Monday, October 12, 2015

အမေရိကန်နှင့် စစ်ဖြစ်ရန် အသင့်ဖြစ်နေပြီဟု ဧရာမ စစ်ရေးပြ အခမ်းအနား တွင် မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား


မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် အာဏာရ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧရာမ စစ်ရေးအင်အားပြ အခမ်းအနားပြုလုပ်ရာ ယင်းအခမ်းအနားတွင် ငယ်ရွယ်သည့် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်က မိမိတို့ တိုင်းပြည်သည် အမေရိကန်ပြည်ထောင်စုဘက်က စတင်လုပ်ဆောင်လာမည့် မည်သည့်စစ်ပွဲမျိုးကိုမဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဧရာမ စစ်ရေးပြ အခမ်းအနားကြီးကို ပြုံယမ်းမြို့ရှိ ကင်အီဆွန်းရင်ပြင် (မြောက်ကိုရီးယား ခေါင်းကိုင်ဖခင်ကြီး၏ အမည်ဖြင့် မှည့်ခေါ်ထားသည့် ရင်ပြင်) တွင် ပြုလုပ်ခဲ့ပြီး လက်ရှိခေါင်းဆောင် ကင်ဂျုံအန်က တက်ရောက်မိန့်ခွန်းပြောဆိုရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအန်နှင့်အတူ မြောက်ကိုရီးယား စစ်ဗိုလ်ချုပ်ကြီးများ၊ တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်တန်းအရာရှိ လောင်ဆူရှန်းတို့လည်း တက်ရောက်ခဲ့ကြသည်။
Reuters သတင်းဌာန ဖော်ပြချက်အရ စစ်ရေးပြ အခမ်းအနားတွင် ကင်ဂျုံအန်နှင့် လောင်ဆူရှန်းတို့သည် ရယ်ရယ်မောမောဖြင့် တီးတိုးစကား ပြောဆိုခဲ့ကြကြောင်း၊ ဘေးနားရှိ ပြုံယမ်း ကွန်မြူနစ်အစိုးရ အရာရှိကြီးများလည်း ၎င်းတို့နှင့်အတူ ပျော်ရွှင်ရယ်မောနေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

“အလုပ်သမားပါတီကြီးရဲ့ တော်လှန်ရေး စစ်အင်အားရဲ့ အဓိပ္ပာယ်ဟာ အမေရိကန်ပြည်ထောင်စုဘက်က လုပ်ဆောင်လာမယ့် စစ်ပွဲမှန်သမျှအတွက် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု လူငယ်ကွန်မြူနစ် ခေါင်းဆောင်ဟုလည်း သတ်မှတ်ပြောဆိုခံထားရသူ ကင်ဂျုံအန်က ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ပြောဆိုသည်။

ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်ရေးပြ အခမ်းအနားသို့ ကင်ဂျုံအန် တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်တွင်မူ တက်တက်ကြွကြွဖြစ်လျက် ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကမူ မြောက်ကိုရီးယား အနေနှင့် ရန်စပြုမူမှုများ မပြုလုပ်ရန် တိုက်တွန်းပြီး ယင်းနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာနေမည်ဟု ဆိုသည်။

“တောင်ကိုရီးယားနိုင်ငံက မဟာမိတ်တွေနဲ့ ကျွန်တော်တို့ အနီးကပ် အဆက်အသွယ် လုပ်ထားပါတယ်၊ တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးအတွက် အခိုင်အမာ လုပ်ဆောင်သွားမယ်လို့လည်း ဆုံးဖြတ်ထားပြီးသားပါ” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဘီလ်အာဘန်က ဆိုသည်။

မြောက်ကိုရီးယား၏ လတ်တလော ထုတ်ဖော်ပြောဆိုချက်များသည် တင်းမာမှုများကို ပိုမိုဖြစ်ထွန်းစေနိုင်သည် ဖြစ်ရာ အလားတူ ပြုမူပြောဆိုမှုများ မပြုလုပ်ရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။

“မြောက်ကိုရီးယားရဲ့ မိုးတစ်လုံး၊ လေတစ်လုံး ပြောဆိုမှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပေါ် အန္တရာယ် ဖြစ်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် ဧရာမ စစ်ရေးပြ အခမ်းအနားတွင် အမေရိကန်နှင့် စစ်ဖြစ်ရန် အသင့်ဖြစ်နေပြီဟု ကင်ဂျုံအန်က ဆိုသော်လည်း နိုင်ငံ၏ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှု မပြုပေ။

The Voice Weekly

No comments:

Post a Comment

My Blog List