Wednesday, October 14, 2015

ကျောင်းသားတွေအပေါ် စွဲဆိုအမှု ပယ်ဖျက်ပေးရေးတင်ပြချက် နိုဝင်ဘာ ၂ ရက်နေ့ ဆုံးဖြတ်မည်


သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်း ဆောင် ကိုအောင်မှိုင်းဆန်းအပါ အဝင် ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ဦးရေ ၇ဝ ကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့ အတွက် ကျောင်းသားတွေရဲ့ ရှေ့နေက တင်ပြထားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း တရားရုံးက လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို စွဲထားတဲ့အမှုတွေကို ချေဖျက်ပေးဖို့ ပဲခူးတိုင်းတရားရုံးထံ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က တင်ပြခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က ပြောပါတယ်။

"အန်ကယ်လ် တင်တာသည် အမှုတစ်ခုလုံးကို ဖယ်ဖျက်ပေးဖို့အတွက်ကို တင်တာ ဘယ်ကတင်လဲလို့ ဆိုရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁ (က) အရတင်တယ်၊ အမှုတစ်ခုလုံးကို ဖယ်ဖျက်ပေးတယ် ဆိုတာ ကျောင်း သား ၇ဝ ရှိတယ်၊ ၂ မှုရှိတယ် ကလေးသူငယ်က ၂ ယောက်က ၁ မှု၊ ဒီဘက် က ၆၈ ယောက်က ၁ မှု၊ အဲ့ဒီ ၁ မှုအတွက်ကို ဖယ်ဖျက်ပေးဖို့အတွက်ဆိုပြီး အန်ကယ်လ်ကတင်တယ်၊ အန်ကယ်လ် က အောက်တိုဘာလ ၂ ရက်နေ့ ပဲခူးတိုင်းကတင်တယ်"

ဒါ့အပြင် ဒီနေ့ ရုံးထုတ်မှာ ကျန်းမာရေးမကောင်းတာကြောင့် ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ဝန်းရံသူ ၂ ဦးကို အာမခံပေးဖို့ တင်ပြခဲ့ပြီး လာမယ့်ရှေ့သီတင်းပတ် ရုံးချိန်းမှာ အာမခံ ပေး၊ မပေးဆိုတာကို သာယာဝတီမြို့နယ် တရားသူကြီးက ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က လာရောက်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ ဖမ်းဆီးခံထားရတာကို ဝမ်းနည်းတဲ့အထိမ်း အမှတ်နဲ့ အနက်ရောင်လက်ပတ်တွေ ဝတ်ဆင်ခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့တဲ့ လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၇ဝ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှုစတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ အခုလက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၄ ယောက်ရှိပါတယ်။

RFA

No comments:

Post a Comment

My Blog List