Saturday, July 25, 2015

တရားရုံးတွင် အခြေအနေပိုကောင်းလာသော မြန်မာလုပ်သားနှစ်ဦး


လိပ်ကျွန်းလူသတ်မှုတွင် ထိုင်းရဲတပ်ဖွဲ့က တင်သွင်းခဲ့သည့်  တရားလိုပြ သက်သေ ၁၁ ဦးကို  စစ်ဆေးပြီး ချိန်၌ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အမှုကျူးလွန် ကြောင်း သက်သေမပြနိုင်ဘဲ မှုခင်းအချက်များနှင့် ကွဲလွဲသည့် အချက် ၁၀ ချက် ပေါ်ထွက်လာ သည်။

 ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်ကြောင်း မျက်မြင်သက်သေ အပါအ၀င် အထောက်အထား တိတိကျ ကျမရှိဘဲ မြန်မာ လုပ်သားနှစ်ဦးကို တရားခံဟု စွပ်စွဲပြီး ဖမ်းဆီးစဉ်ကတည်းက ဝေဖန်ခံနေရသည့် ထိုင်းရဲ တပ်ဖွဲ့ သည် ၎င်းတို့စိတ်ကြိုက်တင်သွင်း ထားသည့် တရားလိုပြသက်သေ ၁၁ ဦးကို ဇူလိုင် ၈ ရက်မှ ၂၃ရက်အတွင်း ရုံးချိန်းငါးကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်များသည် ထိုင်းရဲတပ်ဖွဲ့က တင်သွင်းထားသော မှုခင်းအချက်များနှင့် ကွဲလွဲနေ သည်ကို ထိုင်းအခြေစိုက် မီဒီယာအချို့ အပါအ၀င် နိုင်ငံတကာ သတင်းဌာနများကပါ ထောက်ပြလာပြီ ဖြစ်သည်။

အလောင်းများကို ပထမဆုံးတွေ့ရှိသော အင်းဒတ်ခ်ျဘားပိုင်ရှင် ဖီမွန်က သေဆုံးသူဒေးဗစ်ကို မှောက်ခုံ အနေအထားဖြင့် တွေ့ရှိခဲ့ဟု ထွက်ဆိုရာ ရဲတပ်ဖွဲ့စစ်ဆေးတင်ပြသည့် မှုခင်းမှတ်တမ်း၌ ပက်လက်အနေ အထား ရှိနေခြင်း၊ သေဆုံးသူဟန်နာ၏ ကိုယ်ပေါ် တွင် ပ၀ါအစိမ်းရောင်ရှိနေသည် ဟု မှုခင်းဓာတ်ပုံများက ပြသထား သော်လည်း ဖီမွန်က အဆိုပါ ပ၀ါရှိမနေဟု ထွက်ဆိုထားခြင်း၊ DNAစစ်ဆေးသည့် မှုခင်းဆရာဝန် ရဲမှူးကြီး ထွက်ဆိုသော ဟန်နာ၏ မိန်းမအင်္ဂါပေါ်တွင် DNA နှစ်ခုနှင့် စအိုတွင် DNA တစ်ခု စုစုပေါင်း DNA သုံးခု တွေ့ရှိခြင်းကြောင့် လူသတ်မှုတွင် ပါဝင်သူများမှာ လူသုံးဦးဖြစ်နေခြင်း၊ သေဆုံးသူ ဟန်နာ၏ ညာဘက်လက်ကြားတွင် အနီရောင်ပျော့ပျော့ ဆံပင်ကို ဆုပ်ကိုင်ထားပြီး အဆိုပါ ဆံပင် အနီရောင်ကို စစ်ဆေးထားမှု မရှိခြင်းနှင့် မြန်မာလုပ်သားနှစ်ဦး၏ ဆံပင်မှာ အနက်ရောင်ဖြစ်ပြီး မာနေခြင်း၊ လက်ရှိအချိန် တွင် အဆိုပါဆံပင်မှာ ပျောက်ဆုံးနေခြင်း စသည့် အမှုကွဲလွဲချက်များက မြန်မာနှစ်ဦးအတွက် အသက်ရှူ ချောင်စေခဲ့သည်။

ထိုင်းရဲမှူးကြီးကိုယ်တိုင်က မြန်မာလုပ်သားနှစ်ဦးအား အမှုနှင့်နီးစပ်မှုရှိသောကြောင့် ဖမ်းဆီးထားသည်ဟု ၀န်ခံထားခြင်း၊ အခင်းဖြစ်ပွားချိန် နံနက်  ၂ နာရီခွဲမှ ၅နာရီကြား အခင်းဖြစ်ပွားသည်ဟု ထွက်ဆိုရာ CCTV တွင် ဖော်ပြထားသည့် မြန်မာလုပ်သားနှစ် ဦး ယင်းနေရာကို ဖြတ်သန်းသွားချိန်သည် ၁ နာရီ ၉ မိနစ်အချိန် ဟု ပြသထားခြင်း၊ လူသတ်မှုကျူးလွန်သူသည် ဘောင်းဘီတိုဝတ်ထားသူ ဖြစ်သည်ဟု ရဲမှူးက ပြောကြားရာ CCTV  က ရိုက်ကူးထားသော ပုံရိပ်တွင် မြန်မာနှစ်ဦးမှာ ဘောင်းဘီအရှည်များ ဖြစ်နေခြင်း၊ သေဆုံးသူ ဗြိတိန်စုံ တွဲသည် ယင်းညက ဘားဆိုင်သို့ ၀င်ရောက်သွားသည့် CCTV မှတ်တမ်းများသာရှိနေပြီး အဆိုပါ ဘားဆိုင်မှ ပြန်ထွက်လာသည့် CCTV မှတ်တမ်းများ ရှိမနေခြင်းနှင့် ဗြိတိန်စုံတွဲကို သတ်ဖြတ်ရာ တွင် လူသတ်လက်နက်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားသော ပေါက်တူး၌ သေဆုံးသူနှစ်ဦး၏ DNA သာ စစ် ဆေးတွေ့ရှိထားပြီး လူသတ်သူများ၏ DNA စစ်ဆေးမတွေ့ရှိခြင်း စသည့် အချက် ၁၀ ချက် ကွဲလွဲမှုက လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦး ပါဝင်သည်ဆိုသော သံသယများကို ပိုမိုလျော့နည်းလာစေ ခဲ့သည်။

ထို့အပြင် သက်သေအဖြစ် တင်သွင်းရမည့် အချက်အလက် နှင့် သက်သေခံပစ္စည်းအချို့ ပျောက်ဆုံးနေ ခြင်းက အမှုကို တရားစွဲတင်သည့် ထိုင်းရဲတပ်ဖွဲ့၏ လုပ်ရပ်မှာ သံသယရှိဖွယ်ဖြစ်လာသည်။

လိပ်ကျွန်းလူသတ်မှု တရား လိုပြ သက်သေ ၁၁ ဦး စစ်ဆေးပြီးချိန်တွင် မြန်မာလုပ်သားနှစ်ဦးသည် အမှုနှင့် မည်သို့မျှငြိစွန်းနေခြင်းမရှိသေးကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့စိတ် ကြိုက်တင်သွင်းထားသော မှုခင်း ဆရာဝန်ရဲမှူးကြီးကို စစ်ဆေးရာတွင် ကွဲလွဲ မှုများက ထပ်မံပေါ် ပေါက်ခဲ့သည်။ အဆိုပါဆရာဝန် ရဲမှူးကြီးသည်သေဆုံးသူဟန်နာကို DNAစစ်ဆေးခဲ့ သူဖြစ်သည်။

ရဲမှူးကြီးက ဟန်နာ၏ မိန်းမအင်္ဂါပေါ်တွင် DNA နှစ်ခုနှင့် စအိုတွင် DNAတစ်ခု စုစုပေါင်း DNAသုံးခုတွေ့ ရှိသည်ဟု ထွက်ဆိုသွားသည်။ ယင်းထွက်ဆိုချက်အရ ဟန်နာအားမုဒိမ်း ကျင့်သတ်ဖြတ်ရာတွင် အနည်းဆုံး လူသုံးဦးပါဝင်နေမည်ဟု မြန်မာရှေ့နေများကထောက်ပြခဲ့သည်။ ရဲမှူးကြီးကဟန်နာ၏ ညာဘက်လက်ကြား တွင် အနီရောင်ပျော့ပျော့ဆံပင်တွေ့ရှိခဲ့သည်ဟု ထပ်မံထွက်ဆိုခဲ့သည်။

မြန်မာရှေ့နေများက အဆို ပါဆံပင်အနီရောင်ကို DNAစစ် ဆေးခဲ့ပါသလားဟုမေးမြန်းရာ ရဲ မှူးကြီးက DNAစစ်ဆေးခြင်းမပြု လုပ်ခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ရှေ့နေဦးအောင်မျိုး သန့်ကပြော သည်။

‘‘ကျွန်တော်ကိုင်ကြည့်တော့ ကလေးနှစ်ယောက်ရဲ့ ဆံပင်တွေ က အမာတွေပါ။ အနက်ရောင်ပါ။ အဲဒီဆံပင် အနီရောင်ကလည်း အ ခုပျောက်နေတယ်’’ဟု ရှေ့နေဦး အောင်မျိုးသန့်ကပြောသည်။

‘‘သေတဲ့သူတွေအသတ်ခံရ တဲ့အချိန်က မနက် ၂ နာရီခွဲကနေ မနက် ၅ နာရီအတွင်းမှာ အသတ် ခံရ တယ်လို့ ရဲမှူးကြီးက သတ် မှတ်ထားတယ်လို့ ပြောတယ်။ က လေးတွေက အဲဒီကျွန်းပေါ်မှာ ၁ နာရီ ၉ မိနစ်အချိန်မှာ ဖြတ်သန်း သွားတယ်။ ဘီယာဝယ်ကြတယ် လို့ CCTV မှတ်တမ်းမှာပေါ်တယ်။ အဲဒီပုံတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီး တာလို့ပြောတယ်။ ဒီကလေးတွေ က ပြစ်မှုကျူးလွန်တဲ့နေရာမှာ ပါ ၀င်ပတ်သက်မယ် လို့ ထင်ရလို့ဆို ပြီး ဖမ်းဆီးတာလို့ပြောတယ်။ ဒါ ပေမဲ့ သူတို့စွပ်စွဲချက်က မခိုင်မာဘူး။ ထင်ကြေးနဲ့စွဲထား သလိုဖြစ် နေတယ်’’ဟု ရှေ့နေဦးအောင်မျိုး သန့်ကပြောသည်။

‘‘ပေါက်တူးမှာ သေတဲ့သူ နှစ်ယောက်ရဲ့ DNA သာ တွေ့ တယ်ဆိုရင် အဲဒီသေတဲ့သူနှစ် ယောက်က သူတို့အချင်းချင်း သတ်သလိုဖြစ်နေတယ်’’ဟု ရှေ့ နေဦးအောင်မျိုးသန့်ကထောက်ပြ ပြောဆိုသည်။

ယင်းနေ့ရုံးချိန်းတွင် သိသာ ထင်ရှားစွာတွေ့ရှိခဲ့သောအချက် သည် သေဆုံးသူဗြိတိန်စုံတွဲနှင့်အ ဖွဲ့ AC ဘားဆိုင်အတွင်းသို့ဝင် ရောက်ရာတွင် မှတ်တမ်းယူထား သည့် ဓာတ်ပုံများကိုသာ ပြသခဲ့ ပြီး ပြန်ထွက်လာသည့် CCTV မှတ်တမ်းများ ရယူထားခြင်းမရှိဟု ထွက်ဆိုသွားသည်။

‘‘အခုအတိုင်းသာဆို ဒီလူ သတ်မှုမှာ မြန်မာကလေးနှစ် ယောက်က ဘယ်လိုမှမပါဝင် တာ သေချာနေပြီ။ အမှုရုံးချိန်း တွေမပြီးသေးခင်မှာပဲ တရားသေ လွှတ်ပေးရတော့မယ်’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံတွင် အရှိန်အ၀ါ ကြီးမားသည့် ရှေ့နေများကောင်စီ မှ ရှေ့နေ ၁၇ ဦးသည် မြန်မာလုပ် သားနှစ်ဦး ဘက်မှ ရှေ့နေအဖြစ် လိုက်လံဆောင်ရွက်ပေးသည်။

ဇူလိုင် ၂၂ရက်တွင် လိပ် ကျွန်းလူသတ်မှုတရားလိုပြသက် သေများကို လေးကြိမ်မြောက်စစ် ဆေးရာ လိပ်ကျွန်းလူသတ်မှုကို ကိုင်တွယ်သော ထိုင်းနိုင်ငံအမှတ် (၈) ရဲတပ်ဖွဲ့ တပ်ရင်းမှူးရဲမှူးကြီး ကို စစ်ဆေးခဲ့ သည်။

ရဲမှူးကြီးက မြန်မာလုပ်သား နှစ်ဦးကို သက်သေအထောက်အ ထားများအတိအကျဖြင့်ဖမ်းဆီး ထားခြင်း မဟုတ်ဘဲ အမှုနှင့်နီးစပ်မှုရှိခြင်းကြောင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ထွက်ဆိုသွားသည်။

ဇူလိုင် ၂၃ ရက်တွင် လိပ် ကျွန်းလူသတ်မှုတရားလိုပြသက် သေများအဖြစ် ထိုင်းရဲတပ်ဖွဲ့မှူး ကြီးတစ်ဦးနှင့် မှုခင်းရဲဆရာဝန်မ ကြီးတစ်ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သက်သေထွက်ဆိုပေးရန် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက်သေ ၆၅ ဦး တင်သွင်းထားပြီး မြန်မာသံရုံးအထူးအဖွဲ့က သက်သေ ၃၁ ဦးတင်သွင်းထား သည်။ 

လိပ်ကျွန်းလူသတ်မှုကို ဇူလိုင်နှင့်သြဂုတ်တို့တွင် ခြောက်ကြိမ်စီစုစု ပေါင်း (၁၂)ကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။ အဆိုပါရုံးချိန်းများ၌ တရားလိုပြသက်သေများကိုသာ စစ်ဆေးမည်ဖြစ်သည်။ မြန်မာဘက်က တင်သွင်းထားသည့် တရားခံပြသက်သေများကို စက်တင်ဘာ ၁ ရက်မှစတင်၍ နှစ်ရက်ဆက်တိုက် စစ် ဆေးမည်ဖြစ်ပြီး စက်တင်ဘာ၂၂ မှ၂၅ရက် အထိ ဆက်လက်စစ်ဆေးမည်ဖြစ်ရာ စုစုပေါင်းခြောက်ကြိမ်ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။

7Day News Journal


No comments:

Post a Comment

My Blog List