Thursday, July 23, 2015

တရားရုံးက ပြစ်ဒဏ်ချခံရသည့် ဦးကိုကိုကြီးအတွက် အမည်မသိသူတစ်ဦး ငွေဒဏ်ဆောင်ပေး


ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ၅ ဦးကို တောင်ဥက္ကလာပ မြို့နယ်တရားရုံးက ငွေဒဏ်တစ်သောင်းစီ (သို့မဟုတ်)ထောင်ဒဏ် ၂၁ ရက်ချမှတ်ခဲ့ရာ အမည်မသိ ပြည်သူတစ်ဦးက ယင်းဒဏ်ငွေများကို ပေးဆောင် သွားကြောင်း အဆိုပါ မြို့နယ်တရားသူကြီး ဦးခင်မောင်ဆွေက ပြောကြားသည်။

ဦးကိုကိုကြီး အပါအဝင် ၅ ဦးကို တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ ပုဒ် ၁၉ ဖြင့် ထောင်ဒဏ် ၂၁ ရက် (သို့မဟုတ်) ငွေဒဏ်တစ်သောင်းစီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ အဆိုပါ အမည်မသိ ပြည်သူတစ်ဦးက ဒဏ်ငွေအားလုံး ပေးဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ စစ်တဲ့အခါမှာ ရဲမှူးက တင်ပြထားတာ မှန်ကန်ပါသလားလို့ မေးတဲ့အခါ မှန်ကန်တယ်လို့ ဝန်ခံရင် ပြစ်ဒဏ်ချမှတ်လို့ ရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်တဲ့အခါမှာ သတ်မှတ်တဲ့နေရာမှာ စုဝေးခွင့်ပြုရမည်လို့ ပါတာကို သူတို့ မလိုက်နာခဲ့ဘူးလေ။ အဲဒါကြောင့် ဒီအပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါ တယ်” ဟု ၎င်းက ပြောကြားသည်။

တောင်ဥက္ကလာပ အားကစားကွင်း ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုရာတွင် ဦးကိုကိုကြီးနှင့်အတူ ဒေါက် တာစောနိုင်၊ ဦးမျိုးခင် (ဦးမုန်းခက်)၊ ဦးနိုင်ကိုလင်းနှင့် ဦးစစ်မောင်တို့ကို ဇူလိုင်လ ၂၂ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ခြင်းကြောင့် သွားရောက်ခဲ့ရာ ရဲစခန်းမှ ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) နှင့် ဖွင့်၍ တောင်ဥက္ကလာပ တရားရုံး က ထောင်ဒဏ် ၂၁ ရက် (သို့) ငွေဒဏ်တစ်သောင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က နဂိုတည်းက ထောင်ကျခံမယ်လို့ ပြောခဲ့ပြီးသားပါ၊ ဒဏ်ငွေ လုံးဝမဆောင်ပါဘူးဆိုပြီး ပြန်ထွက်ခဲ့တာပါ၊ နောက်က ပြည်သူတစ်ဦးကနေပြီး ကျွန်တော်တို့ ငါးယောက်ကို ကြားကနေ ဝင်ရောက်ပြီး ဒဏ်ငွေကို ပေးဆောင်ခဲ့ပါတယ်၊ ကျွန်တော်ကတော့ နိုင်ငံရေး ရပ်တည်ချက်အရ ထောင်ဒဏ်ပဲ အကျခံ ချင်တာပါ၊ ဒါကို ကျေအေးပေးလိုက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ ဘာမှဆက်လုပ်စရာ မလိုတော့ပါဘူး” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။

ယင်းကဲ့သို့ အပြစ်ချမှတ်ခဲ့ခြင်းသည် ကြိုတင်စီစဉ်ထားသည့် သဘောနှင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကိုကိုကြီး အမှုကို လိုက်ပါဆောင်ရွက်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“တရားရုံးကိုရောက်တော့ ပထမ သတင်းပေးတိုင်ချက်အား ဖတ်ပြကာ အပြစ်ရှိကြောင်း မေးမြန်းခဲ့ခြင်း မရှိဘဲ သတ်မှတ်ထားသည့် နေရာတွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း မပြုခဲ့တာ ဟုတ်လားလို့ မေးပြီး အမိန့်ချတာ ပါ” ဟု ၎င်းက ဆိုသည်။

တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကွန်ဒိုအဖြစ် ဆောက်လုပ်နေခြင်းကြောင့် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူအချို့က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရန် ကျိုက်က္ကဆံကွင်းတွင် နေရာသတ်မှတ်ပေးခဲ့သော်လည်း ပန်းခြံရှေ့တွင် ဆန္ဒ ထုတ်ဖော်ခဲ့သောကြောင့် တောင်ဥက္ကလာပ ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က တရားလိုပြုလုပ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List