Tuesday, April 05, 2016

မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် ဆီးရီးယား အယ်လ်နျူဆာရာ စစ်သွေးကြွ ခေါင်းဆောင်တစ်ဦး သေဆုံး


ဆီးရီးယားရှိ အစွန်းရောက် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော အယ်လ်နျူ ဆာရာမှထင်ရှားသည့် ခေါင်းဆောင်ပိုင်းတစ်ဦး မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။အယ်လ်နျူဆာရာတို့သည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့နည်းတူ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အမေရိကန်နှင့် မဟာမိတ် လေတပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ကြုံနေရသည်။ 
ပြီးခဲ့သည့် သီတင်းပတ်ကမူ အယ်လ်နျူဆာရာတို့ ထိန်းချုပ်ထားသည့် အစ်ဒ်လစ်ဘ် အနောက်မြောက်ပိုင်းတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီး၏ ပစ်ခတ်မှုကြောင့် အဘူဖီရက်စ် သေဆုံးသွားကြောင်း ဆီးရီးယား အစွန်း ရောက် သူပုန်အဖွဲ့က ဝန်ခံခဲ့သည်။

အယ်လ်ကိုင်ဒါ အဖွဲ့ခွဲတစ်ခုဖြစ်သည့် အယ်လ်နျူဆာရာ တပ်ဖွဲ့မှ ဖီရက်စ် သေဆုံးကြောင်း သတင်းကို ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ကလည်း အတည်ပြုခဲ့သည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်မှ ပစ်လွှတ်လိုက်သည်ဟု ယူဆရသော ဒုံးကျည်ကြောင့် ဖီရက်စ်အပြင် ၎င်း၏ လက်အောက်ငယ်သား အကြမ်းဖက်သမား အချို့ပါ သေဆုံးကြောင်း သိရသည်။

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဖီရက်စ်သည် ဆီးရီးယား၊ သို့မဟုတ် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဟု ဆိုသော်လည်း ဆီးရီးယားသူပုန် အဖွဲ့အစည်း နှစ်ခုကမူ အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး၏ ဒုံးကျည်ကြောင့် ဖြစ်ကြောင်း ဆိုသည်။

“အဲဒီတုန်းက ဖီရက်စ်ဟာ သူ့သားရယ်၊ တခြားအဖွဲ့သား တချို့ရယ်နဲ့အတူ ရှိနေတာပါ”ဟု ဖြစ်ရပ်ကို အတွင်းကျကျ သိရှိသူ သူပုန်သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန် လုံခြုံရေး အရာရှိများက ဖီရက်စ် သေဆုံးကြောင်း သတင်းကို အလေးထား စောင့်ကြည့်နေသည်ဟု ဆိုသော်လည်း အတိအကျ သတင်းထုတ်ပြန် အတည်ပြုမှု မရှိသေးချေ။ အခြားအမေရိကန် အရာရှိ တစ်ဦးက ဆီးရီးယား လေတပ်၏ ပစ်ခတ်မှုကြောင့် ဖီရက်စ် သေဆုံးခြင်းဆိုသည့် ဖြစ်နိုင်ခြေကိုလည်း မငြင်းပယ်နိုင်သေးဟု ဝန်ခံထားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List