Tuesday, April 05, 2016

ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများကြောင့် လူ ၅၀ ထက်မနည်း သေဆုံး


ပါကစ္စတန် နိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။နိုင်ငံ အနောက်မြောက်ပိုင်းရှိ ခိုင်ဘာပြည်နယ်တွင် ဧပြီ ၂ ရက်ညမှ စတင်ကာ မိုးသည်းထန်စွာ ရွာသန်းပြီး နောက်တစ်နေ့တွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်လာခြင်းဟု ပြည်နယ်၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲရေးဌာန အကြီးအကဲ လာတသ်စ်အာ ရာမန်က APသို့ ပြောကြားခဲ့သည်။
ရာမန်က ရေကြီးမှုများအတွင်း လူ ၅၀ ကျော် သေဆုံးပြီး အနည်းဆုံး လူ ၅၅ ဦးကို ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်းလည်း ဆိုသည်။ မိုးသည်းထန်ရာမှ အချို့သော အိမ်အမိုးများ ပြိုကျကာ အတွင်းရှိ မိသားစုများကို ထိခိုက်ခဲ့ကြောင်းလည်း သိရသည်။

မုတ်သုံကာလတွင် အာရှတောင်ပိုင်း ဒေသများ၌ ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုများ ပေါ်ပေါက်လေ့ ရှိသည်။ သို့သော်လည်း များသောအားဖြင့် ဇွန်လမှ အောက်တိုဘာလ အတောအတွင်းတွင် မုတ်သုံလေ ဝင်ရောက် တိုက်ခတ်လေ့ ရှိသည်။

ခိုင်ဘာနှင့် ပက်ခ်တွန်ခါဝါ ပြည်နယ်များတွင် မိုးသည်းထန်ကာ မြေပြိုပြီး အဓိက လမ်းမကြီးအချို့လည်း ပိတ်နေကြောင်း သိရသည်။ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံရသည်မှာ မာလာကန် ခရိုင်ရှိ ရှန်ဂလာတွင်ဖြစ်ပြီး အနည်းဆုံး လူ ၁၉ ဦးမျှ အသက်ဆုံးရှုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့သည်။

“အခုတော့ ကိုယ့်အားကိုယ်ကိုးနေရတယ်။ အစိုးရဆီက ကယ်ဆယ်ထောက် ပံ့ရေး အစီအစဉ်တွေ ဘာမှ ရောက်မလာသေးပါဘူး”ဟု ဆွက်တောင်ကြားမှ ဒေသခံ တစ်ဦးဖြစ်သည့် ဟာဘစ်ဘ်ခန်းက ပြောကြားသွားသည်။

Ref: AP
7Day News Journal

No comments:

Post a Comment

My Blog List