Wednesday, October 14, 2015

၂၀၁၅ ရွေးကောက်ပွဲ သာယာဝတီ ဖမ်းဆီးခံကျောင်းသားထက်ဝက်ကျော် မဲမပေးဟုဆို


အမျိုးသားပညာရေးဥပေဒေပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို၍ ဖမ်းဆီးထိန်းသိမ်းခံနေကြရသည့် ကျောင်းသားနှင့်ဝန်းရံသူ ထက်ဝက်ကျော်ကို အောက်တိုဘာလ ၁၃ ရက် ၂၇ ကြိမ်မြောက် သာယာဝတီမြို့နယ် တရားရုံးထုတ်လာစဉ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးမည်မဟုတ်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောကြားသည်။

သာယာဝတီအကျဉ်းထောင်တွင် ကျောင်းသားများ ကြိုတင်မဲပေးနိုင်ရန် ပုံစံ(၁၅) ဖြည့်ခိုင်းသော်လည်း ယုံကြည်မှုအားနည်းသဖြင့် သုံးပုံတစ်ပုံခန့်သာ ပုံစံဖြည့်ခဲ့ကြောင်း၊ မဲမပေးသည့် ကျောင်းသားများက မဲမပေးကြောင်း အသိသက်သေဖြင့် လက်ဗွေ နှိပ်ခြင်းများနှင့် လက်မှတ်ထိုးခြင်းများ ပြုလုပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“တစ်ဦးတည်း ပုဂ္ဂိုလ်ရေးအရ ခုရွေးကောက်ပွဲမှာ မဲလုံးဝမပေးပါဘူး။ ၂၀၀၈ ဖွဲစည်းပုံ မပြင်သရွေ့ လွတ်လပ်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မဲမပေးပေမယ့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတစ်ရပ်အနေနဲ့ ပြည်သူလုထုတစ်ရပ်လုံးကတော့ မဲပေးသင့်ပါတယ်” ဟု ကျောင်းသားခေါင်ဆောင် မဖြိုးဖြိုးအောင်က ဆိုသည်။

ကြိုတင်မဲများသည် ယုံကြည်နိုင်စရာ လုံဝမရှိကြောင်း၊ ပြည်သူတစ်ရပ်လုံးက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို လိုလားကြသော်လည်း လွတ်လပ်သည့်ရွေးကောက်ပွဲနှင့် တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်မလာမည်ကို ကျောင်းသားများ စိုးရိမ်နေကြကြောင်း ဖမ်းဆီးခံကျောင်းသူ မအိသဉ္ဇာမောင်က ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက် ကျောင်းသားများရုံးထုတ်စဉ် မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်ရေး EU သံအဖွဲ့က ကျောင်းသားများကို မည်သည့်ပုဒ်မများဖြင့် ဖမ်းဆီးထားကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျောင်းသားများ အမြန်ပြန်လွှတ်ပေးရန် တောင်းဆိုဆောင်ရွက်မည်ဖြစ်ကြောင်း EU သံအဖွဲ့ထံမှ သိရသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆိုသဖြင့် ကျောင်းသားနှင့် ဝန်းရံသူ ၅၂ ဦး၊ ကျောင်းသူ ခြောက်ဦး ဖမ်းဆီးခံထားရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၄၃/၁၄၅/၁၄၇/၃၃၂/၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကာ နောက်တစ်ပတ်ရုံးချိန်းကို အောက်တိုဘာလ ၂၀ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သာယာဝတီမြို့နယ်တရားရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List