Thursday, July 23, 2015

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချိန်အတွင်း တိုက်ပွဲများဖြစ်ပွားမှု နှစ်ဖက်လုံး တွင် တာဝန်ရှိဟု KNU ဒုဥက္ကဋ္ဌ ပြောကြား


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် သုံးနှစ်တာကာ လအတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းဆောင်ရွက်ရန် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတို့၏ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး NCA မူကြမ်း အပြီးသတ်ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခုအကြိမ် ဆွေးနွေးပွဲပြီးပါက တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အပြီးသတ်ရေးဆွဲနိုင်ဖို့ ရည်မှန်းတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးက အရေးကြီးတယ်” ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကိုယ်စားပြု အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) ၏ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“စက်တင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် ဒီကာလမှာ ခိုင်မာတဲ့ သဘောတူညီချက်ကို မရခဲ့ဘူးဆိုရင် အခုလို NCA သဘောတူညီချက်မျိုးကို အဖွဲ့စုံစုံညီညီနဲ့ ထပ်ဆွေးနွေးနိုင်ဖို့ဆိုတာ နောင်တက်လာမယ့် အစိုးရပေါ်မှာသာ မူတည်ပါလိမ့်မယ်”ဟု UPWC အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို SD အဖွဲ့မှ ကော်မတီဝင် ၁၄ ဦး၊ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ၆ ဦး၊ တပ်မ တော်မှ ဒုတိယဗိုလ်ချုပ်သုံးဦး အပါအဝင် တပ်မတော်အရာရှိကြီး ၄ ဦး၊ လွှတ်တော်ပိုင်းမှ ဦးသိန်းဇော် အပါအဝင် ၄ ဦး၊ ဒုတိယရှေ့နေချုပ် ၁ ဦး တက်ရောက်ခဲ့ပြီး ဖိတ်ကြားထားသော လက်နက်ကိုင်လေးဖွဲ့ အနက်မှ RCSS နှင့် နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တက်ရောက်ခဲ့သည်။

“ဝ” နှင့် မိုင်းလားအဖွဲ့များ တက်ရောက်ခဲ့ခြင်း မရှိပေ၊။

ယနေ့(ဇူလိုင် ၂၃)ဆွေးနွေးပွဲတွင် NCA အချောသတ်ဆွေးနွေးမည်ဖြစ်ပြီး လက်မှတ်ရေးထိုးရာတွင် နှစ်ဖက် ပါဝင်လက်မှတ်ရေးထိုးမည့်သူများ၊ ပါဝင်မည့် နိုင်ငံတကာ အသိသက်သေများနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အဆိုပြုထားသည့် အားလုံးပါဝင်လက်မှတ်ရေးထိုးရေး စသည့်အချက်များကို ဆွေးနွေးမည်ဖြစ် ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံမှ သိရှိရသည်။

ဆွေးနွေးပွဲကို ၂၂ ရက်မှ ၂၃ ရက် နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး မပြီးပြတ်ပါက ၂၄ ရက်နေ့ထိ ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List