Monday, October 12, 2015

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ပြည်သူများစိုးရိမ်


‘‘ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံ ခံရမှာ စိုးရိမ်မိသည်’’ဟူသည့် ဆောင်းပါးရှင် သရဝဏ်(ပြည်) ရေးသားသော ဆောင်းပါးတစ်ပုဒ် ယခုတစ်ပတ်ထုတ် ဝေသော စောင့်ကြည့်သတင်းဂျာနယ်တွင် ပါလာသည်။ မရှေးမနှောင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်တွင် စိုးရိမ်ရသောနိမိတ်မြင်နေရသည်ဟူသည့် အပျော်တမ်းတဲရော့သမား တစ်ဦး၏ဟောကိန်းတစ်ခုလည်း လူမှုကွန်ရက် စာမျက်နှာပေါ်၌ပျံ့နှံ့လာသည်။ ဤတွင် ဒေါ် အောင်ဆန်းစုကြည်၏လုံခြုံရေး ကိစ္စသည်လူပြောများသည့် အကြောင်းအရာတစ်ခု ဖြစ်လာသည်။

‘‘ကျွန်တော်တို့လည်း စိတ်ပူ တယ်။ အခုနောက်ပိုင်းလုံခြုံရေးကို ဖိဖိစီးစီးလုပ် နေတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်၏လုံခြုံရေး အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က ပြောသည်။

၎င်း၏ လုံခြုံရေးအတွက် မမြင်တွေ့နိုင်သော လုံခြုံရေးအစီ အစဉ်များ၊ ဒီချုပ်အမာခံအနီးကပ်   လုံခြုံရေးများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ကူညီမှု အချို့ရှိနေသည့် တိုင် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများက အရှိန် လျော့မသွားပါချေ။

‘‘ကျွန်တော်တို့ စိုးရိမ်ဆုံးက အသက်အန္တရာယ်ပဲ။ မမြင်ရတဲ့ လက်တွေရှိနိုင် တယ်လို့ ယူဆ ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့လုံခြုံရေးတွေက သူတို့အသက် နဲ့ခန္ဓာကို ရင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်မယ့် သူတွေ ပါ’’ဟု ဦးဝင်းထိန်က ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးအတွက် ပုဂ္ဂလိကလုံ ခြုံရေးကုမ္ပဏီများကို တာဝန်ပေး ရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုသည်။ လွန်ခဲ့သော လက သတင်းစာရှင်း လင်းပွဲတွင် ဒေါ် အောင်ဆန်းစုကြည်၏လုံခြုံရေး အတွက် ဘတ်ဂျက် တစ်ပြားမှမရှိ ဟု ဦးဝင်းထိန်က ပြောခဲ့သေး သည်။

ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို မုန်းတီးသူများ၏ Hate Speechများက ဒုနှင့်ဒေး။ ပြိုင်ဘက် ခေါင်းဆောင်ပိုင်းအချို့၏မဲဆွယ် စည်းရုံးရေးစကားများတွင်လည်း ၎င်းကို ပုတ်ခတ်သောစကားများ အတိုင်းသား တွေ့နေရသည်။ သို့ဖြစ်ရာ မြန်မာနှင့်ကမ္ဘာတွင် ချစ်ခင်အားပေးသူ အများအပြားရှိ လင့်ကစား ဒေါ်အောင်ဆန်းစု ကြည်ကို မုန်းတီးသူများရှိနေခြင်း  က သေချာသော အရာတစ်ခုပင် ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲသည် မြန်မာ့သမိုင်း တစ်လျှောက် ပြိုင်ဆိုင်မှုအပြင်း ထန်ဆုံးရွေးကောက်ပွဲဖြစ်သည်။ ကိုယ်စားလှယ်လောင်း ခြောက် ထောင်ကျော်က မဲဆန္ဒနယ်တစ် ထောင်ကျော်အတွက် ယှဉ်ပြိုင် ကြရမည်ဖြစ်သည်။ ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများ လိုက် နာရန် ကျင့်ဝတ်ကို နိုင်ငံရေးပါတီများက ရေးဆွဲထုတ်ပြန် ခဲ့ကြ သည်။ သို့သော် အဆိုပါကျင့်ဝတ်များကို ဖောက်ဖျက်ကြသည်မှာ ကျင့်ဝတ်ရေးဆွဲခဲ့ကြသော နိုင်ငံ ရေးပါတီဝင်များပင် ဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလ အရှိန်အမြင့်ဆုံးအချိန်ရောက်ရှိ လာသည်နှင့်အမျှ အများဆုံးတက် လာသည့်သတင်းများက နိုင်ငံရေးပါတီများ၏အောင်နိုင်ရေး ဆိုင်း ဘုတ်များ ဖျက်ဆီးခံရသည့်သ တင်းများဖြစ်သည်။ အများဆုံး ဖျက်ဆီး ခံရသည့်ပါတီမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။ ထို့ပြင် ဒီချုပ်၏ စည်းရုံးရေး ခရီးစဉ်အချို့တွင် နှောင့်ယှက်ခံရ ခြင်းများရှိခဲ့သည်။ သို့ဖြစ်ရာ တစ် ချိန်တည်းမှာပင် ဒီချုပ်ခေါင်း ဆောင်၏လုံခြုံရေးအတွက် စိုးရိမ် မကင်း ဖြစ်လာကြသည်။

‘‘အရင်တုန်းက တစ်ခုခုဆို စစ်အစိုးရလက်ချက်ပဲဆိုတာ သေချာတယ်။ သတိထားစရာက သူတို့ပဲရှိတယ်။ အခုက အဲဒီအခြေ အနေမျိုးမဟုတ်တော့ ဘူး။ သတိ ထားရမယ့်ကိစ္စတွေက အများ ကြီးရှိလာတယ်’’ဟု မြန်မာ့ခေတ် ဂျာနယ်ထုတ်ဝေသူ ဒေါ်လှလှဝင်း က ပြောသည်။

ဒေါသထွက်နေသောလူ အုပ်ကြီး၊ မှိုင်းတိုက်ခံထားရသူများနှင့် ဒေါ်အောင် ဆန်းစုကြည် အပေါ် အတွင်းကျိတ်မုန်းတီးနေ ကြသူများ၏အန္တရာယ်မှာ မှန်းဆ မရဘဲ အချိန်မရွေးပေါ်ပေါက်လာ နိုင်ကြောင်း ၎င်းက ထောက်ပြ သည်။

‘‘တကယ်ဆို သူက ကမ္ဘာ့ ခေါင်းဆောင် တစ်ယောက်ပဲ လေ။ အဲဒီတော့ ကမ္ဘာ့ခေါင်း ဆောင်တစ်ယောက်ရဲ့လုံခြုံရေး အဆင့်မျိုးရှိသင့်တယ်’’ဟု ဒေါ်လှ လှဝင်းက အကြံပြုသည်။

လွန်ခဲ့သည့်သြဂုတ်လလယ် က ဒေါ်အောင်ဆန်းစုကြည်စီးနင်း လာသည့်ကား မတော်တဆဖြစ် သည်ဆိုကာ သတင်းထောက်များထံ အမည်မသိဖုန်းတစ်လုံးက မက်ဆေ့ခ်ျပို့သည့် ကိစ္စဖြစ်ပွားခဲ့ သည်။ အတည်မပြုနိုင်သော သတင်းများက ကားမတော်တဆ ဖြစ်ခြင်းမဟုတ်ဘဲ အမြန်လမ်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းနောက်သို့ မသင်္ကာ ဖွယ်ယာဉ်တစ်စင်းလိုက်ခဲ့သည် ဟု ဆိုကြသည်။

အဆိုပါ ကိစ္စများဖြစ်ပြီး နောက်တစ်ရက်တွင် နေပြည် တော်နေအိမ်၌် ဒေါ်အောင်ဆန်းစုကြည်ကောင်းမွန်စွာရှိနေကြောင်း ဒီချုပ်က အသိပေး ခဲ့သည်။ ထိုကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရုံး၏ www.nld chairperson.com ဝက်ဘ်ဆိုက်သို့ ဝင်ပြီး အနှောင့်အယှက် ပေးခြင်း၊ ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်အီးမေးလ်ဆာဗာကို Hackပြီး လွှတ်တော်ကိုယ်စားလှယ်များ၏အီးမေးလ်များမှ အတွင်းရေးများကို ဖွင့်ချတော့မည်ဟူသော ခြိမ်းခြောက်ခြင်းများ ပေါ်ထွက်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်ကြသူများအနေ ဖြင့် အဖြစ်သည်းလွန်းသည်ဟု အပြစ်မဆိုနိုင်ချေ။ ဒီပဲယင်း အ ဖြစ်အပျက်သည် အကောင်းဆုံး သက်သေဖြစ်သည်။ ထို့အပြင်ဘ၀ ၏အကောင်းဆုံးအချိန်ကို နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် ကုန်ဆုံးခဲ့ရ သည်အထိ အာဏာရှင်တို့က ရန် သူသဖွယ် သဘောထားမှု ခံခဲ့ရ သည်။

‘‘ပြည်သူတွေကသူတို့ကို မုန်းပြီး အမေစုကို ထောက်ခံလေ သူတို့က အမေစု ကို ပိုမုန်းလေပဲ’’ ဟုနိုင်ငံရေးစိတ်ဝင်စားသူ ကိုဝေယံကပြောသည်။

ထို့အပြင် သူ့အတွက်မူ မျိုး ရိုးစဉ်ဆက်ခါးသီးသော အတွေ့ အကြုံများရှိခဲ့ခြင်းကလည်း သတိ ထားသင့်သည့် အချက်ဖြစ်သည်။ ၎င်း၏ဖခင်သည် လုပ်ရပ်ကောင်း များကြောင့် တစ်မျိုးသားလုံးက ထောက်ခံသော်လည်း မထောက် ခံသူလူနည်းစု၏ လုပ်ကြံခြင်းခံခဲ့ ရသည်။ အဘိုးဗိုလ်မင်းရောင် သည်လည်း နယ်ချဲ့တို့၏ ခေါင်း ဖြတ်သတ်ခြင်းခံခဲ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်၏ လုံခြုံရေးမှာ စိုးရိမ်စရာ အခြေအနေမမြင်မိကြောင်း ၎င်း ၏ခရီးစဉ်များကို တောက် လျှောက်လိုက်ပါသတင်းယူခဲ့သူ ဓာတ်ပုံသတင်းထောက်တစ်ဦးက ပြောသည်။

‘‘သူ့ဟောပြောပွဲတွေမှာ ပ ရိသတ်တွေက သောင်းချီတယ်။ အဲဒီပရိသတ်ပင်လျှင် သူ့ရဲ့လုံခြုံ ရေးသဘောမျိုးပြန်ဖြစ်သွား တယ်။ လုပ်ကြံမယ့်သူအတွက်ပြေး ပေါက်ရှိမှာမဟုတ်ဘူး’’ဟုဓာတ်ပုံ သတင်းထောက်ကိုသာဗျောက၎င်း၏အမြင်ကိုပြောသည်။ လက် နက်ဖြင့် လုပ်ကြံမှုကိုမူ သတိထား ရမည်ဖြစ်ကြောင်း ထောက်ပြ သည်။

သို့သော် မိုက်ရူးရဲသမားများ ၏ ရန်ကိုသတိထားရမည်ဖြစ် ကြောင်း ဒေါ်လှလှဝင်းကပြော သည်။

ဖဆပလလက်ထက် ရွေး ကောက်ပွဲကာလတွင် သတ်ဖြတ် မှုများဖြစ်ပွားသည်အထိ အယူဝါ ဒရေးရာများ ပြင်းထန်ခဲ့သော် လည်း ယခုကာလအတွင်း ယင်း ကဲ့သို့ အခြေအနေမျိုးပြန်မဖြစ်နိုင် ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဦးသန်းထွန်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးက ၁၉၉၀ ကတည်းက အခုထိ စိုးရိမ်ပူပန်ခဲ့ကြတာပဲ လေ။ ဒါပေမဲ့ ဘာမှ မဖြစ်ခဲ့ပါ ဘူး။ ဒီပဲယင်းလိုကိစ္စမျိုးက စစ် အစိုးရ ပါဝင်ပတ်သက်လို့သာ ဖြစ်တာလေ။ ပြည်သူတွေထဲမှာ ဒီလိုဘယ်သူမှမလုပ်ပါဘူး’’ဟု ဦး သန်းထွန်းကပြောသည်။

မြန်မာနိုင်ငံတွင် ဘာသာ ရေးအစွန်းရောက်ခြင်း မရှိမှုက လည်း ယင်းကိစ္စမဖြစ်လာနိုင် ကြောင်း ၎င်းကပြောသည်။

‘‘ဒီက အမျိုးသားရေးလှုပ် ရှားမှုသမားတွေက ဒေါ်အောင် ဆန်းစုကြည်ကို မုန်းကြတာမ ဟုတ်ဘူး။ သူက အစိုးရဖွဲ့ရင် အဲဒီလိုကိစ္စမျိုးတွေလုပ်ပေးမယ် ပြောလိုက်ရင်ဘာပြဿနာမှရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ကလည်း သိတဲ့အ တိုင်းပဲလေ’’ဟု ဦးသန်းထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏လုံခြုံရေးအတွက် တာဝန်ယူထားသူများကိုယုံကြည် စိတ်ချသူလည်းဖြစ်သည်။

‘‘ကျွန်မက ကျွန်မရဲ့လုံခြုံ ရေးတာဝန်ရှိသူတွေရဲ့စကားကို အမြဲနားထောင်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က သတင်း စာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားဖူးသည်။

သို့သော်ပြည်သူများနှင့်၎င်း ၏ လုံခြုံရေးယှဉ်လာလျှင်ပြည်သူ များကိုသာ ဦးစားပေးလိုက်သည် ချည်းပင်။ လူထုတွေ့ဆုံပွဲများ တွင် ၎င်း၏လုံခြုံရေးများက ပြည် သူများ၏ မြင်ကွင်းကို အနှောင့် အယှက်ဖြစ်လျှင် ၎င်းက လုံခြုံရေး များကို ထိုင်ခိုင်းလေ့ရှိသည်။

လူထုတွေ့ဆုံပွဲများအပြီး တွင်လည်း ပြည်သူများအကြား သွားလာကာ တစ်ခါမှတွေ့မြင်ဖူး ခြင်းမရှိသော ပြည်သူများပေး သည့် ပန်းစည်းများ၊ အမှတ်တရ လက်ဆောင်များကို ယုံကြည်စိတ် ချစွာ လက်ခံလေ့ရှိသည်။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ တစ်ခုမှ ၀ါရင့်လုံခြုံရေးဝန်ထမ်း တစ်ဦးကမူ ယုံကြည်စိတ်ချရဆုံး သူများကိုသာ ဒေါ်အောင်ဆန်းစု ကြည်အနားတွင် ၀န်းရံစေချင် သည်ဟု အကြံပြုသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် လူတစ်ရာမှာ ၉၉ ယောက်က သူ့ကိုချစ်ပေမယ့် ကျန်တဲ့တစ်ယောက်ကို လျစ်လျူ ရှုလို့မဖြစ်ဘူး’’ဟု ၎င်းကလုံခြုံရေး ရှုထောင့်မှသုံးသပ်သည်။.

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ လက်ရှိအာဏာရ ပါတီ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်များအပါအ ၀င် ပြည်သူတစ်ရပ်လုံးအတွက် အရေးကြီးသဖြင့် သူ၏ လုံခြုံရေး ကို လုံးဝမပေါ့လျော့သင့်ကြောင်း  နိုင်ငံရေးဆောင်းပါးရှင် ဒေါက် တာရန်မျိုးသိမ်းက ပြောသည်။

‘‘ကမ္ဘာမှာရော မြန်မာမှာပါ သမိုင်းသင်ခန်းစာတွေကရှိခဲ့ပြီး ပြီ။ သူလို လူတစ်ယောက်ရဲ့လုံ ခြုံရေးက ရွေးကောက်ပွဲကာလမှာ သာမက ရွေးကောက်ပွဲလွန်ကာ လထိပါ အချိန်တိုင်းအတွက်အ ရေးကြီးပါတယ်’’ဟု ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ဖြင့် ပိတ်ပင်ထားသဖြင့် သူ့ကို သမ္မတအဖြစ် မတွေ့မြင်လိုသူတို့ရန်မှ လွတ် မြောက်ရန်ရှိသော်လည်း ဒီချုပ် တောင်ပြိုကမ်းပြိုနိုင်ပါက အခြေ အနေတစ်မျိုးပြောင်းလဲမည်ကိုစိုး ရိမ်မှုများလည်းရှိနေသည်။

ရွေးကောက်ပွဲမတိုင်မီကာ လ၊ မဲဆွယ်စည်းရုံးရေးကာလ၊ရွေး ကောက်ပွဲကာလနှင့်ရွေးကောက် ပွဲလွန်ကာလများအတွက် လုံခြုံ ရေးစီမံချက်များ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း ရဲမှူးကြီးမျိုး သန့်ကပြောသည်။

‘‘ကိုယ်စားလှယ်လောင်း တွေရဲ့ လုံခြုံရေးအတွက်လိုအပ် ချက်အလိုက် လုံခြုံရေးပေးဖို့ စီမံ ချက်တွေချမှတ်ထားပါတယ်’’ဟု ၎င်းကပြောသည်။

ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး သော ပြိုင်ပွဲများတွင်အနိုင်ရလို စိတ်ပြင်းထန်မှုကြောင့် ညစ်လုံး ကြီးကြပုံများကို ကမ္ဘာ့အားကစား လောကတွင် မမြင်ချင်မှအဆုံးပင် ဖြစ်သည်။ ရွေးကောက်ပွဲကဲ့သို့ အာဏာနှင့်ဆိုင်သော ကိစ္စမျိုးဆို လျှင်မူပြောဖွယ်ရာမရှိတော့ချေ။  ဘယ်နည်းပြမှ ကစားသမားများ ကို ညစ်ပတ်လိုက်ပါဟု မညွှန် ကြားသော်လည်း ပွဲကစားချိန်အ တွင်း ပြိုင်ဘက်ကစားသမား၏ ညစ်ပတ်မှုကြောင့် ကစားသမား ဘ၀အဆုံးသတ်သွားသည့် အား ကစားသမားကောင်းများဒုနှင့်ဒေး ပင်။ အသင်းလိုက်ကစားသည့် ပြိုင်ပွဲများတွင် ပြိုင်ဘက်အသင်း ၏ မရှိမဖြစ်ကစားသမားကို ကွင်း အတွင်းရှိမနေစေခြင်းဖြင့်အသင်း ကို အင်အားချည့်နဲ့စေကာအနိုင် ယူသည့်ဗျူဟာမျိုးသည်အလွန်ရိုး စင်းသော်လည်း ထိရောက်လှ သည်။ မိမိကစားသမားတစ်ဦးကို ကတ်ပြားတစ်ပြားအပြခံပြီး စ တေးလိုက်ရုံသာ။ သို့သော် ဒိုင်လူ ကြီးကို ပိုင်လျှင်ပွဲပြီးပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်သူ၏ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဦးဝင်းထိန်က ပြည်သူများအား သတင်းစကားပါးပါသည်။

‘‘ပြည်သူလူထုက ဒေါ် အောင်ဆန်းစုကြည်အပေါ်ထား တဲ့ မေတ္တာတရား ကြောင့်အခုအ ချိန်အထိ အခက်အခဲအမျိုးမျိုး ကြားက ဘေးမသီရန်မခရှိနေ တာပါ။ အဲဒီအတွက် ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်’’ဟူ၍ ။

7Day News Journal

No comments:

Post a Comment

My Blog List