Wednesday, October 14, 2015

NCA အခမ်းအနားက မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများ အတွက် အခမ်းအနား ဆင်နွှဲသည့်အဓိပ္ပာယ် သက်ရောက်ဟု ဆို


အောက်တိုဘာ ၁၅ တွင် သဘောတူ လက်မှတ် ရေးထိုးရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲသို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ၈၈ မျိုးဆက် ခေါင်း ဆောင် ဦးမင်းကိုနိုင် နှင့် KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင် နှင့် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး တို့ တက်ရောက်မည်မဟုတ်ဟု သိရသည် ။

နေပြည်တော်၌ ပြုလုပ်မည့် NCA လက်မှတ် ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မည် မဟုတ်ဘဲ ပါတီကိုယ်စားလှယ်အဖြစ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် တက်ရောက်မည်ဟု ဆိုသည် ။

ဦးဝင်းထိန်က “လက်မှတ်ထိုးပွဲကို ကျွန်တော် တစ်ဦးတည်း တက်ရောက်မှာ ပါ ။ ဒါပေမဲ့ မျက်မြင်သက်သေအနေနဲ့ပဲ တက်ရောက်မှာဖြစ်ပြီး ကျွန်တော်တို့ လက်မှတ်ထိုးမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည် ။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကလည်း လက်မှတ်ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ဟု တနင်္လာနေ့တွင် ပြောကြား ခဲ့သည် ။ တိုင်းရင်းသား ဒေသများတွင် စစ်တပ်က ဆက်လက် ထိုးစစ်ဆင် နေသဖြင့် နေပြည်တော် လက်မှတ်ထိုးပွဲသို့ မတက်ရောက်ခြင်း ဖြစ်သည်ဟု ကြေငှာချက် ထုတ်ပြန်ခဲ့သည် ။

လက်မှတ်ရေးထိုးပွဲသို့ အသိသက်သေအဖြစ် တက်ရောက်ရန် ၈၈ မျိုးဆက် အဖွဲ့မှ ဦးမင်းကိုနိုင် ၊ ဦးကိုကိုကြီး နှင့် ဦးမြအေး တို့ ၀င်ရောက်ရန် ဖိတ်ကြား ခံခဲ့ရသော်လည်း ဦးမင်းကိုနိုင် တက်ရောက်မည် မဟုတ်ဟု ဦးမြအေးက ပြောကြားသည် ။ “ကိုမင်းကိုနိုင် ၊ ကိုကိုကြီးနဲ့ ကျွန်တော် သုံး ယောက် ဖိတ်ကြားခံရပါတယ် ။ လက်မှတ်ရေးထိုးပွဲမှာ အဖွဲ့အစည်း အားလုံး ပါဝင်မှုမရှိတဲ့အတွက် ကိုမင်းကိုနိုင် တက်ရောက်မှာ မဟုတ်ပါဘူး ။ အဖွဲ့ကိုယ်စား ကိုကိုကြီးနဲ့ ကျွန်တော် တက်ရောက်ပြီး မျက်မြင်သက်သေ အဖြစ် လက်မှတ်ထိုးမှာပါ” ဟု ဦးမြအေးက ပြောကြားသည် ။

တိုင်းရင်းသား နိုင်ငံရေးပါတီများ စုစည်းပါဝင်သည့် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ မဟာမိတ် (UNA) အား လက်မှတ်ထိုးပွဲ တက်ရောက်ရန် နှုတ်ဖြင့် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မည် မဟုတ် ဟု UNA ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းညွန့်လွင်က ပြောကြားသည် ။ ရှမ်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (SNLD) လည်း လက်မှတ်ထိုးပွဲသို့ အသိသက်သေအဖြစ် တက်ရောက်ခြင်း ပြု၊ မပြု မဆုံးဖြတ်ရသေးဟု ဆိုသည် ။ NCA လက်မှတ်ရေး ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ခွင့်မရပါက တက်ရောက်မည်မဟုတ်ဟု SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန် ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အခြားအစိုးရ ထိပ်တန်းအရာရှိများ တက်ရောက်မည့် NCA လက်မှတ် ရေးထိုးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ ပါဝင် လက်မှတ် ထိုးမည်ဖြစ်ပြီး နိုင်ငံခြား သံတမန်များနှင့် အသိ သက်သေများ ရှေ့မှောက် တွင် လက်မှတ်ထိုးရန် စီစဉ်ထားသည် ။

KHTun
The Ladies News Journal


No comments:

Post a Comment

My Blog List