Tuesday, October 13, 2015

အလုပ်ရှင် ထောက်ခံစာမပါဘဲ ခရီးသွားသည့် မြန်မာလုပ်သားများ ထိုင်းဥပဒေအရ ဖမ်းဆီးခံရနိုင်


ထိုင်းနိုင်ငံတွင်း ပန်းရောင်(WorkPermit) ကတ် ကိုင်ဆောင်ထားသော အလုပ်သမားများ အလုပ်ရှင်၏ ခရီးသွားထောက်ခံစာ မပါရှိဘဲ ခရီးသွားပါက ထိုင်းနိုင်ငံ ဥပဒေအရ ဖမ်းဆီးခံရပြီး အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း သိရှိရသည် ။ "အရင်က မြန်မာအလုပ်သမားတွေက ပန်းရောင် အလုပ်သမားကတ်ကိုင်ရင် ကြိုက်တဲ့နေရာ ခရီးသွားလို့ရတယ် ။ အခုက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သွားလို့မရဘူး ။ အလုပ်ရှင်ရဲ့ ထောက်ခံစာလိုတယ် ။ 

ဘာလို့လဲဆိုတော့ ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေ ဖြစ်မှာကြောက်လို့ စစ်ဆေးနေကြတာပါ" ဟု ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့အတွင်း မြန်မာ အလုပ်သမားများအား ကူညီလုပ်ကိုင်ပေးနေသူ ဦးထွန်းက ပြောသည် ။

အလုပ်ရှင်၏ ထောက်ခံစာမပါရှိဘဲ ခရီးသွားခြင်းကြောင့် ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့ (လ.၀.က) အချုပ်တွင် လစဉ် ရွှေ့ပြောင်းအလုပ်သမား ငါးဆယ်ဦးခန့် ဖမ်းဆီးခြင်း ခံရလျက်ရှိကြောင်း ၎င်းထံမှသိရသည် ။ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလျှင် သော်လည်းကောင်း ၊ မြန်မာနိုင်ငံသို့ ပြန်ရန်သော် လည်းကောင်း အလုပ်ရှင်၏ ထောက်ခံချက် လိုအပ်ကြောင်း ၊ သို့မဟုတ်ပါက Passport, Visa နှင့် အလုပ်သမားကတ်တို့အား သိမ်းဆည်းကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မည် မဟုတ်ကြောင်း သိရသည် ။

"ဒီလအထဲမှာပဲ လူနှစ်ဆယ်လောက် Visa Passport တွေ ပါတယ် ။ ဒါပေမဲ့ သက်ဆိုင်ရာ အလုပ်ရှင်ရဲ့ ခရီးသွား ထောက်ခံစာ မပါလို့ ဖမ်းဆီးခံရတယ် ။ သူတို့ကို မြန်မာနိုင်ငံထဲ ပြန်လွှတ်ပေးပါတယ် ။ အဲ့ဒီနေ့ပဲ ထိုင်းနိုင်ငံ ထဲ ပြန်ဝင်ဖို့ လုပ်တဲ့အခါ လ.၀.က.ရဲ့ မှတ်တမ်းမှာပါနေတော့ ၀င်လို့မရတော့ဘူး" ဟု ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားတစ်ဦးက ပြောသည် ။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သားများ အနေဖြင့် ထိုင်းနိုင်ငံ၏ အလုပ်သမားနှင့် ဆိုင်သော ထုတ်ပြန်ချက်များ ဥပဒေများအား အနည်းငယ် သိရှိရန်လိုအပ်ကြောင်း သို့မဟုတ်ပါက ဖမ်းဆီးခြင်းခံရပြီး အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (CNCMC) ထံမှ သိရသည် ။

သတင်း - MMK

The Ladies News Journal

No comments:

Post a Comment

My Blog List