Friday, April 08, 2016

ဝင်းရော်ဒေသရှိ ကရင်စာပေ သင်ကြားသော ကျောင်းဆရာများကို ထောက်ပံ့ငွေတိုးပေးမည်ဟု ပြော


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ အစိုးရ ကျောင်းများ၌ ကရင်တိုင်းရင်းသား စာပေ သင်ကြားသော ကျောင်းဆရာများကို လာမည့် စာသင်နှစ်တွင် ထောက်ပံ့ငွေများတိုးပေးမည်ဟု ဧပြီ ၂ရက်နေ့က တောင်ဒီးကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ကရင်နှင့် အစိုးရပညာရေးဋ္ဌာနတို့ ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဝင်းရေးမြို့နယ် ကရင်ပညာရေးဋ္ဌာန(KED)က ပြောသည်။
ဝင်းရော်ဒေသရှိ အစိုးရကျောင်းများတွင် ကရင်တိုင်းရင်းသားစာပေ သင်ကြားနေသော ဆရာ၊ ဆရာမတစ်ဦးကို တစ်နှစ်လျှင် ကျပ်ငွေ ၂သိန်း၊ ၄သောင်းမှ လာမည့် ပညာသင်နှစ်တွင် ကျပ် ၃သိန်းနီးပါးအထိ ထောက်ပံ့ပေး သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဝင်းရေးမြို့နယ် ကရင်ပညာရေးဌာန(KED) ဒုပညာရေးမှူး စောရှထိုးဝေါက ယခုလို ပြောသည်။

“ဆရာ၊ ဆရာမတွေဟာ သူတို့ရတဲ့ လစာနဲ့ ရေရှည်စာသင်ကြားနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ သိတယ်။ ဒါကြောင့် ကျနော်တို့ ပညာရေးဌာနအနေနဲ့ ညှိနှိုင်းတွေ့ဆုံပြီး လာမည့်နှစ်မှာ တစ်နှစ်ကို သုံးသိန်း နီးပါး ပညာသင်ထောက်ပံ့ကြေးအပြင် စာရေးကိရိယာ၊ စာအုပ်၊ ကျောင်းဝတ်စုံများကိုလည်း နှစ်စဉ် ထောက်ပံ့ပေးသွားမယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဝင်းရော်ဒေသ၌ မွန်၊ ကရင်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားစာပေကို သင်ကြားနေသော ဆရာ၊ ဆရာမများအား အစိုးရ ပညာရေးဋ္ဌာနမှ တစ်လကျပ် (၃)သောင်းမှ လာမည့်နှစ်တွင် ယခုထက် အလားတူ ထောက်ပံ့ငွေ တိုးပေးသွား မည်ဟုလည်း ဝင်းရော်ဒေသ အစိုးရ ပညာရေးဋ္ဌာန တာဝန်ရှိသူများထံမှ သိရသည်။

ကရင်တိုင်းရင်းသားစာပေ သင်ကြားနေသော ဆရာမ နန်းအိမ်မှုဟီ “ကျမတို့က ကိုယ်ရဲ့တိုင်းရင်းသား စာပေတွေကို မြှင့်တင်ပေစေချင်လို့ စေတနာနဲ့ သင်ပေးတာပါ။ အခုလို လစာတိုးပေးမယ်ဆိုတော့လည်း ဝမ်းသာတာပေါ့။ ဒီထက်မက ပိုပြီးသင်ကြားပေးနိုင်ဖို့ ကြိုးစားနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နှင့်အစိုးရပညာရေးဌာနတို့ အပြန်အလှန် ယုံကြည်မှုရှိရန်နှင့် ပိုပြီးပူးပေါင်လုပ်ဆောင်နိုင်ရန် ပထမဦးဆုံး အကြိမ် ပြုလုပ်သော ယင်းပညာရေး နှီးနှောဖလှယ်ပွဲတွင် (KNU) ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ ပဒိုစောမောင်ရွှေ၊ ကရင်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အစိုးရ ပညာရေးဋ္ဌာနဘက်မှ တံခွန်တိုင် အထက်တန်းကျောင်းအုပ် ဦးမြင့်ထွန်း၊ ခလယ် အထက(ခွဲ) ကျောင်းအုပ် မန်းသိန်းဝင်းနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့သည်။

နှီးနှောဖလှယ်ပွဲ၌ ဝင်းရော်ဒေသရှိ အစိုးရ စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားနိုင်ခွင့်၊ ကျောင်းမနေနိုင်သည့် ကလေးများအတွက် ပညာသင်ထောက်ပံ့ပေးခြင်း၊ တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ၊ ဆရာမများ ရေရှည်ရပ်တည်နိုင်ရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ အစိုးရကျောင်းတွင် သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းချိန် ပြင်ပအနေဖြင့် ကရင်တိုင်းရင်းသား စာပေသင်ကြားနေသော ဆရာ၊ ဆရာမ စုစုပေါင်း ၂၀၀ ကျော် ရှိသည်ဟု ကရင်ပညာရေးဋ္ဌာန၏ ပြောပြချက်အရ သိရသည်။

KIC

No comments:

Post a Comment

My Blog List