Tuesday, July 21, 2015

တိုင်းပြည်တကယ်ပြောင်းလဲချင်ရင် အန်အယ်လ်ဒီကို မဲပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား





မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး အမှန်တကယ် လုပ်လိုလျှင် ပြည်သူများ အနေဖြင့် နိုဝင်ဘာလ ၈ ရက် မှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD ) ကို မဲပေးကြပါလို့ NLD အကြီးပိုင်း ခေါင်းဆောင်များက ပြည်သူလူထုကို အာဇာနည်နေ့မှာ ပြောဆိုလိုက်ပါ တယ်။

NLD ရဲ့နာယက ဦးတင်ဦးက “အခုက ပြောင်းလဲချိန်တန်ပါပြီ ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေး ကြစို့” လို့ ပြည်သူများကို ပြောဆိုလိုက်တာပါ။

NLD အကြီးပိုင်းခေါင်းဆောင်များဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် နာယကဦးတင်ဦးတို့က အာဇာနည်နေ့မိန့်ခွန်းကို ရွှေဂုံတိုင်လမ်းမကြီးပေါ် ရှိ  NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ပြည်သူ လူထု ၂၀၀၀ ကျော် လာရောက် နားထောင်တာကို တွေ့ရပါတယ်။

ဦးတင်ဦးက ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်သည် စစ်တပ်ကို လွှမ်းမိုးရမည် ၊ စစ်တပ်သည် လွှတ်တော် ကိုမလွှမ်းမိုးရ ၊ စစ်သားသည် ပြည်သူ၏အခြေခံဖြစ်ရမည် ၊ ပြည်သူလူထုသည် စစ်တပ်၏ အခြေခံ မဖြစ် ရဟု ပြောဆိုထားခဲ့သဖြင့် ထိုအချက်များကို NLD က ဆုပ်ကိုင်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်လာအတိုင်း ရာနှုန်းပြည့်အောင်ရ မည် ဖြစ်ပြီးလွှတ်တော်အဖွဲ့ အောင်နိုင်ရေးဟာ ဒီမိုကရေစီအောင်နိုင်ရေး ၊ တို်င်းရင်းသား ပြည်သူတရပ် လုံးရဲ့ အောင်နိုင်ရေး ဖြစ်ရမည်လို့ သံဓိဌာန်ချမှတ်ထားတယ်လို့လည်း ဦးတင်ဦးက ဆက်ပြောပါတယ်။

အာဇာနည်နေ့နဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျဆုံးသွားတဲ့ အာဇာနည်များမှာ လူမျိုး ၊ ဘာသာမတူကြသော်လည်း တိုင်းပြည်ကို လွတ်လပ်၍ ဒီမိုကရေစီရလိုတဲ့စိတ်ရှိကြသူများ ဖြစ်ပြီး တိုင်းပြည် အတွက် လုပ်ငန်းများ မပြီးဆုံးမီ ကျဆုံးသွားခြင်းကြောင့် NLD အနေဲ့ အဲ့ဒီလုပ်ငန်း တာဝန်တွေကို ကျေပွန် အောင် ဆောင်ရွက်ရန် တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ၊ တာဝန်များကို အပြီးသတ် ဆောင်ရွက်နိုင် ရန် ပါတီကို ထူထောင်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ကို ပြည်သူကနေ တောင်းဆိုလို့ ပြည်သူဆန္ဒရှိလို့ဆိုပြီး အဲ့လို အကြောင်းတွေ ကျမတို့မပြပါဘူး ။ ကျမတို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်လို့ ကျမတို့ကလုပ်မှာဖြစ်တယ် ။ ပြည်သူကို ပုံချတဲ့ အလုပ်မျိုး ကျမတို့က ဘယ်တော့မှမလုပ်ပါဘူး”ဟူ၍လည်း ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ် ထားခြင်းနှင့် ပတ်သတ်ပြီး ပြောပါတယ်။

ဒါ့အပြင် အာဇာနည် ခေါင်းဆောင်ကြီးများအနေနဲ့ သူတို့ လုပ်ဆောင်ခဲ့တဲ့ အရာ အားလုံးဟာ နေရာ၊ ရာထူး  ၊ ဥစ္စာ ရလိုမှုများမပါပဲ ပြည်သူများ ဘ၀ တိုးတက်ရေးကိုသာ ဦးတည် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် NLD ကလည် ၎င်းတို့ရဲ့ အရည်အချင်းများအားလုံးကို အာဇာနည်ခေါင်းဆောင်များ ကျင့်သုံးခဲ့တဲ့ လမ်းစဉ် အတိုင်း ပြည်သူအတွက် အသုံးချသွားမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုသွားပါ တယ်။

ဒါ့ထက် တိုင်းရင်းသားအင်အားစုများတောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင် စု ရရှိရေးကိုလည်း NLD က လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါ တယ်။

NLD အင်အားရှိမှသာ နိုင်ငံအင်အား (တိုင်းပြည်နှင့်ပြည်သူများ အင်အား) ရှိမည် ဖြစ်သဖြင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူများရဲ့ ထောက်ခံချက် ရာခိုင်နှုန်း ၁၀၀ လုံးလုံး NLD မှ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြည်သူများကိုပြောကြားသွားပါတယ်။

ဧရာဝတီblog


No comments:

Post a Comment

My Blog List