Thursday, April 07, 2016

သမ္မတဦးထင်ကျော် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးအား ပထမဆုံး လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အီတလီနိုင်ငံခြား ရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြား ရေးဝန်ကြီးတို့ကို ဧပြီ ၆ ရက်တွင် သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့သည်။ နိုင်ငံတော်သမ္မတသည် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပေါ်လိုဂျန်တီလိုနီဆေလ် ဗာရီအား မွန်းလွဲ ၂ နာရီတွင် ဦးစွာ တွေ့ဆုံခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့် မားလာ စေရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
အီတလီ နိုင်ငံခြားရေး ဝန် ကြီးသည် သမ္မတသစ် ဦးထင် ကျော်ထံသို့ ပထမဆုံးလာရောက် တွေ့ဆုံသည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ ထို့ပြင် သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဝန်ကြီးများသည် အီတလီနိုင်ငံ ခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေး နွေးရာတွင် စကားပြန်မထားဘဲ အင်္ဂလိပ်ဘာသာစကားဖြင့် တိုက်ရိုက်ပြော ဆို ဆွေးနွေးခဲ့ခြင်းကို တွေ့ရသည်။ ယခင်အစိုးရများ လက်ထက်က နိုင်ငံခြား ဧည့် သည်များနှင့် တွေ့ဆုံဆွေးနွေး သည့်အခါတိုင်း စကားပြန် များဖြင့် သာပြောကြားလေ့ရှိခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး များဖြစ်သော ဒေါက်တာဖေမြင့်၊သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အီတလီ နိုင်ငံခြားရေး ဝန်ကြီးသည် သမ္မတသစ် ဦးထင်ကျော်နှင့် မတွေ့ ဆုံမီ နိုင်ငံခြားရေး ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်းနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ညနေ ၄ နာရီခွဲခန့်တွင် နိုင်ငံတော် သမ္မတသည် တရုတ်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးသည် နိုင်ငံ တော်သမ္မတနှင့်မတွေ့ဆုံမီ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဦးစွာတွေ့ဆုံခဲ့သည်။

‘‘နှစ်နိုင်ငံကြား စီမံကိန်းတွေ၊ နောက် ရင်းနှီးမြှုပ်နှံမှုတွေကို မြန် မာနိုင်ငံမှာ လုပ်နေတာတွေ၊ ဆက်ပြီး လုပ်ချင်တာတွေ သူတို့မှာရှိ တယ်လို့ပြောပါ တယ်’’ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက မီဒီယာများအားပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ဧပြီ ၅ ရက်က နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ရှင်းလင်းခဲ့ သည့် အချက် သုံးချက်ကိုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ထောက်ခံပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်ကုမ္ပဏီများ အနေ ဖြင့် မြန်မာနိုင်ငံ၏ဥပဒေများကို လေးစားလိုက် နာရန်၊ ဒေသခံ ပြည်သူများဖွံ့ဖြိုးတိုးတက်ရန် ကိစ္စရပ်များကို တရုတ်ကုမ္ပဏီ များထံသို့ ညွှန်ကြားထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ခဲ့သည်ဟု ဦးဇော်ဌေးကဆိုသည်။

ထို့အပြင် အမျိုးသား ပြန် လည်သင့်မြတ်ရေးအတွက် နယ် စပ်ဒေသ တည်ငြိမ်ရေး၊ နယ်စပ် ဒေသစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ မြှင့်တင်သွားနိုင်ရန် နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များကို ထည့်သွင်းဆောင် ရွက်ရန် ပြောကြားခဲ့ ကြောင်း သ တင်းရရှိသည်။

‘‘သမ္မတနှင့်တွေ့ဆုံမှုတွင် မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ခြင်း မရှိကြောင်း’’ ဦးဇော် ဌေးက မီဒီယာများ၏မေးမြန်းချက် ကို ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးက တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ယင်းဖိတ်ကြားချက်နှင့်ပတ်သက်၍ သမ္မတကဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်ပင်ကာ ခရီးစဉ်ရေးဆွဲ၍ လာရောက်မည်ဟု အကြောင်းပြန် ခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူတို့လည်း တက်ရောက်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List