Wednesday, April 06, 2016

အစိုးရအသစ်နှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ


ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးစီးသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်းအခမ်းအနားနှင့် တစ်ဆက် တည်းဆိုသလို ထိုနေ့မှာပင် သမ္မတအိမ်တော်တွင် သမ္မတအဟောင်းမှ သမ္မတအသစ်သို့လုပ်ငန်းတာဝန် များ လွှဲပြောင်းပေးခဲ့ခြင်းနှင့်အတူ အစိုးရအသစ်၏ သက်တမ်းသည်လည်း အစပျိုး စတင်လာခဲ့ပြီ ဖြစ်ပါသည်။
ထိုအစပျိုးသည့်နေ့မှာပင် နိုင်ငံတော်သမ္မတကိုယ်တိုင်ဦးစီးသည့် ဝန်ကြီးဌာန ၂၁ ခုမှ ဝန်ကြီးများပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့(အုပ်ချုပ်ရေးအဖွဲ့)ကိုလည်း ဖွဲ့စည်းပြီးခဲ့ပြီးဖြစ်ပါသည်။ ထိုဖွဲ့စည်းခဲ့သည့် အမိန့်ကြေညာစာ အရ ယခင်ရှိခဲ့ပြီးဖြစ်သည့် ဝန်ကြီးဌာန ၃၆ ခုကို ယခု ၂၁ ခုအဖြစ်သာထား ရှိခဲ့ပြီး ဝန်ကြီးအရေ အတွက်သည်ပင်လျှင် ၁၈ ဦးသာရှိခဲ့ပါသည်။ ယခင် ထက် နှိုင်းဆလျှင် ဝန်ကြီးအရေအတွက် တစ်ဝက်လျှော့ ချခဲ့ခြင်းပင်ဖြစ်လေ သည်။ ထို့နောက် ပိုထူးခြားသည့် အချက်မှာ အဆိုပါဝန်ကြီးဌာနများအတွက် ယခင်ဒုတိယဝန်ကြီး နှစ်ဦးစီ ထားရှိခဲ့ရာမှ ယခုအခါ တစ်ဦးတလေမှ မထား ရှိခဲ့တော့ခြင်းပင် ဖြစ်သည်။

ထိုသို့သောဖွဲ့စည်းခဲ့မှုကို လေ့လာကြည့်လျှင် အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်နေသည့် ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး၏ အမှန်တကယ် လုပ်ကိုင်နိုင်မှုအားသည် ယခင်ရှိနေခဲ့ပြီး သားဖြစ် သည့် နိုင်ငံ့ဝန်ထမ်းများ၏ ပခုံးအပေါ်သို့ လုံးလုံးကြီး ကျရောက်လာတော့မည်ဖြစ်သည်ကို တွေ့ရှိကြရ မည်ဖြစ်ပေသည်။ အချို့ဝန်ကြီးဌာန များသည် လေးဌာနပေါင်းပြီး ဝန်ကြီးတစ်ဦး၊ အချို့ ဝန်ကြီးဌာနများသည် သုံးဌာနပေါင်းပြီး ဝန်ကြီးတစ်ဦး နှင့် အချို့ဝန်ကြီးဌာန အတော်များများသည် နှစ်ဌာန ပေါင်းပြီး ဝန်ကြီး တစ်ဦးတည်းသာရှိနေကြသည်ကိုလည်း တွေ့ရှိကြရမည်ဖြစ် ပါသည်။

သို့သော်လည်း အဆိုပါဌာနများ၏ လုပ်ငန်းတာဝန် များသည်လည်း ကြီးမား မြားမြောင်လျက်ရှိနေကြရာ အဆိုပါလုပ်ငန်းများ အဆက်မပြတ်လည် ပတ်စေရေး၊ အဆင်ပြေချောမွေ့စေရေး၊ အချိန်အခါနှင့်အမီ ပြီးစီးအောင် မြင်ရေး၊ နိုင်ငံ့ဘဏ္ဍာများ မလေမလွင့် မဖိတ်မစဉ်အောင်ထိန်းသိမ်းလုပ် ဆောင်တတ်ရေးတို့သည် နိုင်ငံ့ဝန်ထမ်းများအပေါ်တွင်သာ လုံးလုံးတည်မီ လာနေ တော့မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးလာတော့မည်ဖြစ်ပါသည်။

ယခင်အစိုးရအဟောင်းလက်ထက်က ဝန်ကြီး၊ ဒုတိယဝန်ကြီးများ တာဝန် ယူလုပ်ဆောင်ခဲ့ကြရသည့် လုပ်ငန်းများအား ယခုအချိန်တွင် နိုင်ငံ့ဝန်ထမ်း အကြီး အမှူးများဖြစ်သည့် ဌာနပေါင်းစုံမှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြား ရေးမှူးချုပ်များကပင် တာဝန်ယူ ဆောင် ရွက်ကြရပေတော့မည်။

နိုင်ငံတော်တည်ဆောက်ရေးကိစ္စများကအစ ရုံးလုပ်ငန်းကိစ္စအဝဝအားလုံး မနှောင့်နှေးစေရေး တာဝန်ယူဆောင်ရွက်ကြရပေတော့မည်။ တာဝန်ခံကြ ရပေတော့မည်။ တာဝန်ရှိလာတော့ မည်လည်း ဖြစ်ပါသည်။ ထိုနည်းတူစွာ ပင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရုံးဌာနများ၊ ခရိုင်မြို့နယ်အဆင့် များမှ ရုံးဌာနများတွင် တာဝန်ယူဆောင်ရွက်ကြရသည့် နိုင်ငံ့ဝန်ထမ်း အရာ ထမ်း အမှုထမ်းအားလုံးတွင်လည်း ဆိုင်ရာဆိုင်ရာလုပ်ငန်းနယ်ပယ်များ အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု၊ တာဝန်ရှိမှုဟူသည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ မိမိအား ပေး အပ်ထားသော တာဝန်ကို ကျေပွန် အောင် စွမ်းစွမ်းတမံဆောင်ရွက်ရန် လိုလာတော့မည်ဖြစ် ပေသည်။

နိုင်ငံ့ဝန်ထမ်းများ နေ့စဉ်ဆိုကြရသည့် သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ် ရွက်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အစိုးရအသစ်၏ ဦးဆောင်မှုကိုခံယူကာ အရာရာကို ပြောင်းလဲလုပ်ဆောင်ကြ ရတော့မည့် အချိန်အခါ တစ်ခုကို လည်း အမှန်တကယ်ပင် ရောက်ရှိလာနေပြီဖြစ် ပါသည်။ မည်သို့ပင်ဆိုစေ ယနေ့အချိန်တွင် နိုင်ငံ့ဝန် ထမ်းများအနေဖြင့် အခြေအနေနှင့် အချိန်အခါ အပေါ် လိုက်ပြီး ပြောင်းလဲရန် အထူးလိုအပ်လာနေချိန်လည်း ဖြစ်ပါသည်။ ခေတ်ဟောင်းစနစ်ဟောင်းဆီမှ ပါရှိလာသည့် ပြုပြင်လို့မရနိုင်သေးသည့် အကျင့်ဆိုးများ၊ အဂ တိလိုက်စားမှုများကိုလည်း ယနေ့အချိန်တွင် အားလုံး ခဝါချကာ ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ကြရတော့မည် ဖြစ်ပါသည်။

ယခင်အစိုးရအဟောင်းလက်ထက်တွင် မြေစမ်း ခရမ်းပျိုးဆိုသလို မျိုးစေ့ချကြဲ လမ်းခင်းခဲ့ကြသည့် Clean Government, Good Governance ဖြစ်စေ ရေးအတွက် ဆောင်ရွက်ချက် လှိုင်း (Wave) များကို လည်း ပြန်လည်အသက်ဝင်ဖော်ဆောင်ကာ Top to Bottom စနစ်မှ Up to Bottom စနစ်ဖြစ်စေသည်အထိ ဆောင်ရွက်ကြရတော့မည့် အချိန်အခါ ကောင်း တစ်ခုကိုလည်း ရောက်ရှိနေလေပြီဖြစ်ပါသည်။

တစ်ဖက်ကကြည့်လျှင်လည်း အစိုးရအသစ်အနေ ဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာအပြင် ရုံးသုံးစရိတ်၊ ခရီးသွားစရိတ်၊ နေ့တွက်စရိတ်များကိုလည်း ပြင်ဆင်ပြောင်းလဲပေးနိုင်ရေး စိုင်းပြင်းထားသည်ဟု ကြားသိထားရပါသည်။ နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရန်၊ ကိုယ့်ဂုဏ်ကိုယ့် သိက္ခာနှင့်အညီ နေထိုင်ကျင့် ကြံတတ်စေရန် အားပေးမြှင့်တင်တော့မည် လည်း ဖြစ်သည်။ သည့်အတွက်ပင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခင်ကာလ များတွင် ဆောင်ရွက်ခဲ့ကြသည့် အရာရာသော ဥပဒေမဲ့ပြုကျင့်မှုမှန်သမျှကို လုံးဝစွန့်လွှတ်ကြရတော့မည်လည်းဖြစ်ပါသည်။

ပြည်သူများအတွင်း ဥပဒေမဲ့ လောင်းကစားမှုများ၊ ဥပဒေမဲ့ စီးပွားရှာနေ မှုများ၊ ဥပဒေကျော်လွန်ကာ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက် နေမှုများကို နိုင်ငံ့မျက်နှာတစ်ခုတည်းကိုသာ လျှင်ကြည့်ပြီး ဝိုင်းဝန်းတားဆီး ကြရတော့မည်လည်းဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ဥပဒေကို လေးစားလိုက်နာတတ်ကြသည့် အလေ့အကျင့်ကောင်းများစွဲကပ်လာအောင် လေ့ ကျင့်မွေးမြူကြရတော့မည်လည်း ဖြစ်ပါသည်။

ဌာနကြီးများမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများထံမှ ကောက်ခံ ရယူထားသည့် နိုင်ငံ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်အကောင်အထည်ဖော် ကြမည့် လမ်းတံတားစီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ၊ အိုးအိမ်၊ ကျောင်း၊ ရုံးကအစ အိမ်သာပါမကျန် တည်ဆောက်ရေး လုပ်ငန်းများ၊ ရုံးဌာနများ အတွက် ဝယ်ယူကြရမည့်ရုံးသုံး ပရိဘောဂ၊ စက်ပစ္စည်း၊ စာရေးကိရိယာများ နှင့် စီမံကိန်းကြီးများအတွက် ပြည်ပမှ မှာယူတင်သွင်းကြရမည့်စက် ယန္တရား ကြီးများ ဝယ်ယူတပ်ဆင်ရေးကိစ္စများအဖြာဖြာအတွက် ကနဦးတင်ဒါခေါ် ယူရေး လုပ်ငန်းများမှအစ..နောက် ဆုံး လေလံအောင်သူများ..လုပ်ငန်းပြီး စခန်း သိမ်းပြီးသည်အထိ ဆောင်ရွက်ကြရသည့် လုပ်ငန်းများတွင် ဌာနများ အလိုက် ချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများအတွင်းမှ သွေဖည်သွား ခြင်းမရှိရအောင် အလေးထားဆောင်ရွက်ကြရန် လိုအပ်လာတော့မည်ဖြစ် ပါသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဘဏ္ဍာငွေများကို တတ်နိုင် သမျှ ခြိုးခြံချွေတာနိုင်သမျှ ချွေတာနိုင်ရေး၊ အလေအလွင့် အဖိတ်အစဉ်မရှိ စေရေး၊ အပေးအယူ အဂတိကင်း စင်စေရေးတာဝန်သည် နိုင်ငံ့ ဝန်ထမ်း များ၏အပေါ်တွင်သာ လုံးလုံးတည်မီနေတော့ မည်ဖြစ်ပါသည်။အစိုးရအသစ် ၏ ခြိုးခြံချွေတာရေးမူအရစီမံကိန်း တစ်ခု..လုပ်ငန်း တစ်ခု ဆောင်ရွက် ရန်စတင်ပြီး ဘဏ္ဍာ ငွေ ရသုံးမှန်းချေငွေစာရင်းများ စတင်ရေးဆွဲကြရသည့် အခြေခံလုပ်ငန်းကအစ မလိုလားအပ်သော အပိုကုန်ကျမှုများ မပါဝင်စေ ရေးနှင့် ဒေသန္တရပေါက်ဈေးများအတိုင်း မြေပြင်တွင် အမှန်တကယ်ကောင်း မွန်ခိုင်ခံ့စွာ တည် ဆောက်လုပ်ကိုင်နိုင်စေရေး သတိထားဆောင်ရွက်ကြ ရမည်လည်းဖြစ်ပါသည်။

ယခုတက်လာသည့် အစိုးရအသစ်ဖြင့် လက်တွဲပြီး အနာဂတ်နိုင်ငံတော်ကို ကမ္ဘာ့အလယ်၊ အာရှအလယ်မှာ ထိုက်သင့်တဲ့ နေရာတစ်ခုသို့ ပြန်လည်ဝင် ရောက်နေရာ ယူစေရေးအ တွက် ဆောင်ရွက်ကြရမည့်အပိုင်းတွင် နိုင်ငံ့ဝန် ထမ်းများ၏အခန်းကဏ္ဍသည် အလွန်အင်မတန့် အင်မတန်အရေးကြီး လာပြီဟုဆိုလျှင်လည်း မမှားနိုင် ပေ။ ဝန်ကြီးဌာနတစ်ခု ချင်းစီ တိုင်းတွင်ရှိ ကြသည့် နိုင်ငံ တော်၏ နှစ်ရှည်စီမံကိန်းများ၊ နှစ်စဉ်စီမံကိန်းများ၊ ကာ လတိုစီမံကိန်းများကို အောင်မြင်အောင် အကောင်အ ထည်ဖော်ဆောင် ရွက်ကြရာ တွင် နိုင်ငံ့ဝန် ထမ်းများ ကပင် ထိုဆောင်ရွက်ကြရမည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများကို ကျေကျေညက်ညက် သိရှိထားကြသူ များဖြစ်နေလေရာ ¤င်းတို့သည်ပင်လျှင် အဓိကအခန်း မှ ပါဝင် လာချေတော့မည်ဖြစ်ပါသည်။

အစိုးရအသစ်အသစ်တစ်ခုတက်လာတိုင်း ၎င်းတို့ အစိုးရတစ်ခုချင်းစီ၏ ပြောင်းလဲဖော်ဆောင်မည့် မူဝါဒ ပိုင်းဆိုင်ရာလုပ်ငန်းများအပေါ် လိုက်ပါ အကောင်အ ထည်ဖော် စည်းချက် ညီညီ ဆောင်ရွက်နိုင်ရေးသည်ပင် လျှင် နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေး မှာလည်း အထက် တွင်ဖော်ပြခဲ့သည့် နိုင်ငံ့ဝန်ထမ်းတိုင်း နိုင်ငံ့ချစ်စိတ်များ ရှိမှု၊ အဂတိတရား ကင်းစင်မှု၊ မိမိတာဝန်များကို မိမိသိရှိမှု၊ မိမိလုပ်ရမည့် အလုပ်ကိုကျွမ်းကျင်မှု၊ မိမိအလုပ်အောင်မြင်စေရန် မိမိ ကပင် တာဝန်ယူမှု၊ ဖြစ်ပေါ်လာသည့် အကျိုးအကြောင်း တရားများစွာကို မိမိကပင် တာဝန်ခံနိုင် မှု ..စသည့် စိတ်များဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံတော် အတွက်၊ ပြည်သူများအတွက် မှန်ကန်စွာ အလုပ်အကျွေးပြုရာရောက်ပေ မည် ဖြစ်ပါသည်။

ဝန်ထမ်းကောင်းလျှင် နိုင်ငံကောင်းမည် ဟူသော ဆောင်ပုဒ်ကြီးကိုလည်း ရုံးတိုင်းဌာနတိုင်းတွင် တစ်ဖန် ပြန်လည်ပြီး ထည်ထည်ဝါဝါ ရေးဆွဲစိုက်ထူကြ ရမည်ဖြစ် ပါသည်။ နိုင်ငံ့ဝန် ထမ်း အများစုကို သင်ကြားလေ့ကျင့် ပေးရာ ဗဟိုဝန်ထမ်းတက္ကသိုလ်၏ အဝင်ဝတွင် အဆိုပါ ဆိုင်းဘုတ်ကြီးကို ထည်ထည်ဝါဝါမြင်တွေ့ရနိုင်သလို အခြားအခြားသော တိုင်းပြည်တစ်ခွင် ရုံးဌာန တိုင်း ချိတ်ဆွဲစိုက်ထူရန်လည်း လိုအပ်လာပါသည်။

နိုင်ငံ့ဝန်ထမ်းများပီပီ ပြည်သူများက ပေးဆောင် ထားကြရသည့် အခွန်အခ များကို စားထားကြရသူများ ဖြစ်ရာ ကိုယ်စီထမ်းဆောင်ကြရမည့်တာဝန်၊ လိုက်နာ ကြရမည့်စည်း ကမ်း၊ စောင့် ထိန်းကြရမည့်ကျင့်ဝတ်များ ကို အထူးသိရှိကြရတော့မည့် အချိန်အခါတစ်ခုသို့ရောက် ရှိနေပြီဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည့် ဌာနပေါင်းစုံမှ အမြဲတမ်းအတွင်းဝန်မှ အစ.. အောက်ခြေ ရုံးသန့်ရှင်းရေး၊ ညစောင့်အဆုံး မိမိတို့နေ့စဉ် သီဆိုနေကြရသည့် ဝန်ထမ်းအဓိဋ္ဌာန် (၆)ချက်ကို ရင်ဝယ်ပိုက်ပြီးသကာလ ယခင်ကာလ များဆီက မည်သို့ပင်ဖြစ် ခဲ့ပါစေ..ယခုအစိုးရသစ်ကာ လတွင်မူ အစိုးရအသစ် ချမှတ်ပေးသည့် မူဝါဒများ အကောင် အထည်ဖော်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူ့များ၏ လူမှုစီးပွားဘဝများ တိုးတက် ကောင်းမွန်လာစေရေးအတွက် ဝန်ဆောင်မှု ကောင်း ကောင်းပေးနိုင်သည့် နိုင်ငံ့ ဝန်ထမ်းကောင်းများ အဖြစ် တာဝန်ထမ်းဆောင်ကြပါစေလိုကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသားတင်ပြလိုက်ပါသည်ဗျာ။

Yangon Media Group

No comments:

Post a Comment

My Blog List