Thursday, April 07, 2016

တပ်မတော်သားများ အတိုက်အခံ ဖြစ်လာသည့် ဒီချုပ်လွှတ်တော်


ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်ခိုင်ဖြိုးလွှတ်တော် ငါးနှစ်သက်တမ်းက ငြိမ်သက် လွန်းသဖြင့် ဝေဖန်ခံရသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်သက်တမ်းတွင် သက်ဝင်လှုပ်ရှား လွန်းနေသည်။
လွှတ်တော်သုံးရပ်စလုံး ကျင်းပသည့် ရက် ၂၀ စီမပြည့်သေးမီ လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ်များသည် ဒီချုပ်ကို ကန့်ကွက် ထောက်ပြမှု ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးကျော်အောင်လွင်ဆွေးနွေးနေစဉ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်သည့် ဆွေးနွေးချက်များ ပါဝင်လာ၍ပြည်သူ့ လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ယင်းကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တတ်ရပ်ကန့် ကွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ အပြင် တပ်မတော် ကိုယ်စား လှယ်များသည် ဦးကျော်အောင်လွင် ဆွေးနွေးခဲ့သည့် ကြေးနီစီမံကိန်း နှင့် ကပစ (၂၀) ၏ တပ်မြေကိစ္စကို ပြည်သူ့လွှတ်တော် မှတ်တမ်းမှ ပယ်ဖျက် ပေးရန် ဥက္ကဋ္ဌထံ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

ထို့အပြင်ဒီချုပ်က သမ္မတ လောင်းနှစ်ဦးကို တင်သွင်းစဉ်ကလည်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်က ဦးထင် ကျော်သည် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မဟုတ်သူဖြစ်၍ လွှတ်တော်ရွေးကောက် ပွဲ၌ရွေးကောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ စိစစ်ရန် လိုအပ်မည်ဟု ဆွေးနွေးခဲ့သည်။ သို့သော်စိစစ်ရေးအဖွဲ့ဝင် ခုနစ်ဦးရှိသည့်အနက် ခြောက်ဦးက ထောက်ခံသဖြင့် ဦးထင်ကျော်သည်နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည်စုံသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ သမ္မတလောင်း အဖြစ် အဆိုပြုခြင်းခံရသော ဦး ဟင်နရီဗန်ထီးယူသည် နိုင်ငံခြား၌ မိသားစုနှင့်အတူ ခြောက်နှစ်ခန့် နေထိုင်ခြင်းနှင့် စပ်လျဉ်း၍နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆိုသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုနိုင် ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ မေးမြန်းသင့် ပါကြောင်း တပ်ကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်။

သို့သော် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း စိစစ်ရေးအဖွဲ့ဝင် ခုနစ်ဦးရှိသည့်အနက် ခြောက်ဦးက ထောက်ခံသဖြင့် အတည်ပြုခဲ့ပြန်သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးကမူ ကန့်ကွက်ခဲ့သည်။ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်နှင့် ဇနီးဖြစ်သူတို့သည် နိုင်ငံခြား၌ မည်သည့်အစီအစဉ်နှင့် နေထိုင်ခဲ့သည့်အကြောင်းအရာများ အတွက် စိစစ်သင့်သည်ဟု ယူဆကြောင်း၊ မိမိအနေဖြင့် သမ္မတလောင်းသည် အထက်ပါပုဒ်မနှင့် ငြိစွန်းသည်ဟု ယူဆပါကြောင်း ဆွေးနွေးခဲ့သည်။ သို့သော်စိစစ်ရေး အဖွဲ့ဝင်ခြောက်ဦးက ဦးဟင်နရီဗန်ထီးယူကို သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံကြောင်း ထောက်ခံခဲ့သည်။

ယင်းအခြေအနေတွင် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်ရာ၌ အချက်နှစ်ချက်ကြောင့် ပရမ်းပတာဒီမိုကရေစီသို့ ဦးတည်သွားစေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ မတ်လ ၂၇ ရက်၌ ကျင်းပသည့် (၇၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်း ၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘တို့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက် ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှုအားနည်း ခြင်းနဲ့ လက်နက်ကိုင်သောင်းကျန်းမှုများ ရှိနေခြင်းပဲဖြစ်တယ်။ ဒါတွေဟာ ပရမ်းပတာဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်။ ဒါ ကြောင့် ဒီအချက်နှစ်ချက်ကို ပြု ပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီ လမ်းကြောင်းဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက်မတ်လ ၂၈ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ် နှင့် ဦးတွာလ်ကျင်ပေါင်တို့အား ခန့်အပ်တာဝန်ပေးရန် လျာထားမှု အပေါ် ကန့်ကွက်ကြောင်း အဆိုကို တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ဌေးကြွယ်နှင့် ဦးတွာလ်ကျင်ပေါင်တို့အကြောင်း ဖြန့်ဝေထားသည့် ကိုယ်ရေးအကျဉ်းများသည် ပြည့်စုံမှုမရှိသဖြင့် ခုံရုံးအဖွဲ့ဝင်များ၏ အရည်အချင်း နှင့် ပြည့်စုံမှုရှိ၊ မရှိ စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန် အခက်အခဲရှိနေ သဖြင့် လက်ရှိအခြေအနေအရ ကန့်ကွက်ကြောင်း အဆိုတင်သွင်းရသည်ဟု လွှတ်တော်သို့ ပြော ကြားသည်။

အဆိုပါနှစ်ဦး၏ ကိုယ်ရေးအကျဉ်းများကို ပြည့်စုံစွာ ဖြည့် စွက်ပြီး ပြည်ထောင်စုလွှတ်တော် သို့ တင်ပြလာပါက၊ ခုံရုံးအဖွဲ့ဝင်အဖြစ် သတ်မှတ်အရည်အချင်း နှင့် ကိုက်ညီသည်ဟု တွေ့ရှိပါက ထောက်ခံပေးမည်ဟု တပ်မတော် သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးက ကန့်ကွက်ကြောင်း အဆိုတင်သွင်းရာတွင် လွှတ်တော်သို့ တင်ပြခဲ့သည်။

‘‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကန့် ကွက်ခွင့်ရှိပါတယ်။ သို့သော် တိကျခိုင်လုံဖို့၊ ခိုင်လုံတဲ့အထောက် အထားပြဖို့ လိုပါတယ်။ သက်သေ ထူဖို့ တာဝန်ဟာ ကန့်ကွက်လိုတဲ့ သူမှာပဲ ရှိပါတယ်။ စွပ်စွဲရသူမှာ မရှိပါဘူး။ ဒါကြောင့် ဒီအဆိုကို လက်ခံဆွေးနွေးဖို့ မသင့်ပါဘူး’’ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က တုံ့ပြန်ခဲ့သည်။

ယင်းနောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းသည့် ကန့်ကွက်ကြောင်း အဆိုကို လွှတ်တော်တွင်ဆက်လက် ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံး ဖြတ်ရာ ဆက်လက်ဆွေးနွေးရန် မသင့်ကြောင်း
ထောက်ခံမှုများခဲ့ သည်။

ယခုနောက်ဆုံးပွတ်တိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ရေးဆွဲသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီမှုမရှိဟု တပ် မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း အမျိုးသားလွှတ်တော်၌ မဲခွဲအတည်ပြုခဲ့သည်။

‘‘ပြည်သူလူထု၏ လိုလားချက်နှင့် နိုင်ငံတော်၏ လိုလား ချက်ဆိုသည့် အချက်ကိုကန့်ကွက် နေခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိပါက သဘောတူပါမည်။ ဆန့်ကျင်မှုရှိ နေသည့် အချက်များ ကိုသာ အကျိုးအကြောင်း အချက်အလက်များဖြင့် ထောက်ပြ၍ ပြင်ဆင်ရေး ဆွဲနိုင်ရန် ဆွေးနွေးမည်ဖြစ်ပါတယ်’’ဟု ဗိုလ်မှူးချုပ် ခင်မောင်အေးက အမျိုးသားလွှတ်တော်၌ ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပြီး ပြင်ဆင်ချက်တင်ရန် အချိန်ပေးမှုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက အချိန်တိုး တောင်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုခဲ့ပေ။

‘‘တချို့နိုင်ငံတွေမှာတော့ ဥပဒေကြမ်းမတင်ခင် ပါတီတွေ ကြားမှာ ကြိုညှိကြတယ်။ အဲဒီလို လုပ်နိုင်ရင် နားလည်မှုပိုရမှာပေါ့’’ ဟု သမ္မတပြောရေးဆိုခွင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရဲထွဋ်က သုံးသပ်သည်။

သို့သော် အထက်ပါဖြစ်စဉ်များသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပုံစံအသစ်ဖြစ်၍ စိတ်ပူစရာအဆင့်သို့ မရောက်သေးကြောင်း မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ ဦးရဲမင်းဦးကပြောသည်။

‘‘အရင်တုန်းကတော့ စစ်ဘက်က သူ့ကိုယ်သူ အုပ်ချုပ်သူလို့ ထင်တယ်။ အရပ်ဘက်က ဘာမှပြောခွင့်မရှိဘူး။ အုပ်ချုပ်ခံ ပေါ့။ အခုပုံစံသစ်ကျတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက အခြေခံဥပဒေစာအုပ်ကို ကြားခံ လိုက်တာပေါ့။ အခြေခံဥပဒေနဲ့ ညီနေသရွေ့ စစ်ဘက်က အရပ်ဘက်ကို ဘာမှ မပြောဘူး။ မညီဘူးလို့ထင်ရင် သူတို့ထပြီး ကန့် ကွက်မယ်ပေါ့။ အခုဖြစ်နေတဲ့ကိစ္စ တွေကို ထိပ်တိုက်တွေ့နေတယ်လို့ မမြင်ဘူး။ အခြေခံဥပဒေနဲ့ မညီဘူးထင်ရင် စစ်ဘက်က ထကန့်ကွက်မယ်။ ဒါပေမဲ့ ဒီမိုကရေ စီနည်းအရ မဲခွဲ၊ မဲများတဲ့ဘက်က အနိုင်။ ဒီပုံစံနဲ့သွားမယ်လို့ ယူဆတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိအခြေအနေကို ပြဿနာဟုမယူဆကြောင်း ဦးရဲမင်းဦးက ဆိုသည်။

‘‘စစ်ဘက်ရဲ့ ရပ်တည်ချက် က ရှင်းတယ်။ အခြေခံဥပဒေကို မထိပါးရင် သူတို့ဘာမှမပြောဘူး။ အထင်ရှားဆုံးက ၀န်ကြီးတွေကိစ္စပေါ့။ ပြည်ထောင်စု ၀န်ကြီးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်လာတယ်။ ၂၅ ရာခိုင်နှုန်း ကန့်ကွက်မယ် ထင်ခဲ့ကြပေမယ့် လုံးဝမကန့်ကွက်ခဲ့ကြဘူး။ အခြေခံဥပဒေထဲမှာ ပညာရေးနဲ့ ပတ်သက်လို့ ဘာမှရေးထားတာ မပါ ဘူးလေ။ အခြေခံဥပဒေနဲ့ မ ညီဘူးထင်ရင် သူတို့ ထကန့်ကွက်မယ်။ ဒီဘက်က ပြန်ရှင်းပြမယ်။ လိုအပ်ရင် မဲခွဲမယ်ပေါ့။ အဲဒီမှာတော့ မဲများရာ အနိုင် ဆိုတော့ လက်ရှိအာဏာရပါတီက သူလုပ်ချင်တာလေးတွေ အောင်အောင်မြင်မြင် လုပ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိတာပေါ့’’ ဟု ဦးရဲမင်းဦးကပြောသည်။

သို့သော် အမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်အကြား အချိန်တို အတွင်း ပွတ်တိုက်မှုများ ရှိခဲ့ခြင်းကို မဖြစ်စေလိုကြောင်း သုံးသပ်မှုများလည်း ရှိသည်။‘‘နှစ်ဖက်စလုံးက ဖြစ်ချင်တဲ့ ဆန္ဒတွေ အသာထားပြီးတော့ ပူးပေါင်း
ဆောင်ရွက်ကြဖို့လိုမယ်။ နှစ်ဖက်စလုံးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မေတ္တာရပ်ခံကြရမှာပဲ’’ဟု စာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။

စေတုတ္တရာအမတ် ဆွေးနွေးသည့်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ကိစ္စများမှ ရှောင်၍ ရနိုင်သည့်ကိစ္စများဖြစ်ကြောင်းကို ၎င်းက ဥပမာပေး ပြောသည်။

‘‘နောက်ဆုံးကိစ္စ ကတော့နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကိစ္စပေါ့။ ပွင့်ပွင့် လင်းလင်းပြောရရင် ဟိုဘက်က ထောက်ကွက်တွေက ငြင်းလို့သိပ်မရဘူး။ ငြိနေတာတွေ ပါတယ်။ အမှန်က အခြေခံဥပဒေနဲ့ မငြိအောင် အချိန်ယူပြင်ဆင်ရင် လွတ်အောင် လုပ်လို့ရနိုင်တယ်။ ဒါပေမဲ့ မလုပ်ခဲ့ကြဘူး။ ထိပ်တိုက်တွေ့တယ်။ ဒီလိုထိပ်တိုက်တွေ့တာတွေဟာ သိပ်တော့ မကောင်းဘူး’’ ဟု ၎င်းကပြောသည်။

နှစ်ဖက် ထိပ်တိုက်မတွေ့ ရန်ရှောင်၍ ရသည့်ကိစ္စများကို သတိကြီးကြီးဖြင့် ရှောင်စေလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

‘‘ဒီလောက် အခြေအနေ ကောင်းလာတာကို ကိုယ့်စိတ်လိုက်မာန်ပါ လုပ်ရပ် လေးတစ်ခုနဲ့ အဟောသိကံ ဖြစ်မသွားစေချင်ဘူး။ ထိန်းထိန်းသိမ်းသိမ်း သွားစေချင်တယ်’’ဟု ဆရာကျော်ဝင်းက အကြံပြုသည်။

တိုင်းပြည်အတွက် လိုအပ်နေသည့် အားကောင်းသော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် NLDနှင့်တပ်မတော်ညှိနှိုင်းဆောင် ရွက်ရန်လိုကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။

‘‘နှစ်ဖက်စလုံးကတော့ သူတို့အမြင်နဲ့ သူတို့ တင်ပြတာပေါ့။တစ်ဖက်က ဖွဲ့စည်းပုံနဲ့ညီတယ်။ တစ်ဖက်က မညီဘူးပေါ့။ ဒီလိုအငြင်းပွားမှုတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးပြောရရင် တိုင်းပြည်ရဲ့အခြေအနေကို သူတို့နားလည်ဖို့ လိုတယ်။ ဒီတိုင်းပြည်မှာ အင်အားကောင်းတဲ့ အစိုးရတစ်ရပ် လိုအပ်နေ တယ်။ ဒီလိုဖြစ်ဖို့ဆိုတာ ရွေးကောက်ခံ အစိုးရအဖွဲ့နဲ့ တပ်မတော်ပြေပြေ လည်လည် ညှိညှိနှိုင်းနှိုင်း ဖြစ်တော့မှသာ အားကောင်းတဲ့ အစိုးရတစ်ရပ်
ပေါ်ပေါက်မှာ’’ဟု ၎င်းက ဆိုသည်။

ယခုလိုမျိုးအငြင်းပွားမှုများကြောင့် ရလဒ်ကောင်းများထွက် လာမည် မဟုတ်ကြောင်း ဦစည်သူအောင်မြင့်က ယူဆသည်။

‘‘တပ်မတော်ကလည်း ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိပြုထားတဲ့အတွက် ကြောင့်မို့လို့ သူတို့ လုပ်ရပ်တိုင်း ဖွဲ့စည်းပုံနဲ့အညီ လုပ်တာကောင်းတယ်။ အဲဒီအတိုင်း ဆက်သွားဖို့လိုတယ်။ NLDဘက် ကလည်း ငါတို့ကတော့ အမတ်တွေကလည်း အများကြီးရနေပြီ။ ဥပဒေပြု တဲ့နေရာမှာ ငါတို့အများစုနဲ့ လုပ်လို့ရတယ်ဆိုပြီး အတင်းလုပ်လို့မရဘူး။ နှစ်ဖက်စလုံးက နားလည်ရင် တိုင်းပြည်ကကောင်းလာမှာပေါ့။ အခုလက်ရှိ ဖြစ်နေတာတွေကို သတင်းစာဆရာတစ်ယောက်အနေ နဲ့ ပြောရရင် ကောင်းတဲ့အရာတွေလို့တော့ မထင်ပါဘူး’’ဟု ဦးစည်သူအောင်မြင့်က ပြောသည်။

တပ်မတော်နှင့် အင်န်အယ်လ်ဒီကြား ပွတ်တိုက်မှုမှာ ဒီမိုကရေစီသဘော အရ ဖြစ်သည်ဟု မြင်ကြောင်း ဦးရဲထွဋ်က ယူဆထားသည်။

‘‘လွှတ်တော်ထဲမှာ တခြားပါတီတွေ အားအလွန်နည်းသွားတဲ့အချိန်မှာ တပ်မတော်က ၀င်ထိန်းညှိပေးတာလို့ ယူဆပါတယ်။ ဒီချုပ်အမတ်တွေ အနေနဲ့ တပ်မတော်က ငါတို့ကို ဆန့်ကျင်တယ် လို့မမြင်ဘဲ တပ်မတော်သား
ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်များဟာ အခြေခံဥပဒေအရ ကျိုးကြောင်း ညီ၊ မညီဆိုတဲ့ဘက်က စဉ်းစားစေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ဒီချုပ် နှင့် တပ်မတော် ထိပ်တိုက်တွေ့ဆုံ မှုသည် ရေရှည်တွင် အကျိတ်အခဲ ဖြစ်လာနိုင်ကြောင်း သတိပေးသည်။

‘‘ဒီမိုကရေစီကို သွားနေတဲ့အခါကျတော့ ဥပဒေတွေကို လေးစားရိုသေ လိုက်နာဖို့ လိုပါတယ်။ ဥပဒေတွေပြုတဲ့အခါ အနိုင်ရပါတီအနေနဲ့က စိတ်ရှည်ရှည်နဲ့လုပ်ထုံး လုပ်နည်းအတိုင်း လုပ်တာဟာ အကောင်းဆုံးပဲ’’ဟု ဦးရဲထွန်းက အကြံပြုသည်။

တပ်မတော်၏ တင်ပြချက်များမှာ မဲခွဲတိုင်းရှုံးနိမ့်နေသဖြင့် ရေရှည်တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလာမည်ဟု မမြင်ကြောင်း ဦးရဲမင်းဦးက သုံးသပ်သည်။

‘‘တပ်မတော်က ဘယ်လိုမှ တုံ့ပြန်မှာမဟုတ်ဘူး။ သူက သူ့ရပ်တည်ချက်ကို ပြဖို့အတွက်ပဲ ကန့်ကွက်နေတာ။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု အနိုင်ရလို့ အစိုးရကိုလည်း စိတ်ကြိုက် ဖွဲ့စည်း ပြီး သွားပြီ။ အဲဒီလိုဖွဲ့စည်းလို့ ဘာလုပ်လုပ်ငြိမ်နေမှာ မဟုတ်ဘူးဆိုတာက စစ်တပ်က ပြတာ။ လူတွေစိုးရိမ်သလို အဆိုးကြီးအထိ သွားမှာ မဟုတ်ဘူး။ သူတို့ရပ်တည်ချက်ကို ပြရုံပဲ။ လက်ရှိ ဖြစ်ပျက်သမျှ ပြင်းပြင်းထန်ထန်
ဖြစ်တာတစ်ခုမှ မပါသေးဘူး။ နှစ်ဖက်က ပုံမှန်အတိုင်း သွားနေတာလို့ပဲမြင် တယ်’’ဟု ၎င်းက ပြောသည်။

ထိပ်တိုက်တွေ့နိုင်ဖွယ် ရှိသည့် အရေးကြီးကိစ္စများဆိုလျှင် လွှတ်တော်တွင် အရင်မပြောဘဲ ပြင်ပတွင် ဦးစွာဆွေးနွေးကြမည်ဟု ထင်မြင်ကြောင်း ဦးရဲမင်းဦးက ဆိုသည်။

‘‘အရပ်ဘက်ကလည်း သူလုပ်စရာ ရှိတာလုပ်။ အခြေခံဥပဒေနဲ့ မညီဘူး ဆိုရင် စစ်တပ်က ကန့်ကွက်လိမ့်မယ်။ သူတို့ဘက်က ကန့်ကွက်တာမှန်ရင် ဒီဘက် ကလည်း စဉ်းစားမှာပေါ့။ ကန့်ကွက်တာက ကိစ္စမရှိဘူး။ ဒီဘက် က ဖြေရှင်းနိုင်တယ်ဆိုရင် မဲခွဲပြီး ရှေ့ဆက်သွားမှာပေါ့’’ဟု ၎င်းက သုံးသပ် သည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ‘‘ဒေါ် အောင်ဆန်း စုကြည်ကို ရွေးကောက်ပွဲမှာ ပြည်သူတွေက မဲ ပေးခဲ့တာ။ ဒါဟာ လုံးဝငြင်း လို့မရတဲ့ အချက်ပါပဲ။ ဒီဥပဒေကြမ်းကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ရေးဆွဲထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီလိုနေရာမျိုးနဲ့ လုံးဝထိုက်တန်ပါတယ်’’ဟု ပြောသည်။

‘‘တပ်ချုပ်က ပြောထားတာ ရှိတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံတယ်။ ဥပဒေနဲ့အညီ လုပ်တာကို ထောက်ခံ တယ်လို့ ပြောထားတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာတော့ ကန့်ကွက်ဆွေးနွေး တာပဲဖြစ်ဖြစ်၊ထောက်ခံဆွေးနွေးတာပဲ ဖြစ်ဖြစ် လုပ်လို့ရတယ်။ ဒါပေမဲ့ နောက်ဆုံးကျရင်တော့ ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်တာကို လက်ခံရ မှာပဲ။ တပ်နဲ့ အင်န်အယ်လ်ဒီ ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေလည် စရာတော့ မရှိပါဘူး’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆက်လက် ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List