Wednesday, October 14, 2015

အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့များက စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟုဆို


ဆီးရီးယားတွင် အမေရိကန်က အထောက်အပံ့ ပေးနေသည့် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့များ အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော်(အိုင်အက်စ်) စစ်သွေးကြွများ၏ ကမ္ဘာ့ရန်ဘက်များ ဖြစ်သည့် ကာ့ဒ်မျိုးနွယ်များကို အမေရိကန်က လက်နက်နှင့် အခြားသော ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။ 

သို့သော်လည်း အဆိုပါ ကာ့ဒ်ပြောက်ကျားများသည် ကျေးရွာများကို မီးတင်ရှို့ခြင်း၊ ဒေသခံများကို အဓမ္မ ပြောင်းရွှေ့စေခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ကာ့ဒ်တို့သည် ဂျီဟတ်ဝါဒစွဲ အိုင်အက်စ်အဖွဲ့ကို ကူညီသည်ဟု ၎င်းတို့ မသင်္ကာသော ကျေးရွာများတွင် ရက်စက်ကြမ်းတမ်းစွာ လက်စားချေမှုများ ပြုလုပ်နေကြောင်း သိရသည်။ အထူးသဖြင့် အိုင်အက်စ်တို့ကို တိုက်ခိုက်ရာတွင် အမေရိကန်တို့၏ အဓိက မဟာမိတ်ဖြစ်သည့် ဝိုင်ပီဂျီ ကာ့ဒ်တပ်ဖွဲ့များသည် ယင်းစစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန် ဦးဆောင်သည့် စစ်မဟာမိတ် လေတပ်များသည် ဆီးရီးယား မြောက်ပိုင်းတွင် အိုင်အက်စ်တို့ကို တုံ့ပြန် ထိုးစစ်ဆင်နေသည့် ကာ့ဒ်တပ်ဖွဲ့များကို လက်နက်များ၊ ခဲယမ်းမီးကျောက်များ ဝေဟင်မှ ချပေးပြီး အကူအညီများ ပေးအပ်နေခဲ့သည်။

အောက်တိုဘာ ၁၃ ရက်တွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က မိမိတို့၏ သုတေသနပြု ထောက်လှမ်းမှုများအရ ဝိုင်ပီဂျီ ကာ့ဒ်တပ်ဖွဲ့များသည် အရပ်သားများအပေါ် နိုင်လိုမင်းထက် ပြုမူမှုများ ရှိနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ တပ်ဖွဲ့သည် ကာ့ဒ် နိုင်ငံရေး အင်အားစု တစ်ခုဖြစ်သည့် ဒီမိုကရက်တစ် ပြည်ထောင်စု ပါတီ၏ လက်နက်ကိုင် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ အဆိုပါ ပါတီသည် ဟာဆာခါနှင့် ရက္ကာတို့ရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ထိန်းချုပ်ထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က မျက်မြင်တစ်ဦး၏ အဆိုကို အစီရင်ခံစာတွင် ကိုးကားဖော်ပြထားရာ အဆိုပါ မျက်မြင်က “ကာ့ဒ်တပ်ဖွဲ့တွေက ကျွန်တော်တို့ကို အိမ်တွေထဲက အတင်းဆွဲထုတ်ပါတယ်။ ပြီးတော့ အိမ်တွေကို စပြီး မီးရှို့တော့တာပဲ။ သူတို့က ဘူဒိုဇာတွေလည်း ယူလာတယ်။ ကာ့ဒ်တွေက တစ်ရွာလုံး ပြောင်သွားတဲ့ထိ တစ်အိမ်ပြီးတစ်အိမ် ဖျက်ဆီးတော့တာပဲ”ဟု ပြောကြားထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က ဂြိုဟ်တု ဓာတ်ပုံများကိုလည်း ပြသခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လက ဟူစိန်နီယာတွင် အိမ်ခြေ ၂၅၅ လုံး ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ကာ့ဒ်တို့၏ ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၄ လုံးသာ ကြွင်းကျန်တော့ကြောင်း ဖော်ပြထားသည်။

Ref: Washingtonspost
7Day Daily

No comments:

Post a Comment

My Blog List