့် ဆေးလိပ်ဆေးရွက်ကြီးနှင့် ဆက်စပ်သော ကြော်ငြာများအတွက် တားမြစ်ချက်များသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်းမှ သတင်းမီဒီယာများအတွက် ထုတ်ပြန်ခဲ့သော “အသေးစိတ် အခြေခံရမည့် အချက်များ” စာရင်းမှ ဆင့်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုထွက်ပေါ်ခဲ့သည့် ကြေညာချက်မူကြမ်းတွင် ဖော်ပြထားချက်အရ အချို့ကြော်ငြာများမှာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသောဌာန (သို့မဟုတ်) ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ကြော်ငြာနိုင်မည့် ပုံစံများလည်း ပါရှိခဲ့သည်။
ပညာရေးနှင့်သက်ဆိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်း/ပုဂ္ဂလိကကျောင်း/တက္ကသိုလ်/ကောလိပ်ကြော်ငြာများသည် သက်ဆိုင်ရာဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသည့် အထောက်အထားဖြင့်သာ ဖော်ပြခွင့်ရှိမည်ဖြစ်သည်။
ဆေးဝါးများ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ကုန်များ (သို့မဟုတ်) ၀န်ဆောင်မှုများအတွက် ထည့်သွင်းသော ကြော်ငြာများနှင့် ပတ်သက်၍ အချက်လေးချက်ကို တင်းကျပ်စွာ လိုက်နာရမည်ဟု ဆိုသည်။
ထိုအချက်လေးချက်အနက် သမားရိုးကျမဟုတ်သော ကုထုံးများနှင့် အလားတူ ကုထုံးများအတွက် ကြော်ငြာများကို ကြော်ငြာခွင့်မပြုရန် တားမြစ်ခဲ့သည်။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးခြင်း၊ သွေး (သို့မဟုတ်) ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်း (သို့မဟုတ်) ပေးသွင်းခြင်းဆိုင်ရာ ကြော်ငြာများအတွက် ကျန်းမားရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ခွင့်ပြုချက်ယူပြီးမှ ဖော်ပြရမည်ဖြစ်သည်။
ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်း၊ သင်တန်းအမျိုးအစားနှင့် ဆေးဝါးဆိုင်ရာ ၀န်ဆောင်မှုများ အတွက် ကြော်ငြာများမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။
ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ (သို့မဟုတ်) ထုတ်ကုန်များတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်း ချခြင်း (သို့မဟုတ်) ပေးသွင်းခြင်းနှင့် စပ်လျဉ်းသည့် ကြော်ငြာများသည်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ ဖော်ပြခွင့်ရှိသည်။
ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အာမခံနှင့် အခြားအလားတူ ၀န်ဆောင်မှုများ (သို့မဟုတ်) ထုတ်ကုန်များ အတွက် ကြော်ငြာများသည် သက်ဆိုင်ရာအစိုးရဌာန (သို့မဟုတ်) အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းချက် များနှင့် ကိုက်ညီရမည်ဟု ဆိုသည်။
ကြော်ငြာတိုင်း ဈေးနှုန်းဖော်ပြရမည်
မီဒီယာအားလုံးတွင် ဖော်ပြမည့် ကြော်ငြာများနှင့်ပတ်သက်၍ တိကျမှန်ကန်မှု ရှိရန်အတွက် ထည့်သွင်း သည့်ကြော်ငြာများတွင် ကုန်ပစ္စည်းဈေးနှုန်း အမှန်ကိုပါ ဖော်ပြရမည်ဟု ဆိုသည်။ ထိုသို့ ဖော်ပြမှသာ တိကျမှန်ကန်မှုစံနှုန်းနှင့် ကိုက်ညီမည်ဟု ကြော်ငြာဆိုင်ရာ မူဝါဒများ ကြေညာချက်မူကြမ်း၌ ဖော်ပြခဲ့သည်။
မူကြမ်း၌ ထည့်သွင်းခဲ့သော သတ်မှတ်ချက်တွင် တိကျမှန်ကန်မှု စံနှုန်းများနှင့် ကိုက်ညီရမည်ဟုဆိုသော ဖွင့်ဆိုချက်အောက်၌ အချက်ငါးချက်ကို ဖော်ပြခဲ့သည်။
ထိုအချက်များမှာ (၁) ကြော်ငြာသည့်ကုန်ပစ္စည်း (သို့မဟုတ်) ၀န်ဆောင်မှုသည် စစ်မှန်မှုရှိရမည်။ ကြော်ငြာသည့်ပစ္စည်းနှင့် စပ်လျဉ်း၍ အရည်အသွေး မှန်ကန်မှုရှိကြောင်း သက်သေအထောက်အထားနှင့် ဈေးနှုန်း၊ ၀န်ဆောင်မှု၊ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်သည့် ကာလဆိုင်ရာ အသုံးပြုပုံနည်းလမ်း အချက်အလက် အပြည့်အစုံ ပါရှိရမည်၊ (၂) ကြော်ငြာတင်ဆက်မှုတွင် အသုံးအနှုန်းနှင့် ရေးသားဖော်ပြချက်များ မှန်ကန်ပြေပြစ်ရမည်၊ (၃) ကြော်ငြာတွင် ထည့်သွင်းအသုံးပြုသည့် အချက်အလက်၊ ကိန်းဂဏန်းများသည် မှန်ကန်သော သုတေသနပြုချက်များမှ ရရှိသည့် ကိန်းဂဏန်းများ ဖြစ်ရမည်။ ယင်းအတွက် တရားဝင် တိကျခိုင်မာသည့် အထောက်အထားများကို တင်ပြနိုင်ရမည်၊ (၄) ပြည်သူများ အထင်အမြင် လွဲမှားစေနိုင်သော၊ လှည့်စားထားသော ထိုကဲ့သို့ ဖြစ်စေနိုင်သော ကြော်ငြာမျိုး မဟုတ်ရ၊ (၅) ကြော်ငြာဖော်ပြချက်များသည် သတင်းများ၊ ဆောင်းပါးများ၊ ရုပ်သံမှတ်တမ်းများနှင့် သိသာထင်ရှားစွာ ကွဲပြားခြားနာရမည်တို့ ဖြစ်ကြသည်။
ထုတ်ကုန်ကို သွယ်ဝိုက်ဖော်ပြမှုနှင့် စပ်လျဉ်းသော ကြော်ငြာများတွင် ထုတ်ကုန်ကို သွယ်ဝိုက်ဖော်ပြမှု (သို့မဟုတ်) သွယ်ဝိုက်အရောင်းမြှင့်တင်မှု (embedded marketing) ကို ခွင့်မပြုကြောင်း ကြေညာချက် မူကြမ်း၌ ဖော်ပြသည်။ ထုတ်ကုန်ကို သွယ်ဝိုက်ဖော်ပြခြင်း ဆိုသည်မှာ အရောင်းမြှင့်တင်ခြင်းဖြင့် စီးပွားရေး အခွင့်အရေး ပိုမိုရရှိစေရန် ရည်ရွယ်၍ ပစ္စည်းတစ်ခု (သို့မဟုတ်) ၀န်ဆောင်မှုတစ်ခုကို အကြောင်းပြုပြီး အခြားပစ္စည်း (သို့မဟုတ်) ၀န်ဆောင်မှုတစ်ခုခုကို တွဲဖက်ကြော်ငြာခြင်းကို ခွင့်မပြုခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖွင့်ဆိုပါသည်။
သက်ဆိုင်ရာ မီဒီယာတစ်ခုချင်းစီအလိုက် ကြော်ငြာတစ်ခုခုကို လက်ခံခြင်းမပြုမီ အဆိုပါကြော်ငြာသည် ကြော်ငြာမူဝါဒဆိုင်ရာ ကြေညာချက်တွင် ဖော်ပြသော မူဝါဒများနှင့် ကိုက်ညီမှု ရှိ၊ မရှိ တာဝန်ရှိပုဂ္ဂိုလ်က အလေးထား စိစစ်ရမည်ဖြစ်ပြီး မူဝါဒများကို တည်ဆဲဥပဒေအရ တာဝန်ရှိသော အာဏာပိုင်က လိုအပ်သလို ပြင်ဆင်နိုင်သည်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် ယခုကြေညာချက်သည် တည်ဆဲဥပဒေများနှင့် တစ်စုံတစ်ရာ ဆန့်ကျင်ကွဲလွဲမှုရှိပါက တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပာယ်ကောက်ယူရမည်ဟု သတ်မှတ်ခဲ့သည်။
ဘယ်လို တုံ့ပြန်ကြသလဲ
ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲပြီး မီဒီယာတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု ပြောဆိုထား သည့် ကြော်ငြာဆိုင်ရာ မူဝါဒကြေညာချက် မူကြမ်းသည် “လူမှုတာဝန်သိ” ဟူသောခေါင်းစဉ်ဖြင့် “လူထုအကျိုး” ဟုဆိုကာ ကြားခံထား ပုံဖော်ခဲ့သော်လည်း ရှုပ်ထွေးမှုများ ရှိနေသည်။
အထူးသဖြင့် ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းလက်ထက် စာပေစိစစ်ရေး ရှိစဉ်ကပင် ချမှတ်ခဲ့သော မူဝါဒများထက် ယခုရေးဆွဲထားသော မူဝါဒများ ပိုမိုရှုပ်ထွေးနေခဲ့သည်။
ယင်းအပြင် သက်ဆိုင်ရာ ဥပဒေအလိုက် ပြဋ္ဌာန်းချက်များတွင် မပြုလုပ်ရဟူ၍ ဖော်ပြထားသည်များ၊ သက်ဆိုင်ရာ မီဒီယာတစ်ခုချင်းစီအလိုက် မီဒီယာသတင်းဌာနကြီးတိုင်းတွင် မိမိတို့ လိုက်နာဆောင်ရွက် ရမည့် ကြော်ငြာဆိုင်ရာ မူဝါဒများ ရှိထားလျက်ပင် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာများ လိုက်နာရမည့် ကြော်ငြာဆိုင်ရာ မူဝါဒမူကြမ်းများ ရေးဆွဲခဲ့ခြင်းသည် ရည်ရွယ်ချက်ကောင်း မဟုတ်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။
“သူတို့က တစ်ခုခုလုပ်ပြီဆိုရင် လုံခြုံရေးရှုထောင့်ကကြည့်ပြီး လုပ်တာပဲ။ အခုကလည်း တစ်ခုခု လုပ်ချင်တဲ့အတွက် ထုတ်ပြန်တယ်လို့ ထင်တယ်။ အစိုးရနဲ့ သက်ဆိုင်တဲ့ မီဒီယာတွေအတွက် ပြဋ္ဌာန်းတာကို လက်ခံတယ်။ ပုဂ္ဂလိက မီဒီယာတွေကို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ လုပ်တာကတော့ သူတို့မှာ ရည်ရွယ်ချက်တွေ အများကြီးရှိတယ်လို့ ထင်တယ်” ဟု စာရေးဆရာဦးသန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။
ဝါရင့်သတင်းစာဆရာကြီး တစ်ဦးဖြစ်သော ဦးခင်မောင်လေး (ဖိုးသောကြာ) ကမူ ၁၉၆၁ ခုနှစ်အချိန်က သံရုံးများနှင့် ပတ်သက်သော ၀ါဒဖြန့်ချိမှုများ ရှိခဲ့သဖြင့် ထိုကြော်ငြာများ ဖော်ပြခြင်းမပြုရန် ကန့်သတ်ချက်များ ရှိခဲ့ကြောင်း ပြောဆိုသည်။ သို့သော် ယခုကဲ့သို့ ကန့်သတ်ချက်မျိုး မရှိခဲ့ကြောင်းနှင့် ယခုကြေငြာချက်ပါ မူဝါဒအချို့မှာ မလိုအပ်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်း ဈေးနှုန်းဖော်ပြရမယ်ဆိုတာက မလိုအပ်ဘူး။ နောက်တစ်ခုက အရက်နဲ့ ဆေးရွက်ကြီးကြော်ငြာတွေ မကြော်ငြာရဘူးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒါတွေက နေရာအနှံ့မှာ ရှိနေတယ်။ အဲဒါမျိုးကျ ဘယ်လိုပြောမလဲ” ဟု ဦးခင်မောင်လေး (ဖိုးသောကြာ) က ဆိုသည်။
ရှေ့နောက် မညီမှုများ
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သည့် ကြော်ငြာဆိုင်ရာ မူဝါဒများ ကြေညာချက်မူကြမ်းသည် ရည်ရွယ်ချက်အမျိုးမျိုး ရှိနေနိုင်သည့်အပြင် ရေးဆွဲသော ရည်ရွယ်ချက်နှင့် ရေးဆွဲခဲ့သော မူဝါဒများကို ကြည့်ပါက ရှေ့နောက်မညီမှုများကို တွေ့ရသည်ဆိုသော ဝေဖန်မှုများလည်း ရှိနေသည်။
အထူးသဖြင့် ကြေညာချက်မူကြမ်း၏ ရည်ရွယ်ချက်တွင် “နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဈေးကွက်စီးပွားရေးနှင့်အညီ လွတ်လပ်၍ တရားမျှတသော ယှဉ်ပြိုင်မှုကို ကျင့်ဝတ်နှင့်အညီ အားပေးရန်” ဟု ဖော်ပြခဲ့သော်လည်း အချို့ကြော်ငြာများမှာ ၀န်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဖော်ပြရမည် ဖြစ်သည့်အတွက် မူလဖွင့်ဆိုသော “ဈေးကွက်စီးပွားရေး” ပုံစံနှင့် ဆန့်ကျင်ပြီး ဗျူရိုကရက်ပုံစံသို့ ပြောင်းလဲသွားကြောင်း ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။
“ဥပမာအားဖြင့် ပညာရေးနဲ့ပတ်သက်တဲ့ ကြော်ငြာတွေက သက်ဆိုင်ရာဌာနရဲ့ အထောက်အထားနဲ့ ဖော်ပြရမယ်ဆိုတဲ့ အချက်က ဈေးကွက်စီးပွားရေးပုံစံနဲ့ ဆန့်ကျင်နေတယ်။ ၀န်ကြီးဌာနရဲ့ ချုပ်ကိုင်မှု ရှိနေမယ်ပေါ့” ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုသည်။
ယင်းကဲ့သို့ ရည်ရွယ်ချက်နှင့် မူဝါဒဖွင့်ဆိုချက်များ ရှေ့နောက်မညီမှု ရှိနေသည့်နည်းတူ လက်တွေ့ မကျသော အချက်များလည်း ရှိနေသည်ဟု DVB သတင်းဌာန၏ ချင်းမိုင်အခြေစိုက်ရုံးမှ ဦးခင်မောင်စိုးက ပြောကြားသည်။
“ကြော်ငြာထည့်မယ့် မီဒီယာက ကြော်ငြာတဲ့ပစ္စည်းနဲ့ ၀န်ဆောင်မှုကို တာဝန်ခံပေးရမယ်ဆိုတဲ့ သဘောက လက်တွေ့မကျဘူး” ဟု ဦးခင်မောင်းစိုးက ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ယခုရေးဆွဲခဲ့သော ကြော်ငြာမူဝါဒ ပုံစံများသည် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ စင်ကာပူ အစရှိသော နိုင်ငံများတွင်လည်းရှိကြောင်း ပြောဆိုသော်လည်း အမေရိကန်နှင့် ဗြိတိန်တို့တွင်ရှိသော မီဒီယာကျွမ်းကျင်သူများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ရေးဆွဲထားသည့် ပုံစံကဲ့သို့ ရှုပ်ထွေးမှုမရှိကြောင်း သိရသည်။
ထို့အတူ ကြော်ငြာများတွင် ဈေးနှုန်းကို ထည့်သွင်းဖော်ပြရခြင်း၊ ကြော်ငြာပစ္စည်းနှင့် ၀န်ဆောင်မှုကို ကြော်ငြာလက်ခံသူက တာဝန်ခံပေးရခြင်းများလည်း အဓိပ္ပာယ်မရှိသော ပြဋ္ဌာန်းချက်များဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
ပုဂ္ဂလိကမီဒီယာများ၏ ကြော်ငြာဈေးကွက်ကို ထိန်းချုပ်ခြင်းလား
ကြော်ငြာဆိုင်ရာ မူဝါဒများမူကြမ်း၌ ဖွင့်ဆိုထားချက်ကို လေ့လာမည်ဆိုပါက အများပြည်သူအကျိုး ဆိုသည်ထက် ပုဂ္ဂလိကမီဒီယာများ၏ ကြော်ငြာဈေးကွက်ကို ထိန်းချုပ်မည့် ပုံသဏ္ဌာန်ဘက် ပိုမိုသက်ရောက်နေသည်ကို တွေ့ရှိရသည်။
“ပုဂ္ဂလိက မီဒီယာတွေအတွက် လက်တွေ့မကျတဲ့ စည်းကမ်းတွေ မူဝါဒတွေကို ချမှတ်ခြင်းအားဖြင့် ကြော်ငြာလက်ခံမယ့်သူရော ကြော်ငြာရှင်ရော တော်တော် တာဝန်ကြီးကုန်ပါမယ်” ဟု ဦးခင်မောင်စိုးက ဆိုသည်။
တစ်နည်းအားဖြင့် ထိုသို့ပြုလုပ်လိုက်သည်နှင့် ပုဂ္ဂလိကမီဒီယာများတွင် ကြော်ငြာထည့်သွင်းလိုမှု လျော့ပါးသွားပြီး အစိုးရမီဒီယာများတွင်မူ ကြော်ငြာရရှိမှု ပိုမိုလာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကြော်ငြာရှင်က တာဝန်နည်းတဲ့ အစိုးရမီဒီယာနဲ့ (နောက်တော့အများ ပြည်သူဝန်ဆောင်မှု မီဒီယာတွေ) မှာပဲ သွားထည့်မှာပေါ့။ ပုဂ္ဂလိက မီဒီယာတွေ ကြော်ငြာအရနည်းမယ်။ နောက်တော့ ပြုတ်ကုန်မှာပေါ့ဗျာ” ဟု ဦးခင်မောင်စိုးက ပြောကြားသည်။
လက်ရှိအချိန်တွင် အစိုးရမီဒီ ယာများက ပြည်သူ့ဘဏ္ဍာငွေဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ကြော်ငြာဈေး ကွက်ကိုလည်း လက်ဝါးကြီးအုပ်ထားသည်။ ပုဂ္ဂလိက မီဒီယာများမှာ ကြော်ငြာဝင်ငွေဖြင့် အဓိက ရပ်တည်နေရခြင်းဖြစ်သည်။ ထိုအချိန်၌ အာဏာရှင်စနစ်ကို လိုလားသူများက သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများ ရှိနေပြီး ပြန်ကြားရေးဝန်ကြီးဌာနကလည်း ကြော်ငြာမူဝါဒများ သတ်မှတ်ခြင်းဖြင့် ပုဂ္ဂလိကမီဒီယာများ၏ အဓိက၀င်ငွေကို ထိခိုက်စေရန် လုပ်ဆောင်သည့်ပုံသဏ္ဌာန်ကို ဖော်ဆောင်နေသည့် ပုံစံ ဖြစ်နေသည်။
“ဒီမူဝါဒတွေကြောင့် ကြော်ငြာရမှု နည်းလာမယ်။ ပုဂ္ဂလိက မီဒီယာတွေ ထိခိုက်လာမယ်” ဟု ဦးခင်မောင်လေး (ဖိုးသောကြာ) က ပြောကြားသည်။
“ကြော်ငြာဈေးကွက်ကို အစိုးရက လက်ဝါးကြီးအုပ်ထားတယ်။ ဒါပေမဲ့ အခုချိန်မှာ အစိုးရသတင်းစာတွေ စောင်ရေကျလာတယ်။ သတင်းစာဆိုတာက သတင်းနဲ့ ဆွဲဆောင်ရတာ။ သတင်းပိုင်းမှာ ပုဂ္ဂလိက မီဒီယာတွေကို သူတို့မယှဉ်နိုင်ဘူး။ ကြော်ငြာတွေက ပုဂ္ဂလိကမီဒီယာတွေဘက် တဖြည်းဖြည်းရောက် လာတယ်။ ဒီအချိန်မှာ ကြော်ငြာမူဝါဒဆိုတာ ပုဂ္ဂလိကမီဒီယာတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပဲ” ဟု စံတော်ချိန်သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲကျော်ခေါင်က ဆိုသည်။
ပုဂ္ဂလိကမီဒီယာတွေကို ပြန်ချုပ်တော့မလား
ယေဘုယျဆန်သော အသုံးအနှုန်းများဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သော ကြော်ငြာဆိုင်ရာ မူဝါဒများ ကြေညာချက်မူကြမ်းသည် ပုဂ္ဂလိကမီဒီယာများကို ပြန်ချုပ်မည့်သဘော သက်ရောက်နေသည်ဟု စာရေးဆရာ ဦးသန်းစိုး (ဘောဂဗေဒ)က ပြောကြားသည်။
“အခုချိန်မှာ ကြေညာချက်ထုတ်ရအောင် လိုအပ်လို့လား။ လွှတ်တော်မှာ ဆွေးနွေးတာလည်း မရှိဘူး။ ၀န်ကြီးဌာနတစ်ခုက လုပ်တာပဲရှိတယ်။ ပြည်တွင်းက ကြော်ငြာလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ မီဒီယာ သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲတာက သဘာဝကျရဲ့လား။ ယုတ္တိရှိရဲ့လား” ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုသည်။
ကြော်ငြာလုပ်ငန်းသည် မီဒီယာလုပ်ငန်း အမျိုးအစားတွင် ပါဝင်သည့်အတွက် မီဒီယာကို ကိုင်တွယ် ထားသော ပြန်ကြားရေးဝန်ကြီးဌာန၌ တာဝန်ရှိသည်ဟု ပြည်သူ့ဆက်ဆံရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ပြောကြားသည်။
“ပြန်ကြားရေးဆိုတာ သိတဲ့အတိုင်းပဲလေ။ မီဒီယာကို ကိုင်တာကိုး။ မီဒီယာရဲ့အပေါ်မှာ ကြော်ငြာ လုပ်ငန်းကလည်း မီဒီယာရဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်တယ်။ ကြော်ငြာခြင်းသည် အများပြည်သူကို သတင်း အချက်အလက်တွေ ပေးတာပဲ။ ကြော်ငြာတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေ ပေးတဲ့အတွက်ကြောင့် ကြော်ငြာလုပ်ငန်းသည်လည်း မီဒီယာအမျိုးအစားထဲမှာ ပါတဲ့အတွက်ကြောင့် ပြန်ကြားရေးအနေနဲ့ တာဝန်တစ်ခု ရှိပါတယ်” ဟု ဒေါ်သီတာတင်က ဆိုသည်။
သို့သော် ယခုကြေညာချက် မူကြမ်းသည် ဥပဒေမဟုတ်သည့်အတွက် ရေးဆွဲခဲ့သော မူဝါဒများသည် စားသုံးသူကာကွယ်ရေး ဥပဒေဖြင့်သာ ချိတ်ဆက်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်ပြီး ဒဂုံတက္ကသိုလ် နိုင်ငံတကာရေးရာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနသည် ယခင်အစိုးရလက်ထက်က အစိုးရ၏ ၀ါဒဖြန့်ချိရေး ဌာနအဖြစ် နာမည်ကျော်ခဲ့သော ဌာနဖြစ်ပြီး ဒေါ်သီတာတင်က အဆိုပါဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ယခုချိန်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်သည်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ပြန်ကြားရေးဝန်ကြီးဌာနသို့ ဒေါ်သီတာတင် ရောက်ရှိလာခြင်းနှင့်အတူ အစိုးရမီဒီယာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာ (PSM) သို့ ပြောင်းလဲမည့်အချိန်နှင့် တိုက်ဆိုင်နေပြီး ဒေါ်သီတာတင် ကလည်း PSM နှင့်ပတ်သက်သော ဆောင်းပါးများရေးသားခြင်း၊ ပြောဆိုခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက် ပုဂ္ဂလိကမီဒီယာအပေါ် ကိုင်တွယ်ဆောင်ရွက်မှုများသည် မေးခွန်းထုတ်စရာများ ရှိနေပြီး သတင်းမီဒီယာဥပဒေ အပါအ၀င် အခြားသော ကိစ္စရပ်များ၌ ဆောင်ရွက် ခဲ့သော ကိစ္စရပ်အချို့မှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းလက်ထက်က ဆောင်ရွက်ခဲ့သည် များထက်ပင် ပိုဆိုးသည့်ပုံစံပေါက်နေကြောင်း ဝေဖန်မှုများ ရှိနေပါသည်။
“ဦးအောင်ကြည်က ၀န်ကြီးဆိုတော့ သူ့လက်ထက်မှာလုပ်ခဲ့တဲ့ အရာတွေအတွက် တာဝန်ယူမှုတော့ ရှိရမှာပဲ။ သူ့မှာ တာဝန်ရှိတယ်လို့ ပြောနိုင်တယ်” ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးခင်မောင်လေး (ဖိုးသောကြာ) က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက သီးခြားကိုင်တွယ်ဆောင်ရွက်ရန် မလိုဘဲ အခြားရှိထားပြီးဖြစ်သည့် ဥပဒေ၊ တားမြစ်ချက်များဖြင့် ကြော်ငြာဆိုင်ရာ ကိစ္စရပ်များကို စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လုပ်ကိုင်နေချိန်၌ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာများလိုက်နာရန် ကြော်ငြာဆိုင်ရာ မူဝါဒများ ထပ်မံရေးဆွဲခဲ့ခြင်းသည် ရည်ရွယ်ချက်ကောင်းအဖြစ် ရှုမြင်သူ နည်းပါးခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကမူ ယခုရေးဆွဲထားသည် ကြော်ငြာဆိုင်ရာ မူဝါဒများကြေညာချက် နောက်ဆုံးမူကြမ်းကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အကျိုးသက်ရောက်စေရန် မျှော်မှန်းထားသည်။
Eleven Media Group
No comments:
Post a Comment