Monday, October 12, 2015

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်ဖျော်ဖြေမှုတွင် လိုက်ပါသူများအတွက် ဆိုင်ကယ်ဆီဖိုး၊ ပါတီအင်္ကျီ၊ နေ့လယ်စာ ကျွေးခြင်းများကို ပါတီအောင်နိုင်ရေး ရန်ပုံငွေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်း ပြောကြား





ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်ဖျော်ဖြေမှုတွင် လိုက်ပါသည့် သူများအတွက် ဆိုင်ကယ်ဆီဖိုး၊ ပါတီအင်္ကျီ၊ နေ့လယ်စာ ကျွေးခြင်းများအား ပါတီအောင်နိုင်ရေး ရန်ပုံငွေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီက ပြောကြားသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တေးသီချင်းများဖြင့် လှည့်လည်ဖျော်ဖြေမှုအား အောက်တိုဘာ ၁၁ ရက်တွင် ပျဉ်းမနားမြို့နယ်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ရှစ်မြို့နယ်အား နေ့စဉ်လှည့်လည် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ဝင်းဝင်းသီက “ဆီဖိုးပေးတာတော့ မဟုတ်ပါဘူး။ သူတို့ဆိုင်ကယ်တွေက ရေနဲ့မောင်းရတာ မဟုတ်ဘူးလေ။ ဆီနဲ့မောင်းရတာ။ သူတို့ဆိုင်ကယ်မှာ ဆီထည့်လာမှာပဲလေ။ ဒါက ပိုက်ဆံပေးပြီး ခေါ်တာမဟုတ်ဘူး။ တကယ်တမ်း ပြောရရင် အခုလို ပေးတာကိုလည်း ဒီရောက်မှ ရတာပါ။ ကိုယ့်ကိုလိုလားလို့ ကိုယ့်နောက် လိုက်လာတဲ့သူကို သူတို့ဘာသာသူတို့ စိုက်ရမယ်ဆိုရင် ကိုယ်စားလှယ်လောင်း အနေနဲ့ ဘယ်တရားပါ့မလဲ။ သူတို့အနေနဲ့ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ထပ်ဆောင်းပေးလိုက်တာပါ။ လိုရင်လည်း ထည့်လိမ့်မယ်၊ မလိုရင်လည်း မထည့်ဘဲ နေလိမ့်မယ်။ လူလည်း စိုက်ထားပြီ။ စက်လည်း စိုက်ထားပြီ။ ဆီပါစိုက်ရမယ်ဆိုရင် သိပ်အဆင် မပြေဘူးလေ။ အဲဒီအတွက် သူတို့က မတောင်းဆိုပါဘူး။ ကိုယ်ကပေးတာပါ” ဟု မီဒီယာများအား ရှင်းပြသည်။

အောင်နိုင်ရေးတွင် လိုက်ပါသည့် သူများအား ဆိုင်ကယ်ဆီဖိုး ကျပ် ၂၀၀၀၊ ပါတီအင်္ကျီ၊ ဦးထုပ်များ ဝေငှခဲ့ကြောင်း၊ နေ့လယ်စာအဖြစ် ဒံပေါက်များ ကျွေးခဲ့ကြောင်း သိရသည်။

“အောင်နိုင်ရေး လှည့်မှုကို ပါတီဌာနချုပ် အောင်နိုင်ရေး အဖွဲ့က လုပ်တာပါ။ ရှစ်မြို့နယ်စလုံးကို လှည့်လည်မှာပါ။ တစ်ရက်စီပေါ့။ အဆိုတော်တွေကိုလည်း ဌာနချုပ်က လုပ်တာပါ။ ကိုယ်စားလှယ်လောင်း အနေနဲ့က မလုပ်နိုင်ပါဘူး။ လူအင်အားက ၄၀၀ ကျော် ရှိပါတယ်။ ဆိုင်ကယ် အစီးရေက ၁၇၀ လောက်ရှိမယ်” ဟု ပြောကြားသည်။

လာမည့် ရွေးကောက်ပွဲတွင် အောင်နိုင်ရန် အသည်းအသန် လုပ်ရမည် ဖြစ်ကြောင်း၊ ၂၀၁၅ မှာ NLD ရော၊ ပြည်ခိုင်ဖြိုးရော ဘယ်သူက အပြတ်အသတ် နိုင်မည်ဟု မပြောနိုင်ကြောင်း၊ ကြိုးစားနေဆဲ ဖြစ်ကြောင်း ဒေါ်ဝင်းဝင်းသီက ပြောကြားသည်။

လက်ရှိအနေအထားတွင် ကျေးရွာများရှိ ပြည်သူများ အနေဖြင့် မည်သူ့ကို မဲပေးရမည်ကို ရွေးချယ်ရန် ခက်ခဲနေကြောင်း၊ ကိုယ်စားလှယ်လောင်း များပြားနေသည့် အတွက်ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူများ အနေဖြင့် ၂၀၁၀ ခုနှစ်ကကဲ့သို့ မဟုတ်တော့ကြောင်း၊ ယခင်ထက် အသိပညာ တိုးလာပြီဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ကျေးရွာများအား မဲဆွယ်ရာတွင် မှတ်ပုံတင်၊ လယ်မှတ်ပုံတင်၊ ပုံစံ(၆၆) တွေ လုပ်ပေးဖို့ လိုအပ်မည် ဆိုသည်ကို တွေ့ရကြောင်း ပြာကြားသည်။

“အောင်နိုင်ရေး ရန်ပုံငွေဆိုတာ ပါတီတိုင်းမှာ ရှိပါတယ်။ ဒီရန်ပုံငွေတွေနဲ့ပဲ အသုံးပြုတာပါ။ အဆိုတော်တွေက အစပေါ့” ဟု ဒေါ်ဝင်းဝင်းသီက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည့် ဦးမှတ်ကြီးက “ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတာပါ။ နိုင်ခြင်း၊ ရှုံးခြင်းကတော့ သူ့ဟာသူ ဖြစ်လာမှာပါ။ လာမယ့် ရွေးကောက်ပွဲမှာ ထပ်မံအရွေး ခံရမယ်ဆိုရင် အရင်အတွေ့အကြုံတွေအရ အကောင်းဆုံး ဆောင်ရွက်သွားမှာပါ။ အရင်တစ်ကြိမ် အနိုင်ရထားပြီး လွှတ်တော် အတွေ့အကြုံလည်း ရှိနေပါပြီ။ ယခင်ကတော့ ပြည်သူတွေအတွက် အထိုက်အလျောက်ပဲ လုပ်ပေးနိုင်ခဲ့တာပါ။ မြေယာပြဿနာတွေကို ဥပဒေအရ အောင်မြင်အောင် ဆောင်ရွက် ပေးသွားမှာပါ။ နိုဝင်ဘာလ ၈ ရက်နေ့ဆိုရင် အဖြေပေါ်မှာပါ” ဟု ပြောကြားသည်။

ယနေ့စတင်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်မှုအား အိပ်မက်ဆုံရာမှ အဆိုတော်များ အပါအ၀င် သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း၊ နံနက်ပိုင်းမှ ည ၉ နာရီအထိ ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနား မြို့နယ်အတွင်းရှိ လဲလူးအိုင် ကျေးရွာသား တစ်ဦးက “အခုလို လာဖြစ်တာကတော့ ပျဉ်းမနား ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီက ဖိတ်ကြားလို့ လာခဲ့တာပါ” ဟုဆိုသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List