Wednesday, October 14, 2015

တိုင်းလိုင်(ရှမ်းနီ)ပါတီမှ စည်းရုံးရေးတာဝန်ရှိသူ နှစ်ဦး အသတ်ခံရသည့် အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်တန့်ခဲ့ရ


တိုင်းလိုင် (ရှမ်းနီ) ပါတီမှ စည်းရုံးရေးတာဝန်ရှိသူ နှစ်ဦး အသတ်ခံရ သည့်အတွက်မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်လိုက်ရကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည် ။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင်အောက်တိုဘာ ၁၃ ရက်က ကျင်းပသည့် ပါတီစည်းရုံးရေး တာဝန်ရှိ သူနှစ်ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်ကြောင်း သိရသည် ။

ဖားကန့်မြို့နယ် ပါတီစည်းရုံးရေးတွင် တက်ကြွစွာပါဝင်သူများဖြစ်သည့် ဦးစိုင်းထွန်းလွင် အသက်-၃၅ နှစ်သည် အောက်တိုဘာ ၅ ရက်တွင်လည်း ကောင်း၊ ဦးကံဆက်အသက်-၄၆ နှစ် အောက်တိုဘာ ၆ ရက်တွင်လည်း ကောင်း အဆိုပါဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟု ယူဆသူများထံတွင် အသတ်ခံရပြီး နောက်ပိုင်း ပါတီစည်းရုံးရေးပါဝင်ရန် ကြောက်လန့်မှုများ ရှိသဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်တန့်လိုက်ရခြင်းများ ရှိကြောင်း သိရသည် ။

ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းတင်အောင်က" ဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း ရှမ်းနီစည်းရုံး ရေးဆင်းရင် ကိုယ်စားလှယ်လောင်းတွေလည်း အပြင်မထွက်ရဲတော့ဘူး ။ လူထုတွေလည်းအကြောက်တရား လွှမ်းမိုးနေတယ်။" ဟု ပြောသည် ။

ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တွင် ဖားကန့်မြို့နယ် ရှိ KIO ဆက်ဆံရေးရုံးသို့သွားရောက်အကြောင်းကြားရာတွင် အဆိုပါရုံးမှ ရွေးကောက်ပွဲ မထိခိုက်စေရန် KIO ဗဟိုမှ စာထုတ်ထား ကြောင်း၊ ယင်းတို့အနေဖြင့် ဗဟိုကို အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဆိုသော်လည်း ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ ဖားကန်မြို့နယ် တိုင်းလိုင်(ရှမ်းနီ)ပါတီဥက္ကဋ္ဌ ဦးစိုင်းခင်မောင်လွင်က ပြောသည် ။

ဦးစိုင်းခင်မောင်လွင်က "ကျုးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ကူညီစေလိုပါတယ်။ နောက် အခုကိစ္စကြောင့် ဖားကန့်မှာရှိတဲ့ ရှမ်းနီတွေရော အခြားလူမျိုးစုတွေပါ အကြောက်တရား လွှမ်းမိုးသွားပြီ ဖြစ်တယ်။" ဟု ပြောသည် ။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် ရှမ်းနီတိုင်းရင်းသားအများစု နေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ကိုယ်စားလှယ်လောင်း ၅၄ ဦးသည် တိုင်းရင်းသားရေးရာ
ဝန်ကြီး၊ လွှတ်တော်သုံးရပ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောပြချက်အရသိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal


No comments:

Post a Comment

My Blog List