Wednesday, October 14, 2015

ရွေးကောက်ပွဲ ဘယ်လိုမဲပေးကြမလဲ


ရွေးကောက်ပွဲကျင်းပဖို့ တလကျော်သာလိုတော့တယ်။ ဘယ်ပါတီကို မဲပေးရမလဲ။ ဘယ်သူတွေကို မဲပေးရမလဲ။ ဘယ်လိုအရည်အချင်း စံသတ်မှတ်ချက်များအရ မဲပေးရမလဲဆိုပြီး မဲဆန္ဒရှင်များအနေနဲ့ အတွေး ပွားစဉ်းစားရင်း အလုပ်များနေကြမှာ ဖြစ်ပါတယ်။

အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိကြောင်း ဖွဲ့စည်းပုံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ သင့်နိုင်ငံကို ဂုဏ်သိက္ခာရှိတဲ့နိုင်ငံအဖြစ် တည်ဆောက်ရန် သင် အပါအ၀င် ပြည်သူအပေါင်း ခံစားနေရသော လူမှုဒုက္ခအပေါင်းက လွတ်မြောက်ရန် သင့်တွင် နောက်ဆုံး အခွင့်အရေးရှိနေပြီ။ 'သင်မဲပေးပါ'ဆိုတဲ့ သတိပေး လှုံ့ဆော်မှုများကို သတင်းစာ မျက်နှာဖုံးအချို့မှာ ဖတ်ရှုရပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်နဲ့ ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်ပါတယ်။ ပါတီအကြီးအကဲတွေ၊ ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ် စားလှယ်လောင်း များက ကတိတွေ အမျိုးမျိုး လက်ဆောင်ပစ္စည်းတွေ မျိုးစုံပေးပြီး မဲဆွယ်စည်းရုံး နေကြပါတယ်။

ဘယ်သူ့ကို မဲပေးမှာလဲ။ ဘယ်အချက်အလက်တွေကို သဘောကျ လက်ခံပြီး မဲပေးမှာလဲ။ မဲ မပေးသင့်သူတွေကို ဘယ်လိုအချက်အလက်တွေအရ ရှောင်ရှားရမလဲ။ စဉ်းစားစရာတွေ အများကြီး ရှိလာပါတယ်။

အာဏာရပြည်ခိုင်ဖြိုးပါတီက မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဖော်ဆောင်ပေး တာ သူတို့ပါတီ ဖြစ်ပါသတဲ့။ အောက်တိုဘာ ၁ ရက်က သမ္မတဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်သို့ သွားရောက်ရာမှာ ကြိုဆိုသူ ပြည်ခိုင်ဖြိုးပါတီဝင်များက ''လေးမျက်နှာမြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ခိုင်ဖြိုး ကို မဲပေးစို့၊ တောင်သူလယ်သမားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့၊ သင့်မိသားစုဘ၀ လုံခြုံစိတ်ချဖွံ့ဖြိုးဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့၊ အနာဂတ်ဘ၀ ပြောင်းလဲတိုးတက်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့''စာသားများ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်းများရဲ့ ဓာတ်ပုံများပါဝင်တဲ့ မဲဆွယ် စည်းရုံးရေး ကားများနဲ့ ကြိုဆိုကြပါတယ်။ ဒါဟာ သမ္မတအားကိုးနဲ့ စည်းရုံး ရေးလုပ်တာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရဟာ ငါးနှစ်သက်တမ်း အတွင်း အဲဒီကြွေးကြော်သံအတိုင်း မလုပ်နိုင်လို့ ဆက်လုပ်ချင်ပုံရပါတယ်။

အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမှန်တကယ်ပြောင်း လဲဖို့ NLD ကို မဲပေးစို့ ကြွေးကြော်သံနဲ့ မဲဆွယ်စည်းရုံးပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် NLD တပါတီတည်းကသာ ဦးဆောင်နိုင်တယ်ဆိုပြီး ပြောပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အာဏာရှင်စနစ်ကို မပြောင်းလဲနိုင်ရင် ပြည်သူတွေ ချမ်းသာမှာမဟုတ် ဘူးဆိုတဲ့ အယူအဆများဖြင့် NLD ကို တည်ထောင်ခဲ့ပြီး နိုင်ငံရေးလုပ်ခြင်း ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ''နိုဝင်ဘာ ၈ ရက်မှာကျရောက်မယ့် အထွေထွေရွေး ကောက်ပွဲကြီးမှတဆင့် ပြည်သူများ က အဖွဲ့ချုပ်ကို အစိုးရတာဝန်ထမ်း ဆောင်နိုင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပေးချင်ပါတယ်''လို့ စက်တင်ဘာ ၂၁ ရက် ည ၇ နာရီတွင် ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ''၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်အရပ်ရပ်အတွက် ပြည်သူ့ ကိုယ်စားလှယ်များ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေနဲ့ မဲဆန္ဒပေးရာတွင် တိုင်းပြည်အပေါ် ကောင်းအောင်လုပ်နိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး အမြင်လေးမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိမှုများကို အခြေခံစဉ်းစားရမယ်''ဆိုပြီး လမ်းညွှန်ပါတယ်။ တပ်မတော်သားတွေ ဘယ်သူ့ကို မဲပေးပါဆိုပြီး ပြောတဲ့သဘော ဖြစ်ပါတယ်။ 

တချိန်တည်းတွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)က မျိုးစောင့်ဥပဒေကို မထောက်ခံတဲ့ နိုင်ငံရေးပါတီများကို အထူးသဖြင့် NLD ကို မဲမပေးဖို့ စည်းရုံးလှုံ့ဆော်ပါတယ်။ မဘသက NLD ပါတီမှာ မွတ်စလင် တွေများတယ်။ NLD သာ အာဏာရရင် မွတ်စလင်တွေကို အခွင့်အရေးပေး မယ်။ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီး ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကဲ့သို့ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အချို့က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် တိုင်းတပါးသားနဲ့ လက်ထပ်ထိမ်းမြား သူ၊ အမျိုးမချစ်သူဆိုပြီး ပြောဆိုစည်းရုံး ကြပါတယ်။ ဦးမြင့်လှိုင်က ရှင်ပြုပေး မယ်၊ အချို့ကိုယ်စားလှယ်လောင်းများက အမျိုးဘာသာသာသနာ တိုးတက် ရေး လုပ်ဆောင်ပေးမယ်ဆိုပြီး မဲဆွယ်နေကြတဲ့အတွက် ဘာပဲပြောပြော မဲဆန္ဒရှင်များအဖို့ စိတ်ရှုပ်ထွေးစရာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော ဟုတ်မဟုတ်၊ မှန်မမှန်ဆိုတာ မိမိတို့ကိုယ်ပိုင်ဥာဏ်နဲ့ ချင့်ချိန်ဆုံးဖြတ်ရ ပါမယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိမဲပေးရွေးချယ်မည့် ကိုယ်စားလှယ်လောင်းဟာ အခြေခံအားဖြင့် ရိုးသားဖြောင့်မတ်သူ၊ ရိုးသားဖြောင့်မတ်မှုတွင် မှတ်ကျောက်တင်ခံနိုင်သူဖြစ်ဖို့ လိုပါတယ်။ ရိုးသားဖြောင့်မတ်မှုနဲ့ တိုင်းတာလိုက်ရင် ဘယ်သူကို မဲပေးသင့်တယ်။ 
ဘယ်သူ့ကိုတော့ဖြင့် မဲမပေးသင့်ဆိုတဲ့အချက် သိသာထင်ရှားလာမယ် ဖြစ်ပါတယ်။

ပါတီတွေ၊ ပါတီကိုယ်စားလှယ်လောင်းတွေ၊ တသီးပုဂ္ဂလကိုယ်စား လှယ်လောင်းတွေကတော့ သူတို့ကို မဲပေးကြပါ။ သူတို့သာ ရွေးကောက်ခံရရင် မဲဆန္ဒရှင်တွေအတွက်၊ တိုင်းပြည်အတွက် ဘာတွေဆောင်ရွက် ပေးမယ်ဆိုပြီး အမျိုးမျိုးအဖုံဖုံ ပြောကြမှာဖြစ်ပါတယ်။ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်းတွေက ဘာတွေပဲပြောပါစေ သူတို့ရဲ့ပြောစကားတွေကို ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ 'ကာလာမသုတ်'ပါ စံ ၁၀ ရပ်နဲ့ တိုင်းတာကြည့်ကြပါလို့ အကြံပြုလိုပါတယ်။

ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ကောသလတိုင်းမှာ ကေသမုတ္တဆိုတဲ့ နိဂုံးရွာရှိတယ်။ ဒီရွာဟာ တောအုပ်တခုကို ဖြတ်သန်းရမယ့်အ၀မှာ ရှိတယ်။ တောအုပ်ကြီးတအုပ် ဖြတ်ရတော့မယ်ဆိုရင် အဲဒီ ရွာမှာ စခန်းချရတယ်။ ရိက္ခာတွေ၊ ဘာတွေ ဖြည့်တင်းပြီးတော့မှ ဟိုဘက် တောကြီးကို ဖြတ်ရတယ်။ ဘာသာတရားဟောပြောတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာအယူဝါဒများပြားလှတဲ့ ခေတ်ကာလမှာ ဘာသာရေးအယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး သမဏ၊ ဗြဟ္မဏတွေ ကေသမုတ္တနိဂုံးရွာမှာ စခန်းချပြီးမှ တောအုပ်ကြီးကို ဖြတ်တယ်။ တောအုပ်ကြီးဖြတ်လာတဲ့ ဘာသာရေးသမားတွေကလည်းပဲ ကေသမုတ္တမှာ စခန်းချကြတယ်။ ကိုယ့် အယူဝါဒကို ကိုယ်ဟောပြောကြတယ်။

အဲဒီတော့ ကေသမုတ္တက လူတွေက ဘာသာတရားတွေ အမျိုးမျိုး နာရတဲ့အခါ သံသယတွေ ဖြစ်လာတယ်။ အယူဝါဒချင်းမတူတဲ့သူတွေက ဟိုကတမျိုးပြောသွားလိုက်၊ ဒီကတမျိုးပြောသွားလိုက်ဆိုတော့ ဒွိဟ သံသယ ပွားကြတာပေါ့။ ဒီတော့ ကေသမုတ္တမှာနေတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ လျှောက်ထားကြတယ်။ ''အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မတွေ ရောက်ရောက် လာကြတယ်ဘုရား။ လာသမျှ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒကောင်းကြောင်းပြောပြီး သူများဝါဒကို ရှုတ်ချပြီး ပြောဆိုသွားကြတာချည်းပဲ။ နောက်တစုက လာပြန်လည်း ဒီလိုပဲ။ ကိုယ့်ဝါဒအကောင်းပြော ကိုယ့်ဟာအမှန်ပြောပြီး သူများဝါဒကို ရှုတ်ချပစ်ပယ်ပြီး သွားကြတယ်။ အဲဒီတော့ ဘယ်သူ မှားလို့ ဘယ်သူမှန်တယ်ဆိုတာ တပည့်တော်တို့မဝေခွဲနိုင်ဘူး ဘုရား''တဲ့။

အဲဒီတော့ ဗုဒ္ဓဘုရားက သံသယဖြစ်နေသူတွေကို စဉ်းစားဖို့အချက် ၁၀ ချက်ကို ဟောပြောပါတယ်။ နံပါတ် (၁) က 'မာအနုဿသေ၀'၊ 'တစုံတယောက်က ကိုယ့်ကို report လုပ်တယ်။ သတင်းပေးတယ်။ အဲဒါနဲ့လည်း အမှန်လို့ မဆုံးဖြတ်နဲ့တဲ့။ (၂) 'မာပရမ္ပရာယ' ရှေးဘိုးဘွား ဘီဘင်လက်ထက်ကတည်းက လုပ်လာတဲ့ အလုပ်တခုပဲဆိုပြီး လုပ်နေကြတာ။ ဒါနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ (၃) 'မာဣတိကိရာယ' ကြားလာတာကို တဆင့်လာပြောတာ၊ သူကလည်း တဆင့်ကြားပဲ။ သူကိုယ်တိုင် မြင်တာမဟုတ်ဘူး။ 'ဣတိကိရ'ဆိုတာနဲ့ အမှန်တရားကို မဆုံဖြတ်နဲ့တဲ့။ (၄) 'မာပိဋကသမ္ပဒါနေန'စာအုပ်ထဲမှာ ပါတယ်ဆိုတာနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူး။ ကိုယ်ပိုင်ဥာဏ်ကို အသုံးချပါတဲ့။ (၅) 'မာတက္ကဟေတု' တက္ကဗေဒနည်း၊ တွေးခေါ်မြော်မြင်တဲ့ နည်းစနစ်နဲ့ အမှန်တရားကိုရှာလို့ မမှန်နိုင်ဘူးတဲ့။ (၆) 'မာနယဟေတု' အနုမာန၊ တဆင့် မှန်းဆသိတာမျိုး။ အဲဒါနဲ့လည်း အမှန်တရားကို ရှာလို့မရဘူးတဲ့။ (၇) 'အာဏာရ ပရိစိတက္ကေန' တွေးတောဆင်ခြင်ပြီးတော့ အတွေးအခေါ်တခုနဲ့ အမှန်တရားကို ဆုံးဖြတ်လို့ မရဘူးတဲ့။ (၈) 'ဒိဋ္ဌိနိဇ္ဈာနက္ခ န္တိယာ' ကိုယ့်အမြင်က သဘောကျစရာရှိတယ်။ ကြောင်းကျိုးဆင်ခြင်လို့ရတယ်။ ကိုယ့်အမြင်ဟာ သူများအမြင်နဲ့လည်း ကိုက်ညီတယ်။ ကျေနပ်စရာကောင်းတယ်။ ဆင်ခြင်သုံးသပ်ပြီး ကြည့်မှုနဲ့ရော အမှန်တရားကို ဆုံးဖြတ်လို့ရလားဆိုတော့ မရဘူးတဲ့။ (၉) 'မာဘဗ္ဗရူပတာယ' မှတ်သားထိုက်တယ်။ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ (၁၀) 'မာသမဏောဂရု' ဒို့ရဲ့ ဆရာပဲ။ ဆရာပြောတာဆိုရင် မမှားဘူးလို့။ ဒီလိုနဲ့ အမှန်တရားကို ဆုံးဖြတ်လို့ မရဘူးတဲ့။

မြတ်စွာဘုရားက အသိဥာဏ်မပါဘဲ ဘယ်အချက်ကိုမှ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား ပစ္စဝေက္ခဏဥာဏ်မရှိဘဲနဲ့ ဘယ်ဟာကိုမှ အမှန်တရားလို့ မဆုံးဖြတ်ရဘူးလို့ ကာလာမအမျိုးသားတွေကို ဟောကြားခဲ့ပါတယ်။ အသိဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပါတဲ့။ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ပါတဲ့။

ဒါကြောင့် မဲဆန္ဒရှင်များအနေနဲ့ အသိဥာဏ်၊ ဆင်ခြင်တုံတရား၊ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ပြီးမှ မိမိတို့အား မဲထည့်ရန် ပြောလာကြတဲ့ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရမှာဖြစ်ပါတယ်။
'၀ီမံသကသုတ်'မှာ မြတ်စွာဘုရားက 'ငါ့ကို မင်းတို့ စုံစမ်းကြစမ်း၊ စူးစမ်းကြစမ်း၊ လေ့လာကြစမ်း။ ငါပြောတဲ့အတိုင်း ငါ့ကိုမယုံကြနဲ့''လို့ ဖိတ်ခေါ်ပါတယ်။ ဒီလိုပဲ မိမိတို့အား မဲပေးရန် ပြောလာကြတဲ့ ကိုယ်စား လှယ်လောင်းတွေ အများအပြားရှိပါတယ်။ သူတို့ကို ကာယကံ၊ ၀စီကံနဲ့ လေ့လာကြည့်၊ ကျေနပ်လောက်စရာရှိရဲ့လား။ ကျေနပ်လောက်မှ လက်ခံကြရပါမယ်။ ယုံကြည်လေးနက်စွာ မဲပေးသင့်ကြပါတယ်။

နိုင်ငံရေးသဘောတရား ဆရာများက နိုင်ငံတော်အာဏာဟာ ပြည်သူလူထုမှ ဆင်းသက်သည်လို့ ဆိုကြပါတယ်။ ဖွဲ့စည်းပုံဥပဒေမှာလည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ခက်မသုံးဖြာ အချုပ်အခြာအာဏာဟာ ပြည်သူလူထုထံမှ ဆင်းသက်ပြီး နိုင်ငံတ၀န်းလုံး၌ တည်သည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့ရက်မှာသာ ပြည်သူလူထုလက်၌ အာဏာအမှန် တကယ်ရှိပါတယ်။ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့နေ့ကစပြီး ဒီလူတွေရဲ့မျက်နှာကို ပြန်တွေ့ရဖို့ မလွယ်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့အကျိုး သယ်ပိုးဖို့ဆိုတာက ဆောက်ဖြစ်မှကျောင်းတကာ သဘောပါ။ ဒါကြောင့် မဲဆန္ဒရှင်များအနေနဲ့ ပြောတိုင်းလည်းမယုံကြနဲ့၊ ကျွေးတိုင်းလည်း မစားကြပါနဲ့။ ပြည်သူရဲ့ ကျေးကျွန်အဖြစ် ပြည်သူ့အကျိုး သယ်ပိုးမယ်ဆိုပြီး ကတိအလီလီပေးတတ်ကြသူများဟာ အာဏာရလာတဲ့အခါ ပြည်သူကို ချနင်းတဲ့ 'အရှင်သခင်ကြီး'တွေ ဖြစ်သွားတတ်ကြပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ လာမည့် နိုဝင်ဘာ ၈ ရက်မှာ မိမိတို့ရဲ့ အခွင့်အာဏာကို အပြည့်အ၀အသုံးချပြီး 'ပြည်သူ့ကျေးကျွန်များ' မဟုတ်ရင်တောင်မှ ပြည်သူလူထုခေါင်းပေါ်တက်နင်းကြမယ့် 'အရှင်သခင်များ'ကို မရွေးချယ်မိစေရန် ကိုယ်ပိုင်ဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ကြပါ၊ မဲပေးကြပါလို့ တိုက်တွန်းအပ်ကြောင်းပါဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List