Tuesday, July 21, 2015

တရားနည်းလမ်းကျသော ရွေးကောက်ပွဲရလဒ် မှန်သမျှ တပ်မတော် လက်ခံမည်ဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား


ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေး ကောက်ပွဲတွင် တရားနည်းလမ်း တကျ ရရှိလာသော ရလဒ်မှန်သမျှကို တပ်မတော်က လက်ခံမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် BBC သတင်းဌာနတွင် ဖော်ပြထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာဗျူးတွင် အထွေထွေရွေးကောက်ပွဲတွင် NLDပါတီ အနိုင်ရရှိသောရလဒ်ထွက်လာပါက တပ်မတော် က လက်ခံနိုင် ခြင်း ရှိမရှိနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲရလဒ်ကတော့ ရွေးကောက်ပွဲကော်မရှင်က နေပြီးတော့ ဒီရလဒ်ကို ကြေညာလိုက်ပြီဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ လက်ခံရမှာပေါ့။ ဒါဟာ ဒီမိုကရေစီနည်းလမ်းကျကျ လုပ်တဲ့ဟာ။ ကျွန်တော်တို့ ကိုယ်တိုင် လည်း မဲပေးမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီရလဒ်အပေါ်မှာ တရားနည်းလမ်းကျစွာနဲ့ ထုတ်ပြန်ထားတဲ့ အဖြေပေါ်လည်း လက်ခံရမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အထွေထွေရွေးကောက်ပွဲ ကာလတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဒေသများတွင် ရွေးကောက်ပွဲကျင်းပရေးအတွက် အနည်းငယ် ဂရုစိုက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနှင့် ၂၀၁၆ ခုနှစ် အသက် ၆၀ ပြည့်မည် ဖြစ်ပြီး နိုင်ငံ တော်သမ္မတ အဖြစ် ဝင်ရောက်အရွေးချယ်ခံရန် ရှိမရှိသည် ပြည်သူလူထု၏ တောင်းဆိုမှု အပေါ်တွင် မူတည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ပြည်ထောင်စုလွှတ်တော်ကနေ ပြီးတော့ ဆန္ဒပြုပေးမယ် မပေးဘူး ဆိုတာတော့ အဲဒီအချိန်ကျမှပဲ သိနိုင် မယ်။ အဲဒီကျမှ ကျွန်တော်ပြောလို့ ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ်ပြီးတော့ လျှောက်ပြောလို့ လည်း မဖြစ်ဘူး” ဟု ၎င်းကဆိုသည်။

အလားတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် နိုင်ငံရေး အင်အားစု အားလုံး သဘောတူညီနိုင်သော ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို သွားရောက်ရမည်ဖြစ်ပြီး ယင်းနောက် တိုင်းပြည်နှင့် ပြည်သူ လူထုအတွက် အာမခံချက် ရှိလာပါက တပ်မတော်အနေနှင့် ရှိသင့်ရှိထိုက် သော နေရာသို့ ပြန်သွားမည်ဟု အာမခံ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“အခြေအနေတွေ ဘယ်လောက်ထိ တိုးတက်မှုရှိပြီ ဆိုတာပေါ် မူတည်လိမ့် မယ်။ ၅ နှစ်လည်း ဖြစ်ရင်ဖြစ် မယ်၊ ၁၀ နှစ်လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပြော လို့တော့ မရဘူး။ ဒါပေမဲ့ သေချာတာကတော့ ခုနကပြောတဲ့ အခြေအနေ ရောက်သွားပြီဆိုလို့ ရှိရင်တော့ တပ်မတော်က သူရှိသင့်ရှိထိုက်တဲ့ နေရာ မှာပဲ ရှိမယ်ဆိုတာ ကျွန်တော်ပြောလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်အနေနဲ့ ဒီလိုမျိုးပြောတာ ဆိုတော့ ကြိုဆိုရမှာပဲလေ။ ဒါပေမဲ့ ၁၉၉၀ တုန်းကလည်း ဗိုလ်ချုပ်ကြီး စောမောင်က ဘာရလဒ်ပဲဖြစ်ဖြစ် လက်ခံမယ် ပြောတာပဲလေ။ ဒါပေမဲ့ ကတိမတည်ခဲ့ဘူး။ အခုတစ်ခါတော့ ကတိတည်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံ ရေးပါတီပေါင်း ၉၀ ကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly


No comments:

Post a Comment

My Blog List