Friday, April 08, 2016

ရေပူဆရာတော် အနေဖြင့် ကျောက်မျက်အရိုင်းရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ အမှုဖြစ်ပေါ်လာ သည်ဟု တရားလိုပြသက်သေ ထွက်ဆို


ရေပူဆရာတော်အနေဖြင့် ကျောက်မျက်အရိုင်း ရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ စေတီဟောင်းများ ရှင်းလင်းမှုကို ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ တိုင်တန်းရာမှ အမှုဖြစ်ပေါ်လာသည်ဟု ကျောက်မျက်မှုနှင့်ပတ် သက်ပြီး တရားလိုပြသက်သေ ထွေအုပ်စာရေးက ထွက်ဆိုခဲ့သည်။
ကျောက်မျက်မှုဖြင့် မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်ကို ဧပြီ ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ရာ တရားလိုပြ သက်သေအဖြစ် ရေပူအုပ်စု ကျဉ်တောင်ရပ်ကွက် ဆယ်အိမ်မှူး ဦးတင်စိုးနှင့် ရေပူရပ်ကွက် ထွေအုပ်စာရေး ဦးဇောစွတို့ကို နှစ်ဖက် ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းရာ အထက်ပါကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

တရားလိုပြ သက်သေဖြစ်သည့် ဦးတင်စိုးအား မေးမြန်းမှုတွင် ၎င်းက ရေပူဆရာတော်၏ လုပ်ဆောင်ချက်များသည် ကျောက်မျက် ရှာဖွေခြင်း မဟုတ်ကြောင်း၊ စေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် ဘက်ဟိုးစက် အဖွဲ့များအနေဖြင့်လည်း ဘုရားတည်မည့် ကိစ္စဖြစ်ခြင်း ကြောင့်သာ လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်မျက်ရှာဖွေခြင်း မဟုတ်ကြောင်း ထွက်ဆိုခဲ့သည်။

အလားတူ ရေပူရပ်ကွက် ထွေအုပ်စာရေး ဦးဇောစွအား ရေပူဆရာတော်၏ အကျိုးတော်ဆောင် ရှေ့နေများက မေးမြန်းရာတွင် ၎င်းက ရေပူကျောင်း ၀င်းအတွင်း တွေ့ရှိရသည့် အနေအထားများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ခိုင်းသဖြင့် ၎င်းကိုယ်တိုင် မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ပြီး ဓာတ်ပုံ များအားကူး၍ ထွေအုပ်ရုံးသို့ ပို့ပေးခဲ့ရကြောင်း၊ ရေပူဆရာတော် အနေဖြင့် မြေကြီးအတွင်းရှိ သဘာဝ ကျောက်မျက်အရိုင်းကို ရရှိရန် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟုဆိုလျှင် မေးခွန်းကို ဦးဇောစွမှ ‘မှန်ပါသည်’ ဟု ထွက်ဆိုခဲ့ပြီး ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍သာ ယခုအမှု ပေါ်ပေါက်ခြင်းဖြစ် ဆိုလျှင် မေးခွန်းကိုလည်း ၎င်းက ‘မှန်ပါသည်’ ဟု ထွက်ဆိုခဲ့သည်။

ကျောက်မျက်မှုအား ဆက်လက် စစ်ဆေးနိုင်ရန်အတွက် လာမည့်ဧပြီ ၂၁ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ စေတီဟောင်းများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီ တစ်ဆူ တည်ထား ကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်းတို့ ဆောင်ရွက်ရာမှ တရားမ၀င် ကျောက်မျက် တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့် တရားစွဲဆိုခဲ့ပြီး သာသနာ ညှိုနွမ်းစေသည်ဟုဆိုကာ စေတီဟောင်းများအနက် စေတီဟောင်းတစ်ဆူ၏ အလှူရှင်ဟုဆိုသူ ဦးဖေစိန်က တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ၀ယ်ယူစုဆောင်းထားသည့် သစ်များနှင့်ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေ ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုသုံးခုဖြင့် ၂၀၁၅ ခုနှစ် ဇွန် ၉ ရက်ညပိုင်းက ဆရာတော်အား လူဝတ်လဲ၍ ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က)(ခ)အရလည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ)ဖြင့် အမှုဖွင့် အရေးယူထားရာ အလားတူစေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တ ရားမောင်းသူ အရပ်သားသုံးဦးနှင့် ကပ္ပိယတစ်ဦးကိုလည်း ဆရာတော်နှင့်အတူ သာသနာ ညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List